Hyundai Motor ပဲ့ကိုင် ချုံအီစန် ကားခေတ်သစ်ကို မောင်းနှင်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် Hyundai Motor Group ၏ အကြီးအကဲအဖြစ် Chung Euisun က စတင်တာဝန်ထမ်းဆောင်ခဲ့သည်။
သူသည် Hyundai Motor Group ၏ တတိယမြောက်မျိုးဆက်ခေါင်းဆောင် ဖြစ်သည်။
ပိုဝေးဝေးအထိ ခရီးပေါက်သည့် အပြောင်းအလဲကို သိုသိုသိပ်သိပ်ဖြင့် ညင်ညင်သာသာ ကိုင်တွယ်ပြီး လုပ်ဆောင်သည်။ လုပ်ငန်းလည်ပတ်ပုံကို ခေတ်နှင့်အညီ ခေတ်မီအောင် လုပ်ဆောင်သည်။ လျှပ်စစ်မော်တော်ယာဉ်များနှင့် ဟိုက်ဒြိုဂျင်လောင်စာသုံး မော်တော်ယာဉ်များဆီသို့ အဓိကအပြောင်းအလဲအတွက် ပြင်ဆင်သည်။ သူက မြို့တွင်း လေကြောင်းသွားလာရေးလုပ်ငန်းတစ်ခုကိုလည်း စတင်ခဲ့သည်။ အမေရိကန်မှ လူသိများသည့် ရိုဘော့ကုမ္ပဏီတစ်ခုကိုလည်း ဝယ်ယူခဲ့သည်။ Hyundai သည် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းမျှသာ မဟုတ်ဘဲ ရွေ့လျားသွားလာနိုင်မှုကိစ္စအတွက် ဖြေရှင်းရန် နည်းလမ်းများပေးသူ ဖြစ်သည်ဟု သူက ဆိုသည်။
ယခုအခါ အသက် ၅၂ နှစ်ရှိသူ Chung က ဖခင် ချုံမွန်ကူ Chung Mong-koo ၏ အရိုက်အရာကို ဆက်ခံခဲ့သည်။ Chung Mong-koo သည် ယခုအခါ Hyundai Motor Group ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဖြစ်ပါသည်။
Hyundai Motor Group လုပ်ငန်းစုကြီးတွင် ကားထုတ်လုပ်သည့်လုပ်ငန်း Kia ၊ မော်တော်ယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်သည့် Hyundai Mobis ၊ ထောက်ပံ့ပို့ဆောင်ရေး လော့ဂျစ္စတစ်ကုမ္ပဏီ Hyundai Glovis အစရှိသည့် လုပ်ငန်းများ စုစည်းထားသည်။ စတီးထုတ်လုပ်ရေး၊ စစ်ဘက်ကာကွယ်ရေး စက်ပစ္စည်းများ ထုတ်လုပ်ရေး၊ ငွေကြေးလုပ်ငန်း အစရှိသည်တို့လည်း ပါဝင်သည်။
Ioniq 6 ဆီဒင်သည် Hyundai ၏ လျှပ်စစ်ကားဆီသို့ အကူးအပြောင်းတွင် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။
Hyundai Motor နှင့် Kia နှစ်ခုပေါင်းအနေဖြင့် ကမ္ဘာ့ပဉ္စမအကြီးဆုံး မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းအဖြစ် ရပ်တည်လျက်ရှိသည်။
Hyundai ၏ ပထမမျိုးဆက် အကြီးအကဲမှာ Chung Ju-yung ဖြစ်ပြီး ၎င်း၏ သားဖြစ်သူ Chung Mong-koo သည် ဒုတိယမျိုးဆက် အကြီးအကဲ ဖြစ်သည်။ Chung Mong-koo ၏ သားဖြစ်သူ Chung Euisun သည် တတိယမျိုးဆက်အကြီးအကဲ ဖြစ်သည်။
Chung Ju-yung သည် တောင်ကိုရီးယား၏ အကျော်ဒေယျ လုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။ ၁၉၆၇ တွင် မော်တော်ယာဉ် ထုတ်လုပ်ရေး စတင်ခဲ့သည်။ ၁၉၇၂ တွင် သင်္ဘောအသစ်များ တည်ဆောက်သည့် Hyundai Heavy Industries ကို ထူထောင်ခဲ့သည်။
ယခုအခါ အသက် ၈၄ နှစ်ရှိပြီဖြစ်သော Chung Mong-koo လက်ထက်တွင် အရည်အသွေး မြင့်မားရေးဆီသို့ အသွင်ကူးပြောင်းခဲ့သည်။ Hyundai ၏ ကားများ အရည်အသွေး နိမ့်ကျသဖြင့် လှောင်ပြောင်စရာ ဖြစ်နေခဲ့ရာမှ တန်းမြင့် စည်းစိမ်ကား brand ဖြစ်သည့် Genesis ကို ထုတ်လုပ်ခဲ့ရာ အထူးတလည် အောင်မြင်သွားခဲ့သည်။
သို့သော် Chung Mong-koo သည် အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံကြောင့် အလွဲသုံးစားလုပ်မှုနှင့် ယုံကြည်မှုကို ဖောက်ဖျက်မှုအတွက် ပြစ်ဒဏ်ချမှတ်ခံရသည်။ နောက်ဆုံး၌ သမ္မတက သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။
Chung Euisun သည် အကြီးအကဲ ပုံစံအသစ်ဖြစ်သည်။ အင်္ဂလိပ်စာ ကျွမ်းကျင်သည်။ University of San Francisco မှ MBA ရရှိထားသည်။
Chung Euisun သည် Hyundai ၏ ပဲ့ကိုင်အဖြစ်သို့ မရောက်ခင် Hyundai ၏ ကားထုတ်လုပ်ရေး လုပ်ငန်းခွဲ Kia ကို ပဲ့ကိုင်ခဲ့သည်။ သူ့လက်ထက်တွင် ဂျာမနီမှ Audi နှင့် Volkswagen တို့အတွက် ကားကိုယ်ထည် ဒီဇိုင်းထုတ်သူာ Peter Schreyer ကို ခေါ်ယူခန့်ထားပြီး Kia ကို ဒီဇိုင်း ထုတ်ခိုင်းသည်။ Peter Schreyer က ကျားနှုတ်သီးကို အခြေခံပြီး ရှေ့လေဆန်ကာ မျက်နှာပေါက်ကို ဒီဇိုင်း ထုတ်ပေးခဲ့သည်။ ဆွဲဆောင်မှု ရှိသော မျက်နှာပေါက်ဖြင့် ကိုယ်ထည်ဒီဇိုင်းများ ထုတ်ပေးခဲ့ရာ K5 ဆီဒင်မော်ဒယ်ကို လူကြိုက်များခဲ့သည်။
ယခုအခါ Chung Euisun ၏ ဦးဆောင်မှုဖြင့် Hyundai သည် အီးဗီမော်ဒယ်များ၊ ဟိုက်ဒြိုဂျင် မော်ဒယ်များ စတင်ထုတ်လုပ်ခဲ့သည်။ Ioniq 5 သည် SUV မော်ဒယ်၏ ဒီဇိုင်းနှင့် စွမ်းဆောင်ရည်အတွက် ကမ္ဘာတစ်ဝှမ်းတွင် ရေပန်းစားလာခဲ့သည်။ စီးရေ ၁၄၅,၀၀၀ ဝန်းကျင် ရောင်းချခဲ့သည်။ နောက်ထပ် မော်ဒယ် Ioniq 6 ဆီဒင်သည်လည်း ရောင်းအား အခြေအနေ ကောင်းသည်။
အထူးသဖြင့် Hyundai သည် အမေရိကန် အီးဗီဈေးကွက်တွင် အောင်မြင်မှု ရရှိခဲ့သည်။ ၂၀၂၂ ပထမ ၉ လတာတွင် စီးရေ ၂၂,၄၁၈ ရောင်းချနိုင်ခဲ့သည်။ အထူးသဖြင့် Ioniq 5 အဝယ်လိုက်သည်။
Hyundai တွင် ပြဿနာများလည်း ရှိနေသည်။ အရည်အသွေး စီမံထိန်းချုပ်မှု အပေါ် မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်မှာ Sonata, Tucson, Santa Fe မော်ဒယ်များတွင် ဓာတ်ဆီအင်ဂျင် ချို့ယွင်းချက် ရှိနေသဖြင့် စီးရေ ၂.၄ သန်းကို ပြန်ခေါ်ယူခဲ့ရသည်။ Kia Souls မော်ဒယ်လည်း ပါဝင်သည်။ ထို့အတွက် ကုမ္ပဏီက ဘတ်ဂျက် ဝမ် ၁.၄ ထရီလီယံ ( ကန်ဒေါ်လာ ၁.၁ ဘီလီယံ) သုံးစွဲခဲ့ရသည်။
အင်ဂျင်ပြဿနာကို ထုတ်ဖော်ပြောကြားပြီး သတိပေးခဲ့သူ Hyundai မန်နေဂျာဟောင်း Kim Gwang-ho ကို အမေရိကန်မှ National Highway Traffic Safety Administration က ဆုငွေ ကန်ဒေါ်လာ ၂၄ သန်း ချီးမြှင့်ခဲ့သည်ကို Myanmar Automobile Guide တွင် ဖော်ပြခဲ့ပါသည်။
Hyundai သည် ဟိုက်ဒရိုဂျင် လောင်စာဆဲလ်နည်းပညာ သုံးစွဲသော Tucson နှင့် Nexo မော်ဒယ်များကိုလည်း ထုတ်လုပ်သည်။
တောင်ကိုရီးယား သမ္မတ Yoon Suk-yeol အစိုးရသည် Hyundai ၏ ဟိုက်ဒရိုဂျင် ကားများကို ထောက်ခံအားပေးလျက်ရှိသည်။ ဟိုက်ဒရိုဂျင် ဖြည့်သွင်းရုံများ ထားရှိပေးသည်။ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကုန်ကျစရိတ်များအတွက် အခွန်လျှော့ချပေးသည်။
Hyundai ၏ Genesis သည် ဝင်ငွေနှင့် အမြတ်အစွန်း ကောင်းသည်။ အမေရိကန်ဈေးကွက်တွင် ရောင်းဈေး $39,150 မှ $88,400 အထိ အစားစား ရှိသည်။ ရောင်းအားတက်နေသည်။
Hyundai သည် ၂၀၂၂ တွင် ရောင်းချ စီးရေအရ ကမ္ဘာ့တတိယအကြီးဆုံး ကားထုတ်လုပ်သူ နေရာသို့ ရောက်ရှိလာခဲ့ပါသည်။
Source nikkei asia
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U