နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးတွင် အသုံးပြုမည့် ယာဉ်များနှင့် မှတ်ပုံတင်ရာတွင် လိုက်နာရမည့် အချက်များ


တခြားနိုင်ငံများမှ မြန်မာနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးတွင် အသုံးပြုမည့် မော်တော်ယာဉ်များနှင့် တစ်ဝက် နောက်တွဲယာဉ်များသည် ချမှတ်ထားသည့် ဥပဒေများနှင့်အညီ မိခင်နိုင်ငံ အသီးသီးတွင် မှတ်ပုံတင်ရမည် ဖြစ်ပြီး ထိုသို့ မှတ်ပုံတင်ရာတွင် လိုက်နာရမည့် အချက်များကို ဖော်ပြလိုက်ပါသည်။

 

အသုံးပြုမည့် ဘာသာနှင့် အက္ခရာ

ယာဉ်၏ သက်သေခံ အမှတ်အသားများ၊ မှတ်ပုံတင် သက်သေခံလက်မှတ်နှင့် ယာဉ်နံပါတ်ပြားတို့တွင် ရေးသားထားသော အချက်အလက်များသည် အင်္ဂလိပ်ဘာသာ ( ပုံနှိပ်စာလုံးများ/ အက္ခရာအသေးစာလုံးများ ) နှင့် အာရဗီဂဏန်းများ ဖြစ်ရမည်။ ဤသို့ အင်္ဂလိပ်အက္ခရာ/ အာရဗီဂဏန်းတို့နှင့်အတူ မိမိတို့နိုင်ငံ၏ နိုင်ငံတော်ဘာသာ၊ အက္ခရာဖြင့် ထပ်မံ ယှဉ်တွဲ ထည့်သွင်း ရေးသားနိုင်သည်။

 

သက်သေခံ အမှတ်အသားများ

နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးတွင် အသုံးပြုမည့် မော်တော်ယာဉ်တိုင်းတွင် အောက်ဖော်ပြပါ သက်သေခံ အမှတ်အသားများ ပါရှိရမည် ဖြစ်သည်။

  • ယာဉ်ထုတ်လုပ်သည့် ကုမ္မဏီ၏ အမည် (သို့) ကုန်စည်အမှတ်တံဆိပ်
  • ဘောင်ပေါ်တွင် (သို့) ဘောင်မပါသည့်အခါ ယာဉ်ကိုယ်ထည်ပေါ်တွင် ထုတ်လုပ်သည့် ကုမ္မဏီ၏ ထုတ်လုပ်မှုနံပါတ် (သို့) ထုတ်လုပ်မှု အမှတ်စဉ်နံပါတ်
  • စက်နံပါတ်၊ ထုတ်လုပ်သည့် ကုမ္မဏီမှ စက်ပေါ်တွင် နံပါတ်ရိုက်နှိပ်ပါက ( တစ်ဝက် နောက်တွဲယာဉ်အတွက် မလိုအပ်ပါ။ ) ယင်းသက်သေခံ အမှတ်အသားများ အားလုံးသည် အသုံးပြုရန်၊ ကြည့်ရှုရန် အဆင်ပြေသည့် နေရာတွင် ရှိရမည်ဖြစ်ပြီး ဖတ်ရှုရန် ရှင်းလင်းပီသမှု ရှိရမည်။ ထို့အပြင် ပြုပြင်ပြောင်းလဲရန် (သို့) ဖျက်ပစ်ရန် လွယ်ကူမှု မရှိစေရပါ။

 

မှတ်ပုံတင်သက်သေခံလက်မှတ်

နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးတွင် အသုံးပြုမည့် မော်တော်ယာဉ်တိုင်းတွင် မိခင်နိုင်ငံ၏ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့မှ ထုတ်ပေးထားသော သက်တမ်းရှိ မှတ်ပုံတင် သက်သေခံလက်မှတ် ပါရှိရမည် ဖြစ်ပြီး အောက်ပါအချက်အလက်များ ပါရှိရမည်။

 

အခြေခံအချက်အလက်များ

  • မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် ဟူသော ခေါင်းစဉ်
  • မှတ်ပုံတင်ထုတ်ပေးသော ဌာနအမည်နှင့် အမှတ်တံဆိပ်
  • မှတ်ပုံတင်ထုတ်ပေးသော ဌာန၊ လိပ်စာနှင့် ဆက်သွယ်ရမည့် အချက်အလက်များ
  • မှတ်ပုံတင်ထုတ်ပေးသော နိုင်ငံ ( နိုင်ငံအမှတ်တံဆိပ်ဖြင့် )
  • စစ်မှန်မှု အထောက်အထားများ ( ချိပ်/တံဆိပ်/လက်မှတ် )
  • ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် ထုတ်ပေးသည့်ရက်စွဲ

 

မှတ်ပုံတင်ဆိုင်ရာ အချက်အလက်များ

  • လိုင်စင်ပြား (သို့) ယာဉ်မှတ်ပုံတင်နံပါတ်
  • မှတ်ပုံတင်ထားရာ နိုင်ငံ၏ နိုင်ငံအမှတ်အသား
  • ကနဦးမှတ်ပုံတင်ရက်စွဲ
  • သက်တမ်းရှိကာလ ( ကန့်သတ်မှုကင်းလွတ် မဟုတ်လျှင် )


 

Advertisement

Click Here > Myat Noe Lay Co., Ltd.


 

သက်သေခံလက်မှတ်တွင် ပိုင်ရှင်/ ကိုင်ဆောင်သူဆိုင်ရာ အချက်အလက်များ

  • အမည်အပြည့်အစုံ
  • လိပ်စာ

 

မော်တော်ယာဉ်ဆိုင်ရာ အချက်အလက်များ

  • အမျိုးအစား - ကုန်တင်၊ ခရီးသည်တင်ဘတ်စ်၊ ခရီးသည်တင်ယာဉ်ငယ် စသည်ဖြင့်
  • ကိုယ်ထည် : အမှတ်တံဆိပ်/ ကုန်အမှတ်တံဆိပ်
  • ခုနှစ်ပုံစံ/ ကုတ်နံပါတ် (သက်ဆိုင်လျှင်)
  • အရောင် (RAL Code)
  • ထုတ်လုပ်သည့်ခုနှစ် (ရရှိနိုင်လျှင်)
  • ဘောင်နံပါတ်
  • ဝင်ရိုးအရေအတွက်
  • ဝန်မဲ့အလေးချိန် ( ကုန်တင်ကားများနှင့် ဘတ်စ်ကားများ ) 
  • စုစုပေါင်းအလေးချိန် (ကုန်တင်ယာဉ်များ) နှင့် တင်ဆောင်နိုင်သည့် လူဦးရေ (ဘတ်စ်ကားများ)

 

ယာဉ်နံပါတ်ပြား

နယ်စပ်ဖြတ်ကျော် သွားလာ ပို့ဆောင်မှုတွင် အသုံးပြုမည့် မော်တော်ယာဉ်တိုင်းသည် ယာဉ်မှတ်ပုံတင်နံပါတ်ကို ရေပြင်ညီဖြစ်သော ကောင်းမွန်သည့် သတ္တုပြားပေါ် ရေးသားပြီး ယာဉ်၏ အရှေ့နှင့်အနောက် အလျားလိုက် ကိုယ်ထည်ပြားအလယ်တွင် ထောင့်မှန်ကျကျ တပ်ဆင်ရမည် ဖြစ်သည်။ 

 

မီတာ ၃၅- ၄၀ အကွာအဝေးမှ ရှင်းလင်းစွာ မြင်နိုင်ရမည် ဖြစ်ကာ နံပါတ်ပြားမျက်နှာပြင်သည် ရောင်ပြန်ပြား ဖြစ်ရမည်။ တစ်ဝက်နောက်တွဲယာဉ်များတွင် ယာဉ်နံပါတ်ပြားကို ယာဉ်နောက်ဘက်၌ တပ်ဆင်လျှင် လုံလောက်သည်။

 

နိုင်ငံခွဲခြား အမှတ်အသား

နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးတွင် အသုံးပြုမည့် ယာဉ်တိုင်းသည် ယာဉ်မှတ်ပုံတင်နံပါတ်ပြားအပြင် မှတ်ပုံတင်ထားရာ နိုင်ငံ၏ နိုင်ငံခွဲခြား အမှတ်အသားကိုပါ ယာဉ်၏ အနောက်ဘက်၌ တပ်ဆင် ပြသထားရမည်။ 

 

၎င်းအမှတ်အသားတွင် စာလုံးရေ (၁) လုံးမှ (၃) လုံးအထိ ပါဝင်နိုင်ပြီး လက်တင်အက္ခရာ စာလုံးအကြီးများဖြင့် ဖြစ်ရမည်။ စာလုံးမျာကို ဘဲဥပုံ အဖြူခံပေါ်တွင် အနက်ရောင်ဖြင့် အလျားလိုက် ရေးရမည် ဖြစ်ကာ အနည်းဆုံးအမြင့် ဝ.ဝ၈ မီတာ ရှိရမည် ဖြစ်ပြီး တစ်လုံးနှင့်တစ်လုံး ဝ.ဝ၁ မီတာ ကွာရမည်။ 

 

ဤအမှတ်အသားသည် ယာဉ်မှတ်ပုံတင်နံပါတ်နှင့် တွဲစပ်နေခြင်း မရှိစေရ (သို့) ၎င်းနံပါတ်နှင့် ရောထွေးစေမည့် နေရာတွင် တပ်ဆင်ခြင်း မရှိစေရ (သို့) ဖတ်ရှုရန် ရှင်းလင်းမှုမရှိသည့် အနေအထားမျိုး မရှိစေရပါ။ တပ်ဆင်ရာတွင်လည်း ယာဉ်မှတ်ပုံတင် နံပါတ်ပြားအား တပ်ဆင်သည့် ဥပဒေအတိုင်း ဆောင်ရွက်ရမည်။

 

စာချုပ်ဝင် နိုင်ငံအသီးသီး၏ မော်တော်ယာဉ်တွင် တပ်ဆင်ရမည့် နိုင်ငံခွဲခြား အမှတ်အသားများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ကမ္ဘောဒီးယား – KH
  • တရုတ်ပြည်သူ့သမ္မတနိုင်ငံ – CHN
  • လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ – LAO
  • မြန်မာနိုင်ငံ – MY
  • ထိုင်းနိုင်ငံ – T
  • ဗီယက်နမ် – VN

 

ယာဉ်နှင့် သက်ဆိုင်သော အခြားဆောင်းပါးများ ဖတ်ရန်

ယာဉ်မောင်းလိုင်စင် (၁၁) မျိုးနှင့် မောင်းနှင်ခွင့်ရှိသည့် ယာဉ်၊ သက်တမ်းများ

မော်တော်ယာဉ် မှတ်ပုံတင်ရာတွင် သိထားသင့်သည့် ယာဉ်အမျိုးအစား (၁၀) ခု

နှစ်လဲမော်တော်ယာဉ် ပြန်လည် မှတ်ပုံတင်ခြင်းအတွက် ကျသင့်ငွေနှင့် လိုအပ်ချက်များ

ယာဉ်/ အမည်ပြောင်းလဲခြင်း အပါအဝင် ဝန်ဆောင်မှု (၈) ခုအတွက် သိထားသင့်သည်များ

ယာဉ်အမျိုးအစားအလိုက် သက်တမ်းများနှင့် လက်ရှိ အသုံးပြုနေသည့် နံပါတ်ပြားများ

Read 3663 times