ဩစတေးလျတွင် ကွာရင်တိုင်းကြောင့် ကားအသစ် ၆ သောင်းကျော် စောင့်ဆိုင်းနေရ
TO GET INSTANT UPDATE
Join Telegram Channel
ဩစတြေးလျနိုင်ငံတစ်ဝှမ်းရှိ ဆိပ်ကမ်းများတွင် ကွာရင်တိုင်း ကင်းရှင်းချက် quarantine clearance ရရှိရန် စောင့်ဆိုင်းနေသော ကားအသစ် အစီးရေ ၆၀,၀၀၀ ကျော်သည် ဆိပ်ကမ်းများ အနီးရှိ သင်္ဘောများပေါ်တွင် လည်းကောင်း၊ ဆိပ်ခံတွင် ဆိုက်ကပ်ထားသော သင်္ဘောများပေါ်တွင် လည်းကောင်း ရှိနေကြသည်။ နှောင့်နှေးကြန့်ကြာနေရခြင်းကို မည်သို့ ဖြေရှင်းပေးမည် ဆိုသည်ကို မသိရသေးပေ။
ဩစတေးလျ ကားအသစ် ဈေးကွက်တွင် မှာကြားထားသူများထံ ပေးပို့သည့် တစ်လစာ ကားစီရေဝန်းကျင် ဖြစ်သော ကားစီးရေ ၆ သောင်းကျော်တို့သည် ကွာရင်တိုင်း ဆောင်ရွက်ချက် နှေးကွေးနေသဖြင့် သင်္ဘောများပေါ်မှာ ဆက်ရှိနေကြသည်။
ကားအသစ် မှာကြားထားပြီး စောင့်ဆိုင်းနေကြသူများ စောင့်ဆိုင်းကာလ ပိုကြာမြင့်တော့မှာ သေချာနေသည်။
ဩစတေးလျမှ ဆိပ်ကမ်းများသို့ ကားများ လိုက်လံပို့ဆောင်နေဆဲ ကားတင်သင်္ဘော စီးရေ အနည်းဆုံး ၂ ဒါဇင်သည် ဆိပ်ကမ်းများအနီး ကျောက်ချရပ်နားထားပြီး စောင့်ဆိုင်းနေကြသည်။
ဩစတြေးလျနိုင်ငံ စိုက်ပျိုးရေးကို အန္တရာယ်ပြုနိုင်သော မျိုးစေ့များနှင့် ပိုးမွှားများကဲ့သို့သော ပြင်းထန်သော ဇီဝလုံခြုံရေးထိပါးသည့် အန္တရာယ်များ ကင်းရှင်းစေရေးအတွက် ကျွမ်းကျင်သန့်ရှင်းရေးအဖွဲ့များသည် ယာဉ်များကို သန့်ရှင်းရေး လုပ်ဆောင်လျက် ရှိသည်။
ကားများ ဆိပ်ကမ်းတွင် အတင်အချ ပြုရာတွင် အထူးကျွမ်းကျင်သော သင်္ဘောကုန်တင်ကုန်ချ အလုပ်သမားများက ပြောကြားကြသည်မှာ ပုံမှန်အားဖြင့် ကားတင်သင်္ဘော တစ်စီးပေါ်မှ ကားများကို ဆိပ်ကမ်းသို့ ချသည့်အခါ တစ်ရက် ၂၄ နာရီပတ်လည် အဆိုင်းများ ခွဲပြီး ချကြကြောင်း၊ တစ်ရက်လျှင် ကားအသစ်စီးရေ ၃,၀၀၀ ဝန်းကျင်ပြီးစီးကြောင်း၊ ပျမ်းမျှအားဖြင့် တစ်နာရီလျှင် ကားအသစ် ၁၂၅ စီးခန့် ပြီးစီးကြောင်း ပြောကြားသည်။
ယခု ကွာရင်တိုင်း လုပ်ဆောင်နေကြသည်မှာ တစ်နာရီလျှင် ကား ၉ စီးမျှသာ ပြီးစီးသည်။ ကားတစ်စီးလုံး နေရာအနှံ့ စေ့စေ့စပ်စပ် စစ်ဆေးရသဖြင့် အချိန်ယူရသည်။ ထိုသို့ ကွာရင်တိုင်း လုပ်ဆောင်ခြင်းကို ပုံမှန် အလုပ်ချိန်တွင်သာ လုပ်ဆောင်သည်။ ၂၄ နာရီ ပတ်လည် လုပ်ဆောင်ခြင်း မပြုချေ။
၎င်းနှုန်းဖြင့် ကွာရင်တိုင်း ကင်းရှင်းရေး အဖွဲ့သည် တစ်ပတ်လျှင် ကား စီးရေ ၃၅၀ ခန့်သာ ပြီးစီးမည်။
ဩစတေးလျတွင် ကားအသစ် တစ်ပတ်လျှင် စီးရေ ၂၁,၀၀၀ ဝယ်ယူသည်။
နိုင်ငံတစ်ဝှမ်းရှိ ဆိပ်ကမ်းများတွင် ဆိပ်ကမ်း တစ်ခုပြီး တစ်ခု ကမ်းကပ်ပြီး ကားများချရန် စောင့်ဆိုင်းနေသည့် ကားတင်သင်္ဘောအနည်းဆုံး ၂၄ စီးနေပြီ ဖြစ်သည်။
အဆိုးဆုံးသော ဆိပ်ကမ်းမှာ မဲလ်ဘုန်းဖြစ်သည်။ ကားတင်သင်္ဘော ၁၂ စင်း စောင့်နေကြသည်။
ဆစ်ဒနီကမ်းလွန်တွင် အနည်းဆုံး နောက်ထပ် ကားတင်သင်္ဘော လေးစင်းရှိေနသည်။ ဘရစ်ဘိန်း ကမ်းလွန်တွင် နောက်ထပ်လေးစင်း ရှိနေသည်။
သင်္ဘောတစ်စင်းလျှင် မော်တော်ကား အစီးရေ ၃,၀၀၀ အနည်းဆုံး တင်ဆောင်ထားပြီး အများဆုံး ၆,၀၀၀ ကျော်အထိ ရှိသည်။ ၎င်း ပမာဏဖြင့် ခန့်မှန်းတွက်ချက်ပါက ဩစတေးလျ အရှေ့ဘက်ကမ်းရိုးတန်းတွင် အနည်းဆုံး ကားသစ် ၆၀,၀၀၀ ခန့် ဆိပ်ကမ်းတွင် ချဖို့ စောင့်ဆိုင်းနေပါသည်။
ဩစတေးလျတွင် ကားအသစ် မှာယူပါက သီတင်းပတ် ၆ ပတ်မှ ၁၈ လအထိ စောင့်ကြရသည်။ ယခု ကွာရင်တိုင်း စီမံချက်ကြောင့် စောင့်ဆိုင်းရချိန် ၆ ပတ်မှ ၈ ပတ်အထိ ပိုကြာမည် ဖြစ်သည်။
မော်တော်ယဉ်သစ်များ စံချိန်တင် တင်ပို့မှုကြောင့် ယခင်ကထက် ပိုမိုများပြားသော အရေအတွက်ဖြင့် ရောက်လာနေကြသည်မှာ ၃ လ ရှိသွားပြီ ဖြစ်သည်။
အချို့ကားတင်သင်္ဘောများသည် ကမ်းကပ်ဖို့ ၂ ပတ်အထိ စောင့်ကြရသည်။
နိုင်ငံတစ်ဝှမ်းရှိ ဆိပ်ကမ်းများတွင် နှောင့်နှေးမှုများကို အလေးပေးဖော်ပြသည့် အသိပေး ဖော်ပြသည့် အသိပေးစာများကို ကားကုမ္ပဏီများက အရောင်းကိုယ်စားလှယ်များနှင့် လော့ဂျစ္စတစ် အော်ပရေတာများထံ ပေးပို့ထားကြသည်။
ကွာရင်တိုင်း သန့်ရှင်းရေးတာဝန်ယူထားသော ကန်ထရိုက်တာများမှ မော်တော်ယဉ်များ သန့်ရှင်းရေးလုပ်ငန်းစဉ်ကြောင့် ကားများချရန် ၁၄ ရက်အထိ နှောင့်နှေးနိုင်ပါသည်။
အကယ်၍ ကားတွင် ပိုးမွှားတွေ့ရှိပါက ဆိပ်ကမ်းမှ ချက်ချင်းထုတ်ခွင့် မရပါ။ ပိုးသတ်သည့် လုပ်ငန်းစဉ်ကို ဆောင်ရွက်မည် ဖြစ်ပြီး နောက်ထပ်တစ်ကြိမ် အစစ်ဆေးခံရမည် ဖြစ်သည်။ ကင်းရှင်းချက် ရရှိမှသာ ဆိပ်ကမ်းအပြင်သို့ ထုတ်ခွင့် ရမည် ဖြစ်သည်။
ဩစတေးလျသည် အာရှ-ပစိဖိတ်ဒေသမှ ထုတ်လုပ်သော ကားအသစ်များကို အများဆုံး တင်သွင်းပါသည်။
Toyota၊ Mazda၊ Hyundai၊ Kia၊ Ford၊ Isuzu၊ Mitsubishi၊ Nissan, Suzuki, MG, LDV, Great Wall Motors Haval အစရှိသော ကား brand များ ပါဝင်ပါသည်။
ဩစတေးလျတွင် ရောင်းချသည့် ကားသစ်ငါးစီးတွင် တစ်စီးသည် ဂျပန်ကားကုမ္ပဏီကြီး Toyota ၏ ကား ဖြစ်သဖြင့် ဆိပ်ကမ်းများတွင် နှောင့်နှေးမှုများကြောင့် အဆိုးရွားဆုံး ထိခိုက်နေပါသည်။
Toyota မှ ထုတ်ပြန်ချက်တွင် "Toyota သည် စံဇီဝလုံခြုံရေး လုပ်ငန်းစဉ်တွင် အပြည့်အဝ ပူးပေါင်းလုပ်ဆောင်ပါသည်။ မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဩစတြေးလျ ဆိပ်ကမ်းများတွင် မော်တော်ယာဉ်များအတွက် လုပ်ဆောင်ရန် ကြာချိန်များ တိုးလာခဲ့ပါသည်။
တိုယိုတာတွင် ဩစတြေးလျသို့ မော်တော်ယာဉ်များ တင်ပို့သည့် ဆိပ်ကမ်းအားလုံးအတွက် ကြပ်မတ်စစ်ဆေးခြင်းနှင့် သန့်ရှင်းရေးလုပ်ထုံးလုပ်နည်းများ ရှိပါသည်။ မှာကြားဝယ်ယူသူများထံ အမြန်ဆုံး မော်တော်ကားများ ပို့ဆောင်ပေးနိုင်ရန် ကျွန်ုပ်တို့ ဆက်လက် လုပ်ဆောင်နေပါသည်။" ဟု ဖော်ပြထားပါသည်။
ဥရောပမှ တင်သွင်းသည့် brand များလည်း အလားတူပင် ဆိပ်ကမ်းများမှာ ကြန့်ကြာနေပါသည်။
ဖြစ်ရပ်တစ်ခုတွင် ကားများကို မူရင်းထုတ်လုပ်သည့် နိုင်ငံသို့ ပြန်လည်ပေးပို့ခဲ့ရပါသည်။
တရုတ်ထုတ်လုပ်သူ MG သည် ကားအစီးရေ ၁,၀၀၀ ကို ဆစ်ဒနီတောင်ဘက်ရှိ Port Kembla တွင် ကားများကို ချခဲ့ပါသည်။ ခရုတစ်ကောင်ကို ကားပေါ်တွင် တွေ့ရှိသဖြင့် ကားများကို တရုတ်ပြည်သို့ ပြန်ပို့ပြီး သန့်ရှင်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ခဲ့ရပါသည်။
ဆိပ်ကမ်းတွင် ချပြီးခါစ ကားတွင် ပိုးမွှားတွေ့ရှိပါက ၎င်းကား တင်ဆောင်သည့် သင်္ဘောတစ်စီးလုံးကို ပိုးသတ်ရသည့် ဖြစ်ရပ်မျိုးလည်း ရှိပါသည်။ ၎င်းသင်္ဘောပေါ်မှ ဆိပ်ကမ်းတွင် ချထားပြီးသားကားများကိုလည်း ဆိပ်ကမ်းတွင် ပိုးသတ်သည့် လုပ်ငန်းစဉ် ဆောင်ရွက်ပါသည်။ သို့ဖြစ်ရာ သီတင်းပတ် အနည်းငယ် ပိုကြာသွားပါသည်။
ထိုသို့ ပိုးသတ်ထားစဉ် အခြားကားသင်္ဘောများသည် ကားများ ချ၍မရတော့ဘဲ စောင့်ဆိုင်းကြရပါသည်။
တွေ့ရှိသည့် ပိုးမွှားသည် ပျံသန်းနိုင်ပါက ပြဿနာ ပိုကြီးမားပါသည်။ သင်္ဘောပေါ်ရှိ အခြားကားများထံ ပျံသန်းရောက်ရှိနေနိုင်ပါသည်။
Tesla နှင့် Ford တို့သည် ၎င်းတို့၏ ကားများကို အခြား brand မှ ကားများနှင့်အတူ သင်္ဘောတစ်စီးတည်းမှာ အတူတကွ တင်ပို့ခြင်း မပြုကြပါ။ သီးသန့် စင်းလုံးငှားပြီး တင်ပို့ကြပါသည်။ ထိုသင်္ဘောများသည်လည်း ဆိပ်ကမ်းကပ်ရန် အလှည့်ကျဖို့ စောင့်ကြရပါသည်။
Ford က Hercules Leader အမည်ရှိ ကားတင်သင်္ဘောကို စင်းလုံးငှားပြီး စီးရေ ၂,၇၀၀ ပေးပို့ခဲ့ပါသည်။ ဆိပ်ကမ်းကပ်ဖို့ စောင့်ဆိုင်းနေရသဖြင့် ကားမှာကြားထားသူများထံသို့ ရက်ပိုကြာကြာ စောင့်နေရသည့်အတွက် တောင်းပန်စာ ပေးပို့ခဲ့ပါသည်။
ဆိပ်ကမ်းတစ်ခုတည်းမှာ ကားများ အကုန်ချပြီး ကုန်လမ်းမှ ပို့ဆောင်ရန်အတွက် ကားတင်ထရပ်ကားများ အလုံအလောက် မရရှိနိုင်သောကြောင့် သင်္ဘောဖြင့်သာ နီးရာဆိပ်ကမ်းများသို့ ပေးပို့ရပါသည်။
Hercules Leader သည် Melbourne၊ Sydney၊ Brisbane နှင့် Fremantle (Perth အနီး) အစရှိသည့် ဆိပ်ကမ်းများမှာ ကားများ ချပေးရပါသည်။ ဆိပ်ကမ်းတစ်ခု ရောက်တိုင်း တစ်ခါကြာပါသည်။
မော်တော်ကားစက်ရုံနှင့် သင်္ဘောဆိပ်ကမ်းကြား နေရာများတွင် မော်တော်ယာဥ်အသစ်များ ထားရှိပြီး သင်္ဘောတင်ဖို့ စောင့်ကြရသဖြင့် ယာဉ်အသစ်များသည် ဇီဝလုံခြုံရေးထိပါးမည့် အန္တရာယ် တိုးလာခြင်း ဖြစ်နိုင်ကြောင်း ကားလုပ်ငန်းကဏ္ဍမှ ကျွမ်းကျင်သူများက ပြောကြားပါသည်။
ယခုအခါ ကားအသစ်များ တင်ပို့ရန် ကားတင်သင်္ဘောများ မလုံလောက်သဖြင့် သင်္ဘောရဖို့ ရက်ကြာကြာ စောင့်ရသည့် ဖြစ်ရပ်များ ရှိနေပါသည်။ သီတင်းပတ် အတန်ကြာ ကွင်းပြင်ထဲ ကားများ ရပ်ထားပြီး စောင့်ဆိုင်းနေသည့် ရက်ကာလတွင် ပိုမွှားများ ယာဉ်အတွင်း အချိန်မရွေး ရောက်ရှိနိုင်ပါသည်။ လေနှင့်အတူ ပါလာသော ပိုးမွှားများ၊ သေးငယ်သည့် မျိုးစေ့များ ကားကိုယ်ထည်အတွင်း တစ်နေရာရာသို့ ရောက်ရှိနိုင်ပါသည်။
ယခုအခါ ပိုးတွေ့၊ မျိုးစေ့တွေ့ရှိသည့် ဖြစ်ရပ်များ ပိုများလာနေပါသည်။
တစ်နှစ်တာ၏ပူနွေးသောလများဖြစ်သည့် နိုဝင်ဘာမှ ဖေဖော်ဝါရီအထိ မော်တော်ကားများနှင့်ကွန်တိန်နာများတွင် ဇီဝလုံခြုံရေး ထိခိုက်သည့် ပိုမွှားတွေ့ရှိခြင်း များပြားလေ့ ရှိပါသည်။ ရာသီအလိုက် ကားကြုံစီးသည့် ပိုမွှားများ "seasonal hitch-hiker pests" လည်း ရှိပါသည်။
Source drive
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U