အိန္ဒိယဈေးကွက် SUV ဝယ်လိုအား မြင့်တက်


အိန္ဒိယဈေးကွက် SUV ဝယ်လိုအား မြင့်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ယာဉ်အတွင်း ကျယ်ကျယ်ဝန်းဝန်းရှိခြင်း၊ သက်သောင့်သက်သာရှိခြင်းတို့ကြောင့် ကမ္ဘာ့တတိယအကြီးဆုံး မော်တော်ယာဥ်စျေးကွက်ဖြစ်သည့် အိန္ဒိယဈေးကွက်တွင် SUV ဝယ်လိုအား မြင့်တက်နေသည်။


၂၀၁၀ ခုနှစ် ဆောင်းရာသီတွင် Debnarayan Banerjee သည် အိန္ဒိယနိုင်ငံမှ စည်ကားသော Bengaluru မြို့တစ်ဝိုက်နှင့် မြို့မှ ကီလိုမီတာ ရာနှင့်ချီဝေးသော နေရာရှိ အုန်းပင်များ အနားသတ်ထားသော ကမ်းခြေများသို့ အပတ်စဉ် ခရီးထွက်ရန်အတွက် အနီရောင် အမိုက်စား hatchback အမျိုးအစား ကားတစ်စီးကို သူဝယ်ယူခဲ့သည်။ သူ၏ ပထမဆုံးအလုပ်တွင် လုပ်သက် ၆ လ မပြည့်မီ ၎င်းကားကို သူဝယ်စီးခဲ့သည်။

နိုင်ငံစုံကုမ္ပဏီတစ်ခုမှ ငွေကြေးဆိုင်ရာ လေ့လာဆန်းစစ်သူအဖြစ် လုပ်ကိုင်သည့်  Debnarayan Banerjee က “ မစောင့်နိုင်တော့ဘူ။  ကားရှိတာက ကျွန်တော့ ဘ၀မှာ တိုးတက်နေတယ်ဆိုတာကို ပြသနေတာပဲ"ဟု သူက ပြောပြသည်။
 လုပ်သက် ၈ နှစ် ကြာပြီးချိန်တွင် အလုပ်မှာ  ရာထူး အဆင့်ဆင့် မြင့်တက်လာခဲ့ပြီးနောက် Banerjee က "ပိုကြီးပြီး ပိုကောင်းတဲ့ဟာမျိုးကို  ဝယ်စီးဖို့ အချိန်တန်ပြီ" ဟု ဆုံးဖြတ်ခဲ့သည်။
 သူက sport utility vehicle SUV တစ်စီး ဝယ်လိုက်သည်။ ဈေးနှုန်းက သူ့ပထမဆုံးကားထက် ၃ ဆ ဈေးပိုကြီးသည်။

"အိန္ဒိယမှာ SUV ကား ပိုင်ဆိုင်တာ ဂုဏ်ရှိတယ်ဆိုတာ ကျွန်တော်သဘောတူပါတယ်၊ ဒါပေမဲ့ SUV တွေက ပထမကားဖြစ်တဲ့ hatchback ထက် ပိုအဆင်ပြေတယ်ဆိုတာ ငြင်းစရာ အကြောင်း မရှိပါဘူး" ဟု သူက ပြောသည်။
အိန္ဒိယနိုင်ငံရှိ လူအများအပြားက ထိုခံစားချက်ကို ပဲ့တင်ထပ်နေပါသည်။ တိုးများလာသော လူလတ်တန်းစားများ၊ လမ်းကြမ်းများနှင့် မိသားစု လူများခြင်းတို့သည် ဘိုးစဉ်ဘောင်ဆက် လမ်းများပေါ်တွင် အများစု ဖြစ်သော ကားငယ်များဆီမှ SUV ကားများဆီသို့ တွန်းပို့နေသည်။ 

 

ကမ္ဘာ့ကြီးထွားနှုန်း အမြန်ဆုံး ကားဈေးကွက် ဖြစ်နေသည့် အိန္ဒိယဈေးကွက်တွင် SUV ရောင်းအားက hatchback ရောင်းအားကို ၂၀၂၂ တွင် ပထမဆုံးအကြိမ်အဖြစ် ကျော်လွန်ခဲ့သည်ဟု သုတေသနလုပ်ငန်း JATO Dynamics က အချက်အလက်ထုတ်ပြန်ခဲ့သည်။  SUV ရောင်းချစီးရေသည် ၂၀၂၂ တွင် ၂၀၁၅ ခုနှစ်ထက် ၄ ဆ တိုးခဲ့သည်။ 
၂၀၂၂  ခုနှစ်မှာ SUV အစီးရေ ၁.၆ သန်း ရောင်းချခဲ့ရပြီး hatchback စီးရေ ၁.၃၂ သန်း ရောင်းချခဲ့သည်။ SUV က ဈေးကွက်ဝေစု ၄၂% ရရှိပြီး hatchback က ၃၅% ရရှိသည်။

အိန္ဒိယကားဈေးကွက် စုစုပေါင်း ရောင်းအားသည် ၂၀၂၂ တွင် ဂျပန်ထက် ပိုများခဲ့ပြီး ကမ္ဘာ့တတိယအကြီးဆုံး ဈေးကွက် ဖြစ်လာခဲ့စဉ် လူအများတို့ ဝယ်စီးသည့် ကားအမျိုးအစားလည်း ပြောင်းလဲသွားခဲ့သည်။


အိန္ဒိယ ကားဈေးကွက် ဂျပန်ကို ကျော်တက်ပြီး ကမ္ဘာ့တတိယအကြီးဆုံး ကားစျေးကွက်ဖြစ်လာ
https://www.automobiledirectory.com.mm/article/india-tops-japan-to-become-world-s-no-3-auto-market.html


အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ကားပြပွဲကို နယူးဒေလီမြို့တော် ဆင်ခြေဖုံးတွင် ၂၀၂၃ ဇန်နဝါရီလမှာ ကျင်းပခဲ့ရာ အိန္ဒိယ၏ အကြီးမားဆုံး ကားလုပ်ငန်း Maruti Suzuki ၊ Tata Motors ၊ Toyota Motor တို့ ပါဝင်ပြသခဲ့ရာ SUV မော်ဒယ်အသစ်များကိုသာ ပွဲထုတ်ပြသခဲ့ကြသည်။ hatchback မော်ဒယ်အသစ် မပြသကြချေ။ တရုတ်လျှပ်စစ်ကား ထုတ်လုပ်သူ BYD တစ်ဦးတည်းကသာ ဆီဒင် ကားမော်ဒယ်တစ်ခုကို ပြသခဲ့သည်။ 


တောင်ကိုရီးယား Hyundai Motor ၏ အိန္ဒိယယူနစ်မှ အရောင်း၊ စျေးကွက်နှင့် ဝန်ဆောင်မှု ဒါရိုက်တာ Tarun Gargက "အရင်တုန်းကတော့ ကားဝယ်စီးဖို့ ရွေးချယ်တဲ့အခါ လုပ်ဆောင်နိုင်စွမ်းနဲ့ပတ်သက်တယ်။ အခုက မျှော်မှန်းချက်နဲ့ပတ်သက်တယ်" ဟု သူက ပြောပြသည်။

အိန္ဒိယတွင် Hyundai ကာူရောင်းအား၏ ၅၃% သည် SUV များဖြစ်ပြီး ၆၉% အထိ တိုးလာနိုင်သည့်အတွက်  SUV ကို hatchback ထက် ပိုများများထုတ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အကယ်စင်စစ် အိန္ဒိယရှိ ကားထုတ်လုပ်သူအချို့သည် hatchback မော်ဒယ်များ ရောင်းအား ရပ်တန့်သွားသဖြင့် hatchback မော်ဒယ်အသစ်များ ထုတ်လုပ်မှု ရပ်ထားလိုက်ကြပြီ ဖြစ်သည်။

Hyundai သည်  hatchback မော်ဒယ် Santro ထုတ်လုပ်မှုကို ရပ်တန့်ခဲ့သည်။
Nissan Motor သည် ၎င်း၏ hatchback ကား  Datsun အမှတ်တံဆိပ်ကို ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။


Datsun ထုတ်လုပ်မှု အိန္ဒိယတွင် နိဂုံးချုပ်
https://www.automobiledirectory.com.mm/article/datsun-dead-again-globally.html


Honda ကလည်း Brio ကို ရပ်ထားလိုက်ပြီ။
Volkswagen က Polo ကို အရောင်းရပ်တန့်ထားပြီးပြီ ဖြစ်သည်။

SUV များသည် အိန္ဒိယနိုင်ငံရှိ နာမည်ဆိုးသည့်  ကြမ်းတမ်းသော လမ်းကွန်ရက်အတွက် ပိုသင့်တော်သည်ဟု ယာဉ်မောင်းများက ပြောသည်။ 
Pew Research က အိန္ဒိယအိမ်ထောင်စုများတွင် ပျမ်းမျှဦးရေ ၅.၈  ရှိသည်ဟု ၂၀၂၀ အစီရင်ခံစာတွင် ဖော်ပြထားသည်။ SUV များသည် အရွယ်အစား ပိုကြီးသဖြင့် အိမ်သူအိမ်သားများ ခရီးအတူထွက်ဖို့ အဆင်ပြေသည်။ 
လမ်းတွေ ဆိုးတာကတစ်ကြောင်း၊ အိမ်သူအိမ်သား များပြားသည့် အိမ်ထောင်စုများ ကားတစ်စီးတည်းဖြင့် ခရီးအတူသွားနိုင်က တစ်ကြောင်းတို့ကြောင့် SUV ရောင်းအားတက်သည်ဟု Avalon Consulting မှ အမှုဆောင်ဒါရိုက်တာ Subhabrata Sengupta က ပြောကြားသည်။

 SUV ပိုင်ရှင် Banerjee က "SUV တွေက ကြမ်းတမ်းပြီး ချိုင့်ပေါက်တွေများတဲ့ လမ်းများပေါ်မှာ  မောင်းနှင်ဖို့ Hatchback များထက် ပိုပြီး သက်တောင့်သက်သာရှိတာ ငြင်းလို့ မရပါဘူး" ဟု ပြောကြားသည်။
"ပြီးတော့ ဗိုက်က ပိုမြင့်တော့ လမ်းသားနဲ့ တော်ရုံတန်ရုံဖြင့် မပွတ်တိုက်ဘူး။ တချို့က ဈေးပိုမြင့်တဲ့ စည်းစိမ်ကား ဝယ်စီးဖို့ တတ်နိုင်ပေမဲ့၊  အဲဒီကားးတွေက စီးရတာ ပိုဇိမ်ကျတဲ့ကား ဖြစ်ပေမဲ့ SUV ကိုပဲ ဝယ်စီးကြတယ်" ဟု သူက ပြောသည်။

အိန္ဒိယကားဈေးကွက်တွင် ၂၀၁၁ ခုနှစ်တုန်းက SUV မော်ဒယ် အမျိုးမျိုး၂၀ ခုမျှသာ ရှိခဲ့သည်။ ယခု ၅၇ ခု ရှိနေပြီ ဖြစ်သည်။
hatchback သည် ၄၄ ခု ရှိခဲ့ရာမှ ၃၄ ခုသို့ လျော့ကျခဲ့သည်ဟု သုတေသနလုပ်ငန်း Elara Securities က အချက်အလက် ထုတ်ပြန်သည်။

JATO Dynamics မှ ဥက္ကဋ္ဌ နှင့် ဒါရိုက်တာ Ravi Bhatia က SUV ကားများ စျေးနှုန်း မြင့်မားခြင်းသည် ကားထုတ်လုပ်သူများအတွက် ကြီးမားသည့် အမြတ်အစွန်းများ ရရှိစေသည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံရှိ ကားများ၏ ပျမ်းမျှစျေးနှုန်းသည် ကပ်ရောဂါမဖြစ်မီ ရူပီး ၇ သိန်းခွဲ ဖြစ်ခဲ့ပြီး ယမန်နှစ်က ရူပီး ၁ သန်း (ဒေါ်လာ ၁၂,၃၀၀) အထိ မြင့်တက်ခဲ့သည်မှာ ဈေးမြင့်သည့် SUV ကားများကို အဝယ်များကြခြင်းကြောင့် ဖြစ်သည်။
စျေးအသက်သာဆုံး SUV ကားများကို ရူပီး ၈ သိန်း ဝန်းကျင်ဖြင့် ရောင်းချသည်။ သို့သော် SUV အများစုမှာ ဈေးမြင့်သည်။ Jeep ၏ Grand Cherokee မော်ဒယ်သည် ရူပီး ၁၀ သန်းခန့် ပေါက်ဈေးရှိသည်။

SUV အဝယ်များကြသဖြင့်ကားထုတ်လုပ်သူတို့က ကားတွင် နောက်ဆုံးပေါ် လုပ်ဆောင်ချက် အင်္ဂါရပ်များ ဖြည့်ထည့်ပေးသည်။ ပုံမှန်အဖြစ် အခမဲ့ ထည့်ပေးခြင်းအပြင် ကားရောင်းဈေး တိုးမြှင့် သတ်မှတ်၍ ရောင်းချသည်လည်းရှိသည်။ ထိုအခါ အမြတ်ပိုရသည်။ 

ကားထုတ်လုပ်သူတွင် SUV မော်ဒယ်များ မရှိပါက ဈေးကွက်ဝေစု ကျသည်။
Maruti Suzuki ၏ မိခင်လုပ်ငန်း Suzuki Motor ဥက္ကဋ္ဌ Toshihiro Suzuki က အိန္ဒိယကားဈေးကွက်တွင် Maruti Suzuki ၏ ဈေးကွက်ဝေစု လျော့ကျသည်မှာ SUV မော်ဒယ်များ အလုံအလောက် မရှိသောကြောင့်ဟု ဆိုသည်။
ယခင်က ဈေးကွက်ဝေစု ၅၀% ဝန်းကျင် ရရှိခဲ့ပြီး ယခု ၄၁% သို့ ကျဆင်းသွားခဲ့သည်။
"စျေးကွက်ဝေစု 50% ကို မထိန်းထားနိုင်ရတဲ့ အကြောင်းရင်းတွေထဲမှာ တစ်ခုက SUV ကားတွေ ထုတ်လုပ်ရာမှာ နှောင့်နှေးနေတာကြောင့်ပါ။ SUV အပိုင်းအကန့်မှာ ကျွန်တော်တို့ရဲ့ စျေးကွက်ဝေစုက ၁၆% ကနေ ၁၈% အထိပဲ ရှိပြီး ကြီးမားတဲ့ အားနည်းချက်တစ်ခုပါ" ဟု Toshihiro Suzuki က ပြောကြားသည်။

Elara ၏အကြီးတန်းဒုတိယဥက္ကဋ္ဌ Jay Kale က ပစ္စည်းဖိုး ဈေးတက်သဖြင့် hatchback ဈေးနှုန်းများ ၂၀ မှ ၃၀% အထိ မြင့်တက်သည်။ ဈေးတက်သဖြင့် ဝယ်လိုအား ကျဆင်းသည်။ အသစ်မဝယ်တော့ဘဲ တစ်ပတ်ရစ်ကား ဝယ်စီးကြသည်။ အချို့က ဈေးမသက်သာတော့သည့် hatchback ဝယ်မည့်အစား လာမည့်နှစ်များတွင် SUV ကို ဝယ်ကြလိမ့်မည်ဟု သူက ပြောသည်။ ၂၀၂၅ တွင် SUV သည် ဈေးကွက်ဝေစု ၅၇% အထိ ရရှိမည်ဟု သူက ခန့်မှန်းသည်။


Elara ၏ အဆိုအရ အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် တစ်ပတ်ရစ်ကားဟောင်း ၄.၄ သန်း ရောင်းချခဲ့ရပြီး ၂၀၁၆ ထက် ၃၃% တိုးခဲ့သည်။
“၂၀၁၉ နဲ့ ၂၀၂၂ ဘဏ္ဍာနှစ်မှာ  တစ်ပတ်ရစ်ကား ဝယ်ယူမှု မြင့်တက်လာတာက နောင်တစ်ချိန်မှာ SUV တွေ ဝယ်ဖို့ ဖြစ်လာလိမ့်မယ်။ အိန္ဒိယမှာ ကားအသစ် ဝယ်စီးရင် ၅ နှစ်မှ ၈ နှစ်အထိ စီးကြတယ်။ ကားအဟောင်းဆိုရင် ၂ နှစ်မှ ၄ နှစ်အထိ စီးကြတယ်" ဟု Jay Kale က ပြောကြားသည်။

SUV များသည် ဆီစားသည့် ကားများ ဖြစ်ခဲ့ကြသည်။ ယခုအခါ လျှပ်စစ် SUV မော်ဒယ်များ ဈေးကွက်ထဲ ရောက်လာပြီဖြစ်သည်။
အိန္ဒိယအီးဗီဈေးကွက်တွင် အရောင်းရဆုံး အီးဗီမှာ Tata Motors မှ ထုတ်လုပ်သည့်  Nexon ဖြစ်ပြီး SUV အမျိုးအစား ဖြစ်သည်။

Source Asia Nikkei 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 564 times