Xiaomi အီးဗီ ထုတ်လုပ်ရေး ခွင့်ပြုမိန့် ရရှိ


Xiaomi အီးဗီ ထုတ်လုပ်ရေး ခွင့်ပြုမိန့် ရရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


BYD သည် ၂၀၀၃ ခုနှစ်တွင် ကားလုပ်ငန်းသို့ စတင်ဝင်ရောက်ခဲ့သည်။ အာဏာပိုင်တို့ထံမှ ကားထုတ်လုပ်ရေး ပါမစ်ရဖို့ ခဲယဉ်းနေသဖြင့် ကားထုတ်လုပ်ရေး လိုင်စင်ရရှိထားသည့် Nanjing အခြေစိုက် မော်တော်ကားထုတ်လုပ်သူ Qin Chuan ကို ဝယ်ယူလိုက်သည်။ နောက် ၃ နှစ်အကြာတွင် BYD ပထမဆုံး မော်ဒယ်ကို ထုတ်လုပ်ခဲ့သည်။

စမတ်ဖုန်း ထုတ်လုပ်သည့် Xiaomi သည် အီးဗီ ထုတ်လုပ်ရေးကို ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရာ၌ ကားထုတ်လုပ်ရေး လိုင်စင်ရထားသည့် ကုမ္ပဏီကို ဝယ်ယူပြီး ကားထုတ်လုပ်သောနည်းလမ်း၊ ကားထုတ်လုပ်ရေး လိုင်စင်ရထားသည့် ကုမ္ပဏီနှင့် ဖက်စပ်လုပ်ငန်း ထူထောင်ပြီး ကားထုတ်လုပ်သောနည်းလမ်းတို့အတွက် ကားထုတ်လုပ်ရေး လိုင်စင်ရထားသည့် ကုမ္ပဏီအချို့နှင့် ဆွေးနွေး ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့သည်။
တချိန်တည်းမှာပင် ကားထုတ်လုပ်ရေး လိုင်စင် လျှောက်ထားခဲ့သည်။
ယခုအခါ Xiaomi သည် ရဖို့ အင်မတိအင်မတန် ခဲယဉ်းနေသည့် ကားထုတ်လုပ်ခွင့် ပါမစ်ကို ရရှိသွားသည်။ 
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် National Development and Reform Commission (NDRC) သည် ကားထုတ်လုပ်ခွင့် ပါမစ် ချပေးသော အာဏာပိုင်အဖွဲ့အစည်းဖြစ်ပြီး Xiaomi သည် ၂၀၁၇ ခုနှစ် နှစ်ကုန်မှစ၍ ယခုအထိ ကားထုတ်လုပ်ခွင့် ပါမစ်ရသည့် စတုတ္ထမြောက် ကုမ္ပဏီ ဖြစ်သည်။

အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) သည် တရုတ်နိုင်ငံ၏ မော်တော်ကားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှုအသစ်များကို ကြီးကြပ်ပေးသော အာဏာပိုင် အဖွဲ့အစည်းဖြစ်ပြီး Xiaomi ကို အီးဗီ ထုတ်လုပ်ရန် ဩဂုတ်လဆန်းပိုင်းတွင် ခွင့်ပြုမိန့် ပေးခဲ့သည်။ 

NRDC သည် ကုမ္ပဏီများ၏ အီးဗီထုတ်လုပ်မှုအစီအစဥ်အသစ်များကို အတည်ပြုရာတွင် တရုတ်ပြည်တွင်းစျေးကွက်တွင် ၀ယ်လိုအားထက် ထုတ်လုပ်မှုက လွန်ကဲနေခြင်း၊ ထုတ်လုပ်မှုက ပိုများလာနေချိန် ဝယ်လိုအားက ကျဆင်းနေခြင်း တို့ကြောင့်  စိုးရိမ်မှုများရှိနေသဖြင့် ပိုမိုသတိထားရန် လိုအပ်နေသည်။ 

Tesla သည် ၎င်း၏ ရှန်ဟိုင်းစက်ရုံကို တိုးချဲ့ရန် အစီအစဉ်ကို NRDC ထံ တင်ပြထားရာ၌ အတည်ပြုချက် မရရှိသေးပေ။
 အမေရိကန်မှ အထက်တန်းစား အီးဗီ ထုတ်လုပ်သည့် Lucid Group က တရုတ်ပြည်မှာ အီးဗီများ ထုတ်လုပ်လိုသည်။ NRDC က ခွင့်ပြုခဲ့ချေ။
 သို့ဖြစ်ရာ Xiaomi သည် ထူးထူး ရှားရှား ထုတ်လုပ်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

Xiaomi သည် နောက်တစ်ဆင့်တွင် ထုတ်လုပ်မည့် ကားမော်ဒယ်အတွက် စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန Ministry of Industry and Information Technology (MIIT) ထံမှ အတည်ပြု ခွင့်ပြုချက် ရယူရမည် ဖြစ်သည်။ ၎င်းဝန်ကြီးဌာနက ကားမော်ဒယ်ကို နည်းပညာပိုင်း စိတ်ချရမှု၊ ဘေးကင်းရေးအတွက် လိုအပ်ချက်များ အစရှိသည်တို့ကို စိစစ်မည် ဖြစ်သည်။


၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် Xiaomi သည် ၎င်း၏ စမတ် အီးဗီလုပ်ငန်းကို Xiaomi က ရာနှုန်းပြည့် ပိုင်ဆိုင်သည့် လုပ်ငန်းခွဲတစ်ခုအဖြစ်  တည်ထောင်ရန် စီစဉ်နေကြောင်း ဟောင်ကောင်စတော့အိတ်ချိန်းတွင် ကြေညာခဲ့သည်။
Xiaomi ၏ မော်တော်ကားလုပ်ငန်းတွင် ကနဦး ရင်းနှီးမြှုပ်နှံမှုမှာ ယွမ် ၁၀ ဘီလီယံ (ဒေါ်လာ ၁.၄ ဘီလီယံ) ဖြစ်ပြီး လာမည့် ၁၀ နှစ်တာတွင် ကန်ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် Xiaomi ၏ တည်ထောင်သူ ဥက္ကဋ္ဌ နှင့် CEO ဖြစ်သူ Lei Jun က Xiaomi ၏ ကားထုတ်လုပ်ရေး လုပ်ငန်း တိုးတက်ဖြစ်ပေါ်မှုသည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပထမဆုံးကားမော်ဒယ်ကို ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်မှာ တရားဝင် အမြောက်အမြား ထုတ်လုပ်ရန် မျှော်မှန်းထားကြောင်း Lei Jun က ပြောကြားခဲ့သည်။

ယခုနှစ် မတ်လ ၅ ရက်နေ့တွင် Lei မှ Xiaomi ၏ ပထမဆုံး အီးဗိ ကို ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် အမြောက်အမြား စတင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြု ပြောကြားခဲ့သည်။ မော်ဒယ်အသစ်ကို ဆောင်းရာသီ အေးခဲသည့်ဒဏ် ခံနိုင်ရည် စမ်းသပ်ပြီးပြီဟု Lei က ပြောကြားခဲ့သည်။
 

ဘေဂျင်းမြို့တော် Yizhuang တွင် Xiaomi ၏ အီးဗီစက်ရုံကို အဆင့်နှစ်ဆင့်ဖြင့် တည်ဆောက်မည်ဖြစ်ရာ ဇွန်လတွင် ပထမအဆင့် ပြီးစီးသွားပြီ ဖြစ်သည်။ ပထမအဆင့်သည် တစ်နှစ်လျှင် စီးရေ အနည်းဆုံး ၁ သိန်းခွဲ ထုတ်လုပ်နိုင်သည်။ ဒုတိယအဆင့်သည်လည်း အစီးရေ ၁ သိန်းခွဲ ထုတ်လုပ်နိုင်သည်။

 ၂၀၂၄ တွင် Xiaomi သည် အီးဗီ အစီးရေ ၁ သိန်းခန့် ထုတ်လုပ်ရန် လျာထားသည်။

ကုမ္ပဏီသည် ဒီဇင်ဘာလတွင် ထုတ်လုပ်မှုအဆင့်မြှင့်တင်မှု ပြုလုပ်ရန် ဩဂုတ်လဆန်း ကတည်းက အီးဗီစက်ရုံတွင် အလုပ်ခန့်ထားမှုကို အရှိန်မြှင့် လုပ်ဆောင်ခဲ့သည်။
 
အထွေထွေလုပ်သားများကို တစ်လလျှင် ယွမ် ၄၃၀၀ (ဒေါ်လာ ၅၉၀) ပေးမည်။ ဘွဲ့ရပြီးခါစ တစ်နှစ်အောက် များကို ခန့်ထားမည်။ ကားစက်ရုံတွင် အလုပ်သင်အဖြစ် လုပ်ကိုင်ဖူးသူ ဖြစ်ရမည်။

ဘွဲ့ရပြီး တစ်နှစ်အထက် ရှိသူများကို တစ်လလျှင် ယွမ် ၄၃၀၀-၅,၅၀၀ ပေးမည်။ ကားစက်ရုံတွင် အလုပ်လုပ်ဖူးသူ ဖြစ်ရမည်။

Xiaomi ၏ ပထမဆုံး မော်ဒယ်သည် ပရီမီယံဗားရှင်းဖြစ်ပြီး LiDAR တပ်ဆင်ထားသော ဆီဒင် ဖြစ်သည်။ စျေးနှုန်း ယွမ် ၃ သိန်းကျော်မည်ဟု တရုတ်သတင်းမီဒီယာ LatePost က သတင်းဖော်ပြခဲ့သည်။

ဘက်ထရီကို ပထမဦးစားပေး CALB၊ ဒုတိယ ဦးစားပေး CATL သုံးစွဲမည်။


Xiaomi  အီးဗီတွင် CALB နှင့် CATL  ဘက်ထရီ သုံးစွဲမည်
https://www.automobiledirectory.com.mm/article/xiaomi-calb-catl.html


Xiaomi ၏ အီးဗီလုပ်ငန်းသည် ကားရောင်းချသည့်အပေါ်မှ ရရှိမည့် အမြတ်ကို အားမပြုဘဲ ဆော့ဖ်ဝဲလ်မှ ဝင်ငွေအပေါ် အားကိုးအားထား ပြုမည်။ 

Source cnevpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 866 times