Foxconn က အမေရိကန်မှာ ကားစက်ရုံတစ်ခု ဒေါ်လာ သန်း ၂၈၀ ဖြင့် ဝယ်ယူရန် ဈေးတည့်


တိုင်ဝမ်မှ ကန်ထရိုက်စနစ်ဖြင့် ထုတ်ကုန်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်သူ Foxconn က အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် လော့ဒ်တောင်းမြို့ရှိ မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံကို ငွေလိုပြီး ဗိုက်နာနေတဲ့ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းသစ် Lordstown Motors ထံမှ ဝယ်ယူမှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ 
Foxconn က စက်ရုံအတွက် အမေရိကန်ဒေါ်လာ သန်း ၂၃၀ ကိုလည်းကောင်း၊  Lordstown Motors ရဲ့ ရှယ်ယာ အမေရိကန်ဒေါ်လာ သန်း ၅၀ ဖိုးကိုလည်းကောင်း ပေးချေပြီး ဝယ်ယူမှာ ဖြစ်ပါတယ်။ 

အဲဒီစက်ရုံကို ၂၀၁၉ ခုနှစ်တုန်းက General Motors ထံမှ Lordstown Motors က ဝယ်ယူခဲ့ပြီး ၎င်းရဲ့ ပထမဆုံး ထုတ်ကုန်အဖြစ် Endurance အမှတ်တံဆိပ်ဖြင့် လျှပ်စစ်ပစ်ကပ်ထရပ် တည်ဆောက်ထုတ်လုပ်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ 

 

 

Lordstown Motors က နောက်ထပ် သဘောတူညီမှုတစ်ခုကို Foxconn နဲ့ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ လုပ်လက်စဖြစ်တဲ့ လျှပ်စစ်ပစ်ကပ်ထရပ် Endurance ကို Foxconn က ကန်ထရိုက်စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်ပေးဖို့ကို ဆွေနွေးနေတာ ဖြစ်ပါတယ်။ 

Foxconn က ဝယ်ယူလိုက်တဲ့ စက်ရုံမှာ Lordstown ရဲ့ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးလိုင်းနဲ့ ဘက်ထရီ ထုတ်လုပ်ရေးလိုင်းတို့ လုပ်ကိုင်တဲ့ စက်ရုံတွေ မပါဝင်တာကြောင့် Lordstown က လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်မှုကို ဆက်လက်လုပ်ကိုင်လို့ ရတဲ့အပြင် တခြားကုမ္ပဏီတွေအတွက် ဘက်ထရီအပါအဝင် ယာဉ်အစိတ်အပိုင်းတွေကို ထုတ်လုပ်ပေးလို့ ရပါတယ်။ 
မေလတုန်းက လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း Fisker နဲ့ အတူလက်တွဲပြီး တန်ဖိုးသင့် လျှပ်စစ်မော်တော်ယာဉ်တွေကို အမေရိကန်မှာ ထုတ်လုပ်မယ်လို့ Foxconn က ကြေညာခဲ့ပါတယ်။ ထုတ်လုပ်မှုတွေကို ၂၀၂၃ ခုနှစ် အနှောင်းပိုင်းမှာ စတင်မယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 
 

Read 2068 times