မလေးရှားမှာ Porsche ကားစက်ရုံ  ပထမဆုံးကား စတင်ထုတ်လုပ်


မလေးရှားမှာ Porsche ကားစက်ရုံ  ပထမဆုံးကား စတင်ထုတ်လုပ်

 

၂၀၂၁ စက်တင်ဘာလမှာ  Myanmar Automobile Guide မှာ "မလေးရှားမှာ Porsche ကားစက်ရုံ ဖွင့်လှစ်မည်" ခေါင်းစဉ်ဖြင့်ဖော်ပြခဲ့ပါတယ်။

ယခုအခါ Porsche Cayenne မော်ဒယ်ကို CKD (completely knocked down) ဖြင့် တင်သွင်းပြီး Kedah ပြည်နယ် Kulim ရှိ Sime Darby  Motors ရဲ့ ကားတွဲစပ်တပ်ဆင်ထုတ်လုပ်ရေး စက်ရုံမှာ  ထုတ်လုပ်ပါတယ်။ ၂၀၂၂ မတ်လ ၂၈ ရက်မှာ ပထမဆုံးကာ စတင်ထွက်ရှိပါတယ်။
ရောင်းဈေးက ရင်းဂစ် ၅၅၀,၀၀၀ ဖြင့် စတင်ပါတယ်။

 

Porsche ရဲ့ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူလိုက်တာ ဖြစ်ပါတယ်။ ဥရောပ အပြင်ဘက်မှာ Porsche ရဲ့ ကားကို ပထမဆုံးအဖြစ် မလေးရှားမှာ တပ်ဆင်ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။
CKD ကို တွဲစပ်တပ်ဆင် ထုတ်လုပ်ပြီး မလေးရှား ပြည်တွင်းဈေးကွက်မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ အရည်အသွေးစံ ထိန်းချုပ်မှုလုပ်ငန်းစဉ်ကို Porsche ရဲ့ ပင်မစက်ရုံအတိုင်း ကျင့်သုံးပါတယ်။ 
လေ‌ာလောဆယ် Cayenne အခြေခံမော်ဒယ်ကိုသာ ထုတ်လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ 

 

ဆက်စပ်ဖတ်ရှုရန် 

Porsche Cayenneသည် Air France လေကြောင်းလိုင်းပိုင် Airbus A380 လေယာဉ်ကြီးကိုလက်တွေ့ဆွဲယူပြ

သတင်းစာရှင်းလင်းပွဲမှာ  Sime Darby Motors ရဲ့ ညွှန်ချုပ် Andrew Basham က အသိပေး ပြောကြားရာမှာ Cayenne ရဲ့ အခြားမူကွဲတွေကို အပြည့်အဝ တည်ဆောက်ပြီးစီး CBU(Completely Built Unit) အဖြစ်ဖြင့်သာ တင်သွင်း ရောင်းချမှာ ဖြစ်ပြီး ဝယ်လိုအား အထိုက်အလျောက်ရှိမှသာ CKD အဖြစ်ဖြင့် တင်သွင်းပြီး စက်ရုံမှာ တွဲစပ်တပ်ဆင် ထုတ်လုပ်မယ်လို့ ပြောကြားပါတယ်။ ဖြစ်နိုင်ခြေ ရှိတာမှန်ပေမဲ့ ဖြစ်လာဖို့က ကြာဦးမယ်လို့ ခန့်မှန်းကြောင်းလည်း ပြောကြားပါတယ်။

 


Porsche AG ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး အရောင်းနှင့်ဈေးကွက်ဌာနကို တာဝန်ယူထားတဲ့ Detlev von Platen က " ကျွန်တော် မပြေးခင်မှာ အရင်ဦးဆုံး လမ်းလျှောက်တတ်အောင် သင်ယူဖို့ မလွဲမသွေ လိုအပ်ပါတယ်" လို့ ဆိုပါတယ်။ အထာကျသွားပြီးမှ အာဆီယံဈေးကွက်ထဲသို့ တင်ပို့မယ့် အစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်မှာ ဖြစ်ကြောင်း ၎င်းက ပြောကြားပါတယ်။

 

 Porsche ကားစက်ရုံကို ၂၀၂၀ ဒီဇင်ဘာလမှာ စတင်ဆောက်လုပ်ခဲ့ပါတယ်။ တည်ရှိပြီးသား သိုလှောင်ရုံအဆောက်အဦကို အဆင့်မြင့် နည်းပညာသုံး မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံအဖြစ်သို့ ပြောင်းလဲပေးထားပါတယ်။
 Porsche ရဲ့အိမ်စီးပြိုင်ကားများ ထုတ်လုပ်တဲ့ စက်ရုံရဲ့စံများအားလုံးနှင့်အညီ ဆောက်လုပ်ပေးထားပါတယ်။ 

 

 

အမိုးမှာ ဆိုလာပြားများ တပ်ဆင်ထားပါတယ်။ သုံးရေအတွက် မိုးရေစုဆောင်းပါတယ်။ စက်ရုံတစ်ခုလုံး လေအေးပေးစက်ဖြင့် အအေးဓာတ်ပေးထားပါတယ်။ အခုလို စက်ရုံတစ်ရုံလုံး အဲကွန်းတပ်ပေးထားတဲ့စက်ရုံ မလေးရှားမှာ Porsche ကားစက်ရုံက ပထမဆုံးဖြစ်ပြီး လောလောဆယ်မှာ  အဲကွန်းအပြည့်ပေးထားတဲ့ စက်ရုံဆိုလို့ မလေးရှားမှာ Porsche ကားစက်ရုံ တစ်ရုံပဲ ရှိပါတယ်။ အခုလို အဲကွန်းတပ်ဆင်တာကြောင့် စွမ်းအင် သုံးစွဲမှု သက်သာအောင် နံရံတွေ အားလုံးကို အပူကာနံရံများဖြင့် တည်ဆောက်ထားပါတယ်။

 

 

စက်ရုံမှာ လုပ်သားအားလုံး ၁၀၀% မလေးရှားနိုင်ငံသားများ ဖြစ်ပြီး Porsche က သင်တန်းပေး လေ့ကျင့်ခဲ့ပါတယ်။
အစိတ်အပိုင်း ၆ ခုကို မလေးရှားလုပ်ငန်းများထံမှ ရယူသုံးစွဲပါတယ်။

 Cayenne CKD ရောင်းဈေးက ရင်းဂစ် ၅၅၀,၀၀၀ ဖြင့် စတင်ပြီး Cayenne CBU တင်သွင်းထားတဲ့ ကားရောင်းဈေးထက် ရင်းဂစ် ၁၁၅,၀၀၀ သက်သာပါတယ်။ CBU တင်သွင်းမှု အပေါ်စည်းကြပ်တဲ့ အခွန်နှုန်းထား မြင့်မားတဲ့အတွက် ဈေးပိုကြီးနေရတာ ဖြစ်ပါတယ်။

 

 

Read 6155 times