Honda က အီးဗီဖွံဖြိုးရေး ဒေါ်လာ ၆၄ ဘီလျံ သုံးစွဲမည်


Honda က အီးဗီဖွံဖြိုးရေး ဒေါ်လာ ၆၄ ဘီလျံ သုံးစွဲမည်
 

ဂျပန်မှ Honda Motor Co Ltd က လာမယ့် ၁၀ နှစ်တာအတွင်း လျှပ်စစ်မော်တော်ယာဉ် သုတေသနနှင့် ဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ ၆၄ ဘီလျံ သုံးစွဲမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

၂၀၃၀ မှာ ကမ္ဘာ့တစ်လွှားရှိ ဈေးကွက်များအတွက် လျှပ်စစ်မော်တော်ယာဉ် electric vehicle (EV) မော်ဒယ် အမျိုးအမည် ၃၀ ထုတ်လုပ်ဖို့ ရည်မှန်းချက် ထားရှိပါတယ်။

အီးဗီ စီးရေ ၂ သန်းဝန်းကျင် ထုတ်လုပ်ဖို့လည်း ရည်မှန်းချက် ထားရှိပါတယ်။ လျင်လျင်မြန်မြန် ကြီးထွားနေတဲ့ လျှပ်စစ်မော်တော်ယာဉ် ဈေ;ကွက်မှာ အမေရိကန်မှ Tesla Inc က ဦးဆောင်နေပြီး ဂျပန်မှ ကားထုတ်လုပ်ရေးလုပ်ငန်းများက ဥရောပနှင့် အမေရိကန် ဈေးကွက်ထဲမှ ပြိုင်ဘက်များထက် နောက်ကျကျန်ရစ်နေတာကြောင့် Honda Motor က အမီလိုက်ပြီး အီးဗီဈေးကွက်ဝေစု ရဖို့ ကြိုးပမ်းဆောင်ရွက်မှာ ဖြစ်ပါတယ်။

Honda ရဲ့ စီအီးအို Toshihiro Mibe က "လာမယ့် ၁၀ နှစ်တာအတွင်း အရင်းအမြစ် ရင်းနှီးမြှုပ်နှံမှုမှာ သုတေသနနှင့် ဖွံ့ဖြိုးရေး ကုန်ကျစရိတ်အတွက် ကျွန်တော်တို့ ယန်း ၈ ထရီလီယံအထိ ရင်းနှီးမြှုပ်နှံပါမယ်" လို့ ပြောကြားပါတယ်။ ယန်း ၈ ထရီလီယံဟာ အမေရိကန်ဒေါ်လာ ၆၄ ဘီလျံနှင့် ညီမျှတဲ့ ပမာဏဖြစ်ပါတယ်။


Honda က မြောက်အမေရိကမှာ အီးဗီ ထုတ်လုပ်ရေးလိုင်းတစ်ခုထားဖို့ ရည်ရွယ်ပါတယ်။ အီးဗီအတွက် ဘက်ထရီကိုတော့ General Motors (GM) မှ ထုတ်လုပ်တဲ့ Ultium ဘက်ထရီကို ရယူသုံးစွဲမှာ ဖြစ်ပါတယ်။

GM နှင့် လက်တွဲတဲ့အပြင် ဘက်ထရီ ထုတ်လုပ်ရေးအတွက် သီးခြားဖက်စပ်လုပ်ငန်းတစ်ခု ထူထောင်လုပ်ကိုင်ဖို့ကိုလည်း စဉ်းစားနေပါတယ်။

GM က Honda မော်ဒယ် ၂ မျိုး ထုတ်လုပ်ပေးရန် သဘောတူ


GM နှင့် အတူ လက်တွဲပြီး ဈေးနှုန်းအနိမ့် အီးဗီမော်ဒယ်စီးရီးများကို ဖက်စပ် ပလက်ဖောင်း အသစ်တစ်ခု အခြေပြု ထုတ်လုပ်မယ်လို့လည်း ထုတ်ပြန်ကြေညာပါတယ်။ Honda ရဲ့ လျှပ်စစ် SUV မော်ဒယ်နှစ်မျိုးကို GM က ၂၀၂၄ မှာ စတင်ထုတ်လုပ်ဖို့ အစီအစဉ်ကို တိုးချဲ့လုပ်ဆောင်တာ ဖြစ်ပါတယ်။

Honda က Sony Corp နှင့်အတူ အီးဗီ ထုတ်လုပ်ရောင်းချဖို့ အစီအစဉ်ကိုလည်း ဆောင်ရွက်နေပါတယ်။ ပထမဆုံး မော်ဒယ်ကို ၂၀၂၅ မှာ စတင်ရောင်းချဖို့ လျာထားပါတယ်။

Sony က အီးဗီထုတ်လုပ်ဖို့ Honda နှင့်လက်တွဲမည်
 

Read 467 times