ထိုင်းနိုင်ငံ ကားထုတ်လုပ်မှု အစီးရေ ၂ သန်းရောက်ရှိရန် မျှော်မှန်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် Federation of Thai Industries(FTI) သည် ယခုနှစ်အတွင်း ထိုင်းနိုင်ငံ ကားထုတ်လုပ်မှု အစီးရေ ၂ သန်းရောက်ရှိရန် မျှော်မှန်းထားသည်။ Covid-19 ကပ်ရောဂါမတိုင်မီအဆင့်နီးပါးသို့ ပြန်လည်ရောက်ရှိရန် မျှော်လင့်ထားခြင်းဖြစ်သည်။
ပြည်တွင်းမှာ လျှပ်စစ်မီတာခများ တိုးမြှင့်သတ်မှတ်လိုက်သောကြောင့် ကုန်ကျစရိတ် မြင့်တက်နေပြီး ပြည်ပတွင် ဘဏ်များ ပြဿနာတက်နေစဉ် ကားထုတ်လုပ်မှု မျှော်မှန်းချက်ကို တိုးမြှင့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
FTI လက်အောက်ရှိ Automotive Industry Club သည် ၂၀၂၃ အတွက် ထုတ်လုပ်မှု လျာထားချက်ကို ကားစီးရေ ၁.၉၅ သန်း သတ်မှတ်ခဲ့သည်။
"ပြည်ပသုိ့ ကားတင်ပို့မှု ဆက်လက်ကြီးထွားနေဆဲဖြစ်ပြီး ခရီးသွားလုပ်ငန်းကြောင့် ပြည်တွင်းရောင်းအား ပြန်လည်ကောင်းမွန်လာသဖြင့် ထိုင်းနိုင်ငံ ကားထုတ်လုပ်မှုတွင် အခြေအနေကောင်းတဲ့ လက္ခဏာများကို ကျွန်တော်တို့ မြင်တေွ့ရပါတယ်" ဟု FTI ဒုဥက္ကဋ္ဌနှင့် ကလပ်၏ ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က ပြောကြားသည်။
ဇန်နဝါရီမှ မတ်လအထိ စုစုပေါင်းကား အစီးရေ ၅၀၇,၇၈၇ ထုတ်လုပ်ခဲ့သည်။
မတ်လတွင် အစီးရေ ၁၇၉,၈၄၈ ထုတ်လုပ်ခဲ့သည်။
"ပြည်တွင်းရောင်းချမှုနှင့် ပို့ကုန်များအတွက် ကားထုတ်လုပ်မှု တိုးလာတာဟာ မော်တော်ကားထုတ်လုပ်သူများထံသို့ ဆီမီးကွန်ဒတ်တာများ ပိုမိုပေးသွင်းလာနိုင်ခဲ့လို့ ဖြစ်ပါတယ်" ဟု Mr Surapong က ပြောကြားသည်။
"တကယ်လို့ သုံးလပတ်တစ်ခုစီမှာ ကားအစီးရေ ၅ သိန်းလောက် ထုတ်လုပ်မယ်ဆိုရင် တစ်နှစ်ပတ်လုံး ထုတ်လုပ်မှုက ကားစီးရေ ၂ သန်းအထိ ရှိလာနိုင်ပါတယ်" ဟု ၎င်းက ပြောကြားသည်။
ပြည်ပသို့ ကားတင်ပို့မှုသည် ပထမသုံးလပတ်တွင် အစီးရေ ၂၈၈,၁၃၀ ရှိပြီး မတ်လတွင် အစီးရေ ၁၀၀,၉၈၆ တင်ပို့ခဲ့သည်။
မော်တော်ကားတင်ပို့မှု အလားအလာ ကောင်းနေဆဲဖြစ်သည်။ သို့သော် ဩစတြေးလျသို့ ကားတင်ပို့မှုတွင် ပြဿနာရှိနေသည်။
ထိုင်းနိုင်ငံမှ တင်ပို့သည့် ကားများထဲတွင် တောရိုင်းပန်းမျိုးစိတ်အချို့ကို ဩစတြေးလျအာဏာပိုင်များက တွေ့ရှိခဲ့သည်။ သို့ဖြစ်ရာ မလိုလားအပ်သော အပင်ငယ်များ ဩစတေးလျတွင် ရောက်ရှိပျံ့နှံ့မည်ကို စိုးရိမ်ရသည်။
ထို့အတွက် ဆိပ်ကမ်းတွင် သင်္ဘောတင်မည့်ကားများကို ချောင်ကြိုချောင်ကြားမကျန် ပိုက်စိပ်တိုက် စစ်ဆေးရသဖြင့် ကုန်ကျစရိတ် ရှိနေစေသည်။
ထို့ပြင် ထိုင်းနိုင်ငံတွင် လျှပ်စစ်မီတာခ နှုန်းထားများ တိုးမြှင့် သတ်မှတ်လိုက်သဖြင့်လည်း ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်သည်။
ဆက်စပ်ဖတ်ရှုရန်
ဩစတေးလျတွင် ကွာရင်တိုင်းကြောင့် ကားအသစ် ၆ သောင်းကျော် စောင့်ဆိုင်းနေရ
https://www.automobiledirectory.com.mm/article/auzi-quarantine-delay.html
အမေရိကန်၊ ဆွစ်ဇာလန်နှင့် ဂျာမနီတို့တွင် ဘဏ်လုပ်ငန်း မငြိမ်မသက်ဖြစ်မှုသည် ထိုင်းနိုင်ငံမှ ကားတင်ပို့မှုကို အဟန့်အတားဖြစ်စေသည့် နောက်ထပ်အန္တရာယ်အချက်တစ်ချက်ဖြစ်ကြောင်း မစ္စတာဆူရာပေါင်က ပြောကြားခဲ့သည်။
ထိုင်းပြည်တွင်း ရောင်းအား မတ်လတွင် လျော့ကျခဲ့ပြီး ၇၉,၈၄၃ စီး ရောင်းချခဲ့သည်။
Source Bangkokpost
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U