Hyundai ကားစက်ရုံအသစ် အင်ဒိုနီးရှားတွင် ဖွင့်လှစ်
အသိပေးကြေညာခဲ့ပြီး ၂ နှစ်အကြာမှာ Hyundai Motor Manufacturing Indonesia (HMMI) စက်ရုံကို အင်ဒိုနီးရှားနိုင်ငံမှာ တရားဝင် ဖွင့်လှစ်ခဲ့ပါတယ်။
မြို့တော်ဂျာကာတာ အရှေ့ဘက် ကီလိုမီတာ ၄၀ ကွာဝေးတဲ့ Deltamas Industrial Complex မှာ တည်ဆောက်ထားတဲ့ စက်ရုံ ဖြစ်ပါတယ်။ ၂၀၂၁ မှာ တည်ဆောက်ပြီးစီးခဲ့ပြီး ယခုမှ တရားဝင်ဖွင့်လှစ်တာ ဖြစ်ပါတယ်။
အင်ဂျင်ဖြင့် မောင်းနှင်တဲ့ကားတွေအပြင် ဘက်ထရီဖြင့် မောင်းနှင်တဲ့ လျှပ်စစ်ကားများကိုလည်း ထုတ်လုပ်ပေးနိုင်တဲ့ စက်ရုံ ဖြစ်ပါတယ်။
၂၀၂၁ မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ HMMI မှာ Hyundai Motor ရဲ့ ကားမော်ဒယ်များ ဖြစ်ကြတဲ့ Creta နှင့် Ioniq 5 တို့ကို ထုတ်လုပ်မယ်လို့ သိရပါတယ်။
စက်ရုံက တစ်နှစ်လျှင် ကားစီးရေ ၂၅၀,၀၀၀ ထုတ်လုပ်နိုင်စွမ်း ရှိပါတယ်။
ထုတ်လုပ်မယ့်ကားစီးရေ ထက်ဝက်ဝန်းကျင်ကို ပြည်ပသို့ တင်ပို့ဖို့ လျာထားပါတယ်။
Hyundai က စက်ရုံအတွက် အမေရိကန်ဒေါ်လာ ၁.၅၅ ဘီလျံ ရင်းနှီးမြှုပ်နှံပါတယ်။
Hyundai က အာဆီယံမှာ လျှပ်စစ်ကား ထုတ်လုပ်ဖို့ ရည်ရွယ်ထားတာမှာ Ioniq 5 ကို အဦးဆုံး ထုတ်လုပ်မှာ ဖြစ်ပါတယ်။
ဘက်ထရီ စက်ရုံ
Hyundai က LG Energy Solutions နှင့်အတူ အင်ဒိုနီးရှားမှာ လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီ ထုတ်လုပ်ဖို့ စက်ရုံတစ်ရုံ ဆောက်လုပ်နေပါတယ်။ နောက်နှစ် ၂၀၂၃ နှစ်လယ်ပိုင်းမှာ ပြီးစီးမှာ ဖြစ်ပါတယ်။ လုပ်ငန်းလည်ပတ်မှုကို ၂၀၁၄ မှာ စတင်ပါမယ်။
ဘယ်မော်ဒယ်တွေ ထုတ်မှာလဲ
၂၀၂၁ မှာ Hyundai က အင်ဒိုနီးရှား လျှပ်စစ်မော်တော်ယာဉ်ဈေးကွက်မှာ ဈေးကွက်ဝေစု ၈၇.၃ % ရရှိထားပါတယ်။ Ioniq နှင့်Kona တို့ဖြင့် ရရှိထားတာ ဖြစ်ပါတယ်။ HMMI စက်ရုံမှာ Creta SUV နှင့် Ioniq 5 တို့အပြင် ပထမနှစ်ဝက်မှာ Santa Fe ကို ထုတ်လုပ်မှာ ဒုတိယနှစ်မှာ အာဆီယံဈေးကွက်အတွက် အငယ်စား MPV ထုတ်လုပ်ပါမယ်။
HMMI စက်ရုံမှာ CKD(completely knocked down) ကို တွဲစပ်တပ်ဆင် ထုတ်လုပ်မှာ ဖြစ်ပါတယ်။