အိန္ဒိယ ကားဈေးကွက် ဂျပန်ကို ကျော်တက်ပြီး ကမ္ဘာ့တတိယအကြီးဆုံး ကားစျေးကွက်ဖြစ်လာ


အိန္ဒိယ ကားဈေးကွက် ဂျပန်ကို ကျော်တက်ပြီး ကမ္ဘာ့တတိယအကြီးဆုံး ကားစျေးကွက်ဖြစ်လာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

၂၀၂၂ တွင် အိန္ဒိယ ကားဈေးကွက် ရောင်းအားသည် ဂျပန်ထက် ပိုများခဲ့ပါသည်။
အိန္ဒိယ ကားဈေးကွက်သည် ကမ္ဘာ့တတိယအကြီးဆုံး ကားစျေးကွက်အဖြစ်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့သည်။

ပဏာမ ရလဒ်များအပေါ် အခြေခံထားသော အချက်အလက်များအရ အိန္ဒိယကားဈေးကွက်တွင် မော်တော်ကားအသစ်ရောင်းချမှုသည် အနည်းဆုံး အစီးရေ ၄.၂၅ သန်းရှိပြီး ဂျပန်နိုင်ငံတွင် ရောင်းချရမှု ၄.၂ သန်းကို ကျော်လွန်ခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း မော်တော်ယဉ်အသစ်များ တင်ပို့ရောင်းချမှုမှာ စုစုပေါင်း ၄.၁၄ သန်းရှိကြောင်း အိန္ဒိယနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေး အသင်း Indian Automobile manufacturers Society မှ သိရသည်။


အိန္ဒိယ၏ အကြီးဆုံး ကားထုတ်လုပ်သူ Maruti Suzuki မှ  အစီရင်ခံတင်ပြခဲ့သော ဒီဇင်ဘာလ၏ ရောင်းအားပမာဏကို ပေါင်းထည့်လိုက်သည့်အခါ  စုစုပေါင်း အစီးရေ ၄.၂၅ သန်းအထိ ရှိလာပြီဖြစ်သည်။
အိန္ဒိယမှ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း Tata Motors နှင့်တကွ အခြားမော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများမှ နှစ်ကုန်စာရင်း ထုတ်ပြန်သည့်အခါ စုစုပေါင်းစီးရေ ထပ်များလာမည် ဖြစ်သည်။ ထို့ပြင် စတုတ္ထ ၃လပတ်အတွက် လုပ်ငန်းသုံးယာဉ်များ ရောင်းအားကို  ထုတ်ပြန်ကြေညာသည့်အခါ၌လည်း စုစု‌ပေါင်းစီးရေ ထပ်တိုးဦးမည် ဖြစ်သည်။ 

၂၀၂၁ ခုနှစ် စာရင်းကို ပြန်ကြည့်လျှင် ပထမနေရာရှိ တရုတ်နိုင်ငံတွင် စီးရေ ၂၆.၂၇ သန်း၊ ဒုတိယနေရာရှိ အမေရိကန်နိုင်ငံတွင် စီးရေ ၁၅.၄ သန်း၊ တတိယနေရာရှိ ဂျပန်နိုင်ငံတွင် စီးရေ ၄.၄၄ သန်း အသီးသီး ရောင်းချခဲ့သည်။

အိန္ဒိယကားဈေးကွက်သည် ရောင်းအားအတက်အကျ ရှိခဲ့ပါသည်။ အကြမ်းအားဖြင့် ၂၀၁၈ တွင် စီးရေ ၄.၄ သန်း ရောင်းချခဲ့သည်။ ၂၀၁၉ တွင် စီးရေ ၄ သန်းအောက် ရောင်းချခဲ့သည်။  ကိုဗစ်ပြင်းထန်နေသည့် လော့ဒေါင်းကာလ ၂၀၂၀ တွင် စီးရေ ၃ သန်းအောက် ရောင်းချခဲ့သည်။ ၂၀၂၁ တွင် ဦးမော့လာပြီး စီးရေ ၄ သန်းနီးပါး ရောင်းချခဲ့သည်။ 

ပြီးခဲ့သည့်နှစ် ၂၀၂၂ တွင် အိန္ဒိယကားဈေးကွက်မှာ ဟိုက်ဘရစ်အပါအဝင် ဓာတ်ဆီအင်ဂျင် ကားများ အများဆုံး ရောင်းချခဲ့သည်။ လျှပ်စစ်ကားမှာ စတိမျှသာ  ရောင်းချခဲ့သည်။
၂၀၂၂ ကိုဗစ်လွန်ကာလ အိန္ဒိယကားဈေးကွက် အခြေအနေ ပြန်ကောင်းလာသည်။ Maruti Suzuki, Tata Motors အပါအဝင် အိန္ဒိယမှ ကားထုတ်လုပ်သူများ ရောင်းအား မြင့်တက်သည်။

အိန္ဒိယနိုင်ငံ အိမ်ထောင်စု ကားပိုင်ဆိုင်မှုမှာ ၂၀၂၁ တွင် အိမ်ထောင်စု ၈.၅% မျှသာ အိမ်စီးကား ပိုင်ဆိုင်ကြသည်။ 

ဂျပန်ကားဈေးကွက်တွင် ၂၀၂၂ မှာ ၄,၂၀၁,၃၂၁ စီး ရောင်းချခဲ့သည်။ ၂၀၂၁ ထက် ၅.၆% လျော့ကျသည်။
ရောင်းအား ကျဆင်းသည်မှာ ဝယ်လိုအား ကျဆင်းခြင်းကြောင့် မဟုတ်ဘဲ ဝယ်လိုအားကို ပြည့်မီအောင် မထုတ်လုပ်နိုင်သောကြောင့် ရောင်းချစီးရေ လျော့ကျခြင်း ဖြစ်သည်။ ချစ်ပ် မရခြင်း၊ တရုတ်ပြည်မှ တင်သွင်းသည့် ယာဉ်ပစ္စည်းများ မရခြင်းတို့ကြောင့် ထုတ်လုပ်စီးရေ လျော့ကျသည်။ ဝယ်လိုအားကို မပြည့်မီချေ။

ဂျပန်ကားဈေးကွက် ရောင်းအားအထွတ်အထိပ် ရောက်သည်မှာ ၁၉၉၀ ပြည့်နှစ်တွင်ဖြစ်ပြီး စီးရေ ၇.၇၇ သန်း ရောင်းချခဲ့သည်။ 

တရုတ်ကားဈေးကွက် ရောင်းအား တရိပ်ရိပ် မြင့်တက်လာခဲ့ရာ ၂၀၀၆ တွင် ဂျပန်ကားဈေးကွက်ထက် ပိုများခဲ့ပြီး ကမ္ဘာ့ဒုတိယ အကြီးဆုံး ကားဈေးကွက် ဖြစ်လာသည်။ ၂၀၀၉ တွင် အမေရိကန်ကားဈေးကွက်ထက် ပိုများခဲ့ပြီး ကမ္ဘာ့ အကြီးဆုံး ကားဈေးကွက် ဖြစ်လာသည်။ ယခုအထိ ကမ္ဘာ့ အကြီးဆုံး ကားဈေးကွက် ဖြစ်ပါသည်။
Source Asia Nikkei 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 12265 times