GM က Honda မော်ဒယ် ၂ မျိုး ထုတ်လုပ်ပေးရန် သဘောတူ


GM က  Honda မော်ဒယ် ၂ မျိုး ထုတ်လုပ်ပေးရန် သဘောတူ

 

တန်ဖိုးသင့် အီးဗီ ထုတ်လုပ်ရန် GM နှင့် Honda တို့ ပူးပေါင်းလုပ်ကိုင်ကြရန် သဘောတူထားကြပါတယ်။
General Motors နှင့် Honda Motor Co တို့က ဈေးသက်သာတဲ့ လျှပ်စစ်မော်တော်ယာဉ်များ ထုတ်လုပ်ဖို့ အတူပူးပေါင်း လုပ်ကိုင်ကြမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။ ၂၀၂၇ မှာ တန်ဖိုးသင့်အီးဗီများ စီးရေ သန်းချီထုတ်လုပ်ဖို့ ရည်မှန်းထားကြပါတယ်။ ရောင်းအားကို Tesla ထက် စီးရေ ပိုများစေမှာ ဖြစ်ပါတယ်။

အစီအစဉ်တစ်ခုက ၂၀၂၄ မှာ Honda အတွက် လျှပ်စစ် SUV မော်ဒယ် ၂ မျိုး Honda Prologue နှင့် Acura တို့ကို GM က စတင် ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ 

အဆိုပါ သဘောတူညီချက်အရ GM ရဲ့  Ultium ဘက်ထရီနည်းပညာကို အသုံးပြုပြီး တည်ဆောက်ထားတဲ့ အငယ်စား SUV ကားများအပါအဝင် လူအများ ဝယ်စီးဖို့ "တတ်နိုင်သော" အီးဗီများ ထုတ်လုပ်ကြမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ကားဈေးကွက် လက်ရှိအနေအထားအရ အငယ်စား SUV   တွေက အရောင်းရဆုံး ဖြစ်နေပြီး တစ်နှစ်လျှင် စီးရေ ၁၃ သန်းကျော် ရောင်းအား ရှိနေတယ်လို့ General Motors နှင့် Honda Motor Co တို့ရဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

 

GM CEO Mary Barra


GM အမှုဆောင်အရာရှိချုပ် Mary Barra က GM ရဲ့ လျှပ်စစ်ကား Chevrolet Equinox SUV ကို အမေရိကန်ဒေါ်လာ ၃၀,၀၀၀ အောက် ရောင်းဈေးဖြင့် ရောင်းချမယ်လို့ ဆိုပါတယ်။ လူအများ ဝယ်စီးဖို့ လက်လှမ်းမီတဲ့ အနိမ့်ဈေးနှုန်း လျှပ်စစ်မော်တော်ယာဉ် မော်ဒယ်အသစ်များ ရရှိနိုင်စေမယ်လို့ Mary Barra က ပြောကြားပါတယ်။
Tesla ရဲ့ လျှပ်စစ်မော်တော်ယာဉ် ရောင်းအားထက် ပိုများစေဖို့ GM ရဲ့ အစီအစဉ်တစ်ရပ် ဖြစ်ကြောင်း Mary Barra က ပြောကြားပါတယ်။ 
"ကျွန်မတို့မှာ အလွန်အရေးပါတဲ့ ရည်မှန်းချက် တစ်ခု ရှိတယ်။ အမေရိကန်ကားဈေးကွက်မှာ ကျွန်မတို့က လျှပ်စစ်ကား စီးရေအများဆုံး ရောင်းချတဲ့ကုမ္ပဏီဖြစ်ရမယ်။ အဲဒီအတွက် ဈေူနှုန်း အတန်းအစား အမျိုးမျိုးအတွက် အီးဗီတွေ ထုတ်လုပ်ရောင်းချဖို့ လိုအပ်ပါတယ်" လို့ သူက ပြောကြားပါတယ်။
GM က အရွယ်ကြီးကြီး အီးဗီမော်ဒယ်များ၊ အရွယ်ငယ်ငယ် အီးဗီများ ထုတ်လုပ်ဖို့ အစီအစဉ် ရှိတယ်လို့ သူက ပြောပါတယ်။
 
ယခုလို ပူးပေါင်းလုပ်ဆောင်တဲ့ အစီအစဉ်မှာ ဘယ်ရွေ့ဘယ်မျှ ရင်းနှီးမြှုပ်နှံသလဲ ဆိုတာ ထုတ်ဖော်ပြောပြခြင်း မပြုပါဘူး။ ထည့်ဝင်တဲ့ အချိုးအစားကိုလည်း အသိပေးခြင်း မပြုသေးပါဘူး။ 

Read 2748 times