Lordstown  ကားစက်ရုံမှာ Foxconn  က  Fisker PEAR အီးဗီ ထုတ်လုပ်မည်ဟု ထုတ်ပြန်ကြေညာ


Lordstown  ကားစက်ရုံမှာ Foxconn  က  Fisker PEAR အီးဗီ ထုတ်လုပ်မည်ဟု ထုတ်ပြန်ကြေညာ

 

အမေရိကန်နိုင်ငံ အိုဟိုင်းရိုးပြည်နယ်ရှိ Lordstown Motors ကားထုတ်လုပ်ရေး စက်ရုံကို Foxconn က ဝယ်ယူမှုကိစ္စအဝဝ ပြီးမြောက်ခဲ့ပြီး ၂၄ နာရီ မပြည့်သေးခင်မှာ Foxconn က ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ Fisker Inc. နှင့်အတူ စီးပွားဘက်ပြုပြီး Fisker PEAR အီးဗီကို အဆိုပါ စက်ရုံမှာ များမကြာမီ ထုတ်လုပ်မယ်လို့ အသိပေးထားပါတယ်။

စက်ရုံအဆောက်အဦက GM ရဲ့ ကားတပ်ဆင်ထုတ်လုပ်ရေး စက်ရုံကို Lordstown က ဝယ်ယူထားတာဖြစ်ပြီး ၎င်းရဲ့ အဦးဆုံး အီးဗီမော်ဒယ် ဖြစ်တဲ့ Endurance ပစ်ကပ်ထရပ် ထုတ်လုပ်ခဲ့ရာမှာ အရင်းအနှီး ပြတ်လပ်ပြီး အကျပ်ရိုက်နေစဉ် Foxconn က စက်ရုံကို အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖြင့် ဝယ်ယူလိုက်ပါတယ်။

 

 

Foxconn နှင့် Lordstown တို့ လက်မှတ်ရေးထိုးခဲ့ကြတဲ့ သဘောတူစာချုပ်အရ Lordstown က စက်ရုံမှာ Endurance ပစ်ကပ်များ ဆက်လက် ထုတ်လုပ်မှာ ဖြစ်ပြီး Foxconn က ငွေကြေး ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ 
Lordstown က ၂၀၂၂ ပထမ ၃ လပတ်မှာ အမေရိကန်ဒေါ်လာ သန်း ၉၀ အရှုံးပေါ်ခဲ့ပါတယ်။


Foxconn က တိုင်ဝမ်မှ အီလက်ထရွန်းနစ် ပစ္စည်း အမျိုးမျိုး ထုတ်လုပ်တဲ့လုပ်ငန်း ဖြစ်ပြီး Apple ရဲ့ iPhone များကို တပ်ဆင်ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီအဖြစ် လူသိများပါတယ်။

ဧရိယာ ၆.၂ သန်း စတုရန်းပေ ရှိတဲ့ စက်ရုံဝင်းထဲမှာ Foxconn က Fisker PEAR အီးဗီကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။
PEAR က  “Personal Electric Automotive Revolution”  ကို အတိုကောက်ပြုထားတာ ဖြစ်ပြီး ၂၀၂၄ မှာ စတင်ထုတ်လုပ်ဖို့ လျာထားပါတယ်။ တစ်နှစ်လျှင် စီးရေ ၂၅၀,၀၀၀ ထုတ်လုပ်ဖို့အထိ ရည်မှန်းထားပါတယ်။

 

 

 

၅ ယောက်စီး အိမ်စီးကား crossover အမျိုးအစားဖြစ်တဲ့ PEAR မော်ဒယ်က အီးဗီထုတ်လုပ်ရေး လုပ်ငန်း Fisker ရဲ့ ဒုတိယမြောက် မော်ဒယ် ဖြစ်ပါတယ်။ ရောင်းဈေး အမေရိကန်ဒေါ်လာ  ၃၀,၀၀၀  ဝန်းကျင် ဖြစ်ပါတယ်။

 Fisker ရဲ့ အဦးဆုံး အီးဗီ မော်ဒယ် Ocean SUV ကို ရောင်းဈေး အမေရိကန်ဒေါ်လာ ၃၇,၄၄၉ သတ်မှတ်ထားပါတယ်။ နိုဝင်ဘာလမှာ ဥရောပမှာ စတင်ထုတ်လုပ်ပါမယ်။
 


Lordstown က အမှုအခင်း ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ စတော့အိပ်ချိန်း ကြီးကြပ်ရေးအဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။ ကုမ္ပဏီက ၂၀၂၀ အောက်တိုဘာလမှာ ရှယ်ယာတွေ ထုတ်ရောင်းခဲ့ရာမှာ ရင်းနှီးမြှုပ်နှံသူတွေ ရရှိအောင် ထုတ်လုပ်နိုင်စွမ်းကို ပိုပိုသာသာ ပြောကြားခဲ့တာက တစ်မှု၊ လက်ခံရရှိတဲ့ ကြိုတင်အမှာစာ စီးရေကို ပိုပိုသာသာ ပြောကြားခဲ့တာက တစ်မှု တရားရုံးမှာ အမှု နှစ်မှု ရင်ဆိုင်နေရပါတယ်။ 

ယခင် ဖော်ပြခဲ့သည်များ လင့်အပြာကို ထိပါ

Foxconn က အမေရိကန်မှာ ကားစက်ရုံတစ်ခု ဒေါ်လာ သန်း ၂၈၀ ဖြင့် ဝယ်ယူရန် ဈေးတည့်

Foxconn ရဲ့ Lordstown ပစ်ကပ် ယခုနှစ်အတွင်း ထုတ်လုပ်မည်ဟုဆို
 

 
 

Read 395 times