အင်ဂျင်မှ အမှား သတိပေး ခရာမှုတ်သူ ဆုကြေး အမေရိကန်ဒေါ်လာ ၂၄ သန်း ရရှိ


အမေရိကန် မော်တော်ယာဉ် ဘေးကင်းလုဲခြုံရေး ကြီးကြပ်ရေးက ယခင် Hyundai ဝန်ထမ်းဟောင်း တစ်ဦးကို ကားတွင် ဘေးဖြစ်စေနိုင်သည့်အချက်ကို ထောက်ပြသတိပေးခဲ့သည့်အတွက် ဆုကြေး အမေရိကန်ဒေါ်လာ ၂၄ သန်း ချီးမြှင့်ကြောင်း ကြေညာသည်။ 

ယခုလို သတိပေး ခရာမှုတ်သူကို ဆုချီးမြှင့်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။

Hyundai Motor မှ အင်ဂျင်နီယာဟောင်း ကင်ဂွမ်ဟို ရရှိသည့်ဆုကြေးသည် မော်တော်ယာဉ်ကဏ္ဍအတွက် သတိပေးခရာမှုတ်သူကို ချီးမြှင့်သည့် ဆုကြေး အများဆုံးအဖြစ် စံချိန်တင်သည်။


အမေရိကန်မှ မော်တော်ယာဉ်ဆိုင်ရာ ကြပ်မတ်ရေး အဖွဲ့အစည်း တစ်ခုဖြစ်သော  National Highway Traffic Safety Administration (NHTSA) နှင့် US Department of Transportation တို့၏ အစီအစဉ်ဖြင့် ဆုကြေးချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။

ပြဌာန်းထားသော ဥပဒေအရ ခွင့်ပြုထားသော အများဆုံး ရာခိုင်နှုန်းကို ပေးအပ်ခြင်းဖြစ်ကြောင်း NHTSA မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၁၅ ခုနှစ်တွင် အမေရိကန် ကွန်ဂရက်မှ အတည်ပြု ပေးခဲ့သော  US Motor Vehicle Safety Whistleblower Act အရ ဆုကြေးကို ပထမဆုံးအကြိမ် ချီးမြှင့်ခြင်းဖြစ်သည်။
 
 ၂၀၁၆ ခုနှစ်တွင် Kim က NHTSA ကို သတင်းပေးပို့ခဲ့ရာ၌ Hyundai သည် ၎င်း၏ Theta II အင်ဂျင်များတွင် ဒီဇိုင်းချို့ယွင်းချက် တစ်ခု ရှိနေသည်ကို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်နေကြောင်း အသိပေးခဲ့သည်။ 
 ထိုဒီဇိုင်းချို့ယွင်းချက်ကြောင့် အင်ဂျင်ထိုးရပ်နိုင်သည့်အပြင် မီးထလောင်သည်အထိ ဖြစ်ပွားနိုင်သည်။

Hyundai ၏ အရည်အသွေး မဟာဗျူဟာ အဖွဲ့က စီမံခန့်ခွဲရေးကို အစီရင်ခံခဲ့ပြီး ယာဉ်တိုက်မှု ဖြစ်ပွားစေနိုင်သော အမှားအယွင်း ဖြစ်သော်လည်း ထိရောက်သော အရေးယူ ဆောင်ရွက်မှု မရှိခဲ့ချေ။
Hyundai နှင့် ယင်း၏ လက်အောက်ခံ Kia တို့သည် မော်တော်ယာဉ်များကို ပြန်လည်ခေါ်ယူရန် နှောင့်နှေးခဲ့ကြောင်း NHTSA က စစ်ဆေးတွေ့ရှိခဲ့သည်။ အင်ဂျင်ပြဿနာများနှင့် ပတ်သက်၍လည်း မတိကျသော အချက်အလက်များ ပေးခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် Hyundai နှင့် Kia ၏ အမေရိကန်မှ လုပ်ငန်းခွဲတို့သည် အင်ဂျင်ပြဿနာများအတွက် ကားများကို အချိန်မီ ပြန်လည်ခေါ်ယူရန် ပျက်ကွက် ခဲ့သည့်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၂၀ ဒဏ်ကြေးပေးဆောင်ရသည်။

CNN

 

 

 

Read 19344 times