တရုတ်အီးဗီလုပ်ငန်းများ အင်ဒိုနီးရှား အီးဗီဈေးကွက် မျက်စေ့ကျ


တရုတ်အီးဗီလုပ်ငန်းများ အင်ဒိုနီးရှား အီးဗီဈေးကွက် မျက်စေ့ကျ

 

အရှေ့တောင်အာရှ၏ အကြီးဆုံး နိုင်ငံစီးပွားရေးဖြစ်တဲ့ အင်ဒိုနီးရှား ဈေးကွက်အတွက် ကျင်းပတဲ့ ကားပြပွဲမှာ တရုတ်နိုင်ငံမှ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများက ပါဝင်ပြသခဲ့ကြပါတယ်။ 

အင်ဒိုနီးရှား လျှပ်စစ်မော်တော်ယာဉ် လုပ်ငန်းအသင်း  Indonesian Electric Vehicle Industry Association က ကြီးမှူးကျင်းပတဲ့ Periklindo Electric Vehicle Show မှာ အာရှကုမ္ပဏီ အများစုပါဝင်တဲ့ ကုမ္ပဏီ ၃၀ ခုတို့ ပါဝင်ပြသခဲ့ကြပါတယ်။ 

အင်ဒိုနီးရှား အစိုးရက ၂၀၆၀ မှာ ကာဘွန်ထပ်မထုတ်တော့တဲ့ နိုင်ငံအဖြစ်သို့ ရောက်အောင် လုပ်ဆောင်ဖို့ သံန္နိဋ္ဌာန် ချမှတ်ထားပါတယ်။ အစီအစဉ်တစ်ခုက နိုင်ငံတွင်းမှာ ထုတ်လုပ်သမျှ ကားအားလုံးရဲ့  ၂၀% ဟာ ၂၀၂၅ မှာ လျှပ်စစ်ကားများ ဖြစ်လာစေရေး ဖြစ်ပါတယ်။ အဆိုပါပန်းတိုင်သို့ ရောက်ရှိဖို့ အင်ဒိုနီးရှား အစိုးရက အခွန်လျော့ပေါ့ပေးတဲ့ မက်လုံးကို အီးဗီထုတ်လုပ်သူတွေကို ပေးအပ်မှာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက နိုဝင်ဘာလမှာ Group of 20 G20 ထိပ်သီးအစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပေးမှာ ဖြစ်ပါတယ်။ ၎င်းအစည်းအဝေးအတွက် လျှပ်စစ်ကား နောက်ဆုံးထုတ်မော်ဒယ်များကို သုံးစွဲဖို့ အစီအစဉ် ရှိပါတယ်။ တစ်နည်းပြောရရင် အီးဗီမော်ဒယ်အသစ်များကို ကမ္ဘာ့သတင်းမြင်ကွင်းထဲ ပွဲထုတ်ပေးမှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား G-20 အစည်းအဝေးတွင် ဂျပန်ကားလုပ်ငန်းများက အီဗီများ  ပြသမည်

လျှပ်စစ်ကားသုံး ဘက်ထရီအတွက် အရေးပါတဲ့ နီကယ်သတ္တုသိုက်လည်း အင်ဒိုနှီးရှားမှာ ရှိနေပါတယ်။ ကမ္ဘာ့အကြီးဆုံး နီကယ်သတ္တုသိုက်ဖြစ်ပြီး နီကယ်သတ္တုရိုင်း တန်ချိန် ၂.၈ ဘီလျံအထိ ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

"အင်ဒိုနီးရှားနိုင်ငံက အင်ဒိုနီးရှားတွင်သာမက  ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ကားများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေနိုင်တဲ့ အရင်းအမြစ်မျိုးစုံရှိသောကြောင့် ကမ္ဘာ့လျှပ်စစ်ကားများ ဖွံ့ဖြိုးတိုးတက်ရေးမှာ ထူးကဲသော အခန်းကဏ္ဍမှ ပါဝင်နေပါတယ်" လို့ အင်ဒိုနီးရှား လျှပ်စစ်မော်တော်ယာဉ် လုပ်ငန်းအသင်း ဥက္ကဋ္ဌ Moeldoko က သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။ 

တရုတ်ပြည်တွင်း ဈေးကွက်မှာ နာမည်ရအောင် ထူထောင်ပြီး တိုးပွားလာ‌ေနတဲ့ တရုတ်အီးဗီ ထုတ်လုပ်သူများက အင်ဒိုနီးရှားကို မျက်စိကျနေကြပါတယ်။ Periklindo Electric Vehicle Show မှာ ပါဝင်ပြသဖို့ Wuling Motors, DFSK Motor (Dongfeng Sokon Automobile),  Qianjiang Group (Zhejiang Qianjiang Motorcycle Group Co.,) ပိုင်ဆိုင်တဲ့  Keeway Motor, လျှပ်စစ်စကူတာ ထုတ်လုပ်တဲ့ Niu Technologies တို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ 

Wuling Motors Indonesia မှ စျေးကွက်ရှာဖွေရေးဒါရိုက်တာ Dian Asmahani က သူမရဲ့ကုမ္ပဏီက အင်ဒိုနီးရှား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရည်မှန်းချက်များကို ပါဝင်လုပ်ကိုင်ထားပါ‌ေကြာင်း၊ မော်တော်ယာဉ်များကို လျှပ်စစ်ကားများဖြစ်စေရေးအတွက် အစိုးရ အစီအစဉ်နှင့် လိုက်လျောညီထွေ ဖြစ်နေစေကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။

ကားစီးရေ အရောင်းပမာဏ လျာထားချက်ကို  ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့ပြီး သူမက အင်ဒိုနီးရှားဈေးကွက်ထဲမှာ ငါးနှစ်ကြာလုပ်ကုိင်ခဲ့ပြီးဖြစ်သော Wuling  သုံးစွဲသူများ၏ "ပတ်ဝန်းကျင်ကို ဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝမရှိသော မော်တော်ယာဉ်များ" ဖြင့် ကျေးဇူးပြုခဲ့ကြောင်း ပြောကြားပါတယ်။ ကားကို စကားသံဖြင့် စေခိုင်းမှုများမှာ အင်ဒိုနီးရှားဘာသာစကားကို သုံးစွဲပေးထားပါကြောင်းလည်း သူမက ပြောကြားပါတယ်။ 

 DFSK ကိုယ်စားလှယ် Gatot က တရုတ်ကုမ္ပဏီအတွက် အင်ဒိုနီးရှားဟာ အရေးပါတဲ့ ဈေးကွက်တစ်ခုဖြစ်ကြောင်း ပြောကြားပါတယ်။‌ အင်ဒိုနီးရှားမှာ အိမ်တိုင်ရာရောက် ပစ္စည်းပေးပို့တဲ့ ဝန်ဆောင်မှုလုပ်ငန်းများ အများအပြားရှိနေလို့ ၎င်းဝန်ဆောင်မှုများအတွက် လုပ်ငန်းသုံးယာဉ်များ ထုတ်လုပ်ရေးကို ၂၀၂၁ မှာ စတင်စူးစိုက်ခဲ့ကြောင်း Gatot က ပြောကြားပါတယ်။ 

အာရှ အီးဗီ ကုမ္ပဏီများက အင်ဒိုနီးရှားမှာ  အချို့က စတင်ထုတ်လုပ်နေပြီ ဖြစ်ပြီး အချို့က အီးဗီ ထုတ်လုပ်ဖို့ လုပ်ဆောင်နေကြပါတယ်။ 

တောင်ကိုရီးယားမှ Hyundai Motor က အင်ဒိုနီးရှားမှာ စက်ရုံအသစ် ဆောက်လုပ်ခဲ့ပြီး မော်တော်ယာဉ် ထုတ်လုပ်မှုကို ၂၀၂၂ မတ်လမှာ စတင်ခဲ့ပါတယ်။ ယခုအခါ အပြည့်အဝ လည်ပတ်နေပြီ ဖြစ်ပါတယ်။ 

Hyundai ကားစက်ရုံအသစ် အင်ဒိုနီးရှားတွင် ဖွင့်လှစ်

တရုတ်မှ အင်ဒိုနီးရှားနိုင်ငံမှာ ယခုနှစ်ကုန်ပိုင်း တပ်ဆင်ထုတ်လုပ်မှု စတင်မယ့်  SAIC-GM-Wuling ကားမော်ဒယ်များကို ထုတ်ဖော်ပြသခဲ့ပါတယ်။ 

Wuling Air EV အာဆီယံဈေးကွက်အတွက် အင်ဒိုနီးရှားမှာ ခြေကုပ်ရယူ
 

ဂျပန်နိုင်ငံမှ Mitsubishi Fuso Truck and Bus ပြပွဲတွင် ပါဝင်

 

အရှေ့တောင်အာရှ ကားအသစ်အရောင်းစီးရေပမာဏမှာ ဈေးကွက်ဝေစု ၈၀% ရရှိထားတဲ့ ဂျပန်ကားထုတ်လုပ်ရေးလုပ်ငန်းများ အင်ဒိုနီးရှား အီးဗီကဏ္ဍမှာ နောက်ကျကျန်နေပါတယ်။  Periklindo Electric Vehicle Show  မှာ ဂျပန်မှ  Mitsubishi Fuso Truck and Bus ကတော့ ပါဝင်ပြသမှာ ဖြစ်ပြီး လျှပ်စစ်ထရပ် ရှေ့ပြေးနမူနာ မော်ဒယ်ကို ပြသမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ဂျပန်ကားထုတ်လုပ်ရေးလုပ်ငန်းများကတော့ ပွဲမှာ မပါဝင်ဖြစ်ဘူးလို့ သိရပါတယ်။ 

#MyanmarAutomobileGuide


 Telegram Channel

https://t.me/Guid4U

Read 1117 times