Foxconn ရဲ့ Lordstown ပစ်ကပ် ယခုနှစ်အတွင်း ထုတ်လုပ်မည်ဟုဆို


Foxconn ရဲ့ Lordstown ပစ်ကပ် ယခုနှစ်အတွင်း ထုတ်လုပ်မည်ဟုဆို

 iPhone တွေကို ကန်ထရိုက်စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်တဲ့ကုမ္ပဏီအဖြစ် လူသိများတဲ့ Foxconn ရဲ့ ဥက္ကဋ္ဌ Young Liu က အမေရိကန်နိုင်ငံ အိုဟိုင်းအို ပြည်နယ်ရှိ Lordstown ကားစက်ရုံမှာ လျှပ်စစ်ပစ်ကပ်ထရပ်များကို ယခုနှစ်လယ်မှာ စတင်ထုတ်လုပ်တော့မယ်လို့ ပြောကြားပါတယ်။

တိုင်ဝမ်မှ ကုန်ထုတ်လုပ်ငန်း Foxconn က ပြီးခဲ့နှစ်မှာ Lordstown Motors  ရဲ့ အိုဟိုင်းအိုမှာ တည်ရှိတဲ့ Lordstown လျှပ်စစ်ကားစက်ရုံကို ဝယ်ယူခဲ့ပါတယ်။
Lordstown Motors မှ စီးအီအို Steve Burns နဲ့ ဘဏ္ဍာရေးမှူးချုပ် Julio Rodriguez တို့က ကားအရောင်း ကြိုတင်အမှာစာများ တကယ်ရရှိတဲ့ အရေအတွက်ထက် အများကြီးပိုပြီး စာရင်းလိမ်ပြခဲ့တဲ့အတွက် ပြဿနာ အကြီးအကျယ်တက်ပြီး နုတ်ထွက်ခဲ့ကြရပြီးတဲ့နောက်မှာ Foxconn က စက်ရုံကို ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။
 
ရှေ့ပြေးနမူနာ ထုတ်လုပ်ထားတဲ့ လျှပ်စစ်ပစ်ကပ်ကား Lordstown Endurance ကို မိုင် ၂၅၀ အထိ သွားနိုင်တယ် ဆိုထားပေမဲ့ လက်တွေ့မှာ ခရီးတာမိုင် ၄၀ အထိသာ မောင်းလို့ရတာကြောင့်လည်း စီအီးအို နုတ်ထွက်ရဖို့ ပိုသေချာသွားစေခဲ့ပါတယ်။
Lordstown လျှပ်စစ်ကားစက်ရုံကို Lordstown Motors က လျှပ်စစ်ကား ထုတ်လုပ်ဖို့အတွက် အမေရိကန် ကားလုပ်ငန်းကြီး GM ထံမှ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။


Young Liu က ပြောပြခဲ့တာမှာ  Foxconn မြော်မြင်ထားတာမှာ နည်းပညာနယ်ပယ်မှာ ခေတ်ရေစီးကြောင်း နှစ်ခု ရှိလိမ့်မယ်။ တစ်ခုက လျှပ်စစ်ကား ထုတ်လုပ်ခြင်း ဖြစ်ပြီး ကျန်တစ်ခုက မတ္တာဗာ့စ် metaverse ဖြစ်တည်လို့ ကုမ္ပဏီအနေဖြင့် ယူဆထားကြောင်း ပြောပြခဲ့ပါတယ်။ Sony , Apple,  Xiaomi, Huawei အစရှိတဲ့ နည်းပညာလုပ်ငန်းတွေ အီးဗီလောကထဲ ခြေချကြတယ်လို့ သူက ထောက်ပြပါတယ်။ လျှပ်စစ်ကား ခေတ်ရေစီးကြောင်းမှာ Foxconn က အပျော့ထည်နှင့် အမာထည် software and hardware နှစ်မျိုးစလုံးမှာ အရေးပါတဲ့နေရာတစ်ခုမှာ ဝင်ကစားနေတာ သေအောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ 
လျှပ်စစ်မော်တော်ယာဉ်တွေမှာ ချစ်ပ်အမျိုးမျိုးကို လှိုင်လှိုင်သုံးကြရတာကြောင့် Foxconn က မော်တော်ယာဉ်သုံး ချစ်ပ်အမျိုးမျိုး ထုတ်လုပ်ဖို့ကိုလည်း ရင်းနှီးမြှုပ်နှံသွားမယ်လို့ သူက ပြောကြားပါတယ်။ ချစ်ပ်ကို ကုမ္ပဏီတွင်း ထုတ်လုပ်နိုင်ရေးဟာ မဟာဗျူဟာအရ အရမ်းအရေးပါတယ်လို့လည်း သူက သုံးသပ်ပြပါတယ်။ အဲဒီအတွက်  Foxconn  က တိုင်ဝမ်မှ ချစ်ပ်စက်ရုံ Hsinchu ကို ဝယ်ယူခဲ့ပါတယ်။ 
တရုတ်ထိပ်သီး ကားလုပ်ငန်း Geely နှင့် ဖက်စပ်လုပ်ငန်း ထူထောင်ပြီး လျှပ်စစ်မော်တော်ယာဉ်သုံး စက်ပစ္စည်းကိရိယာအမျိုးမျိုး ထုတ်လုပ်မှာ ဖြစ်ပြီး လျှပ်စစ်မော်တော်ယာဉ်များအတွက် ထိန်းချုပ်စနစ်များ၊ ပါဝါအီလက်ထရွန်းနစ် အစိတ်အပိုင်းများ၊ ချစ်ပ်ဒီဇိုင်းများကို Geely နှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ 

Foxconn က ကား brand အချို့ကို ပိုင်ဆိုင်ထားတဲ့ Stellantis နှင့်လည်း ပူးပေါင်းလုပ်ကိုင်လျက် ရှိပါတယ်။ 

Source: Foxconn

Read 1732 times