အီးဗီ ဈေးကွက် brand ၅ ခုက ဝေစု ၈၀ ရာခိုင်နှုန်း ရယူထားမည်ဟု Xiaomi စီအီးအို တင်ပြ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
စမတ်ဖုန်းနှင့် အိမ်သုံးအီလက်ထရွန်းနစ် ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်တဲ့ Xiaomi က ၂၀၂၁ မှာ ကားထုတ်လုပ်ရေးကဏ္ဍထဲ ရောက်ရှိလာပြီး Xiaomi Automobile ကို ထူထောင်ကြောင်း ကြေညာပါတယ်။
.
ထိုနောက်ပိုင်း Xiaomi က ခိုင်ခိုင်မာမာ ရေရေရာရာ ကြေညာချက်များ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။
Xiaomi ကို ၂၀၁၀ မှာ စတင်ထူထောင်ခဲ့ပြီး နှစ်အနည်းငယ်အတွင်း လူသိအများဆုံး နည်းပညာဆိုင်ရာ brand တွေထဲ Xiaomi ပါဝင်လာပါတယ်။
၂၀၂၁ မတ်လမှာ Xiaomi က လျှပ်စစ်ကား ထုတ်လုပ်မယ်လို့ အသိပေးကြေညာပါတယ်။
၂၀၂၁ စက်တင်ဘာလမှာ Xiaomi Automobile ကို တရုတ်ပြည်မှာ ကနဦး ရင်းနှီးမြှုပ်နှံမှု ယွမ် ၁၀ ဘီလီယံ (ကန်ဒေါ်လာ ၁.၃၉ ဘီလီယံ) ဖြင့် စတင်ထူထောင်ပါတယ်။
Xiaomi နှင့် Xiaomi Auto ထူထောင်သူနှင့် စီအီးအို Lei Jun က ၂၀၂၁ အောက်တိုဘာလမှာ ရင်းနှီးမြှုပ်နှံသူများကို အစည်းအဝေးခေါ်ယူပြီး အီးဗီ ထုတ်လုပ်မယ့် အစီအစဉ်ကို ရှင်းလင်းတင်ပြပါတယ်။ ၂၀၂၄ ပထမနှစ်ဝက်အတွင်း အီးဗီအမြောက်အမြား ထုတ်လုပ်မှု စတင်မယ်လို့ ဆိုပါတယ်။
၎င်းအစည်းအဝေး အပြီးမှာ Xiaomi အသံတိတ်နေပါတယ်။
၂၀၂၂ ဇူလိုင်လမှာ Xiaomi အီးဗီ ရှေ့ပြေးပုံစံ ကားကို လမ်းပေါ်မှာ စမ်းသပ်မောင်းနှင်တာ တွေ့ရပါတယ်။ လျှပ်စစ်ဆီဒင် ဖြစ်ပြီး အိမ်စီးပြိုင်ကားဆန်ဆန် ဒီဇိုင်းဖြစ်ပါတယ်။
Lei Jun က စမတ်အီးဗီရဲ့ ပင်ကိုမောင်းနှင်စွမ်းရည်များကို စမ်းသပ်မောင်းနှင်နေကြောင်း ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ Xiaomi Auto ရဲ့ မိခင် လုပ်ငန်းစု Xiaomi Group က ၂၀၂၂ တတိယ၃လပတ် ဘဏ္ဍာရေး အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
စမတ်အီးဗီ အပါအဝင် ဆန်းသစ်တီထွင်မှု လုပ်ငန်းများမှာ ယွမ် ၉၂၈ သန်း (ကန်ဒေါ်လာ ၁၁၅.၉ သန်း) ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ၎င်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
.
Lei Jun က ရှေ့ရေးနောင်ရေး မြော်မြင်ထားတာကို သူ့ရဲ့ Twitter အကောင့်မှာ တင်ပြခဲ့ပါတယ်။
Xiaomi သည် 'သုတေသနပြုလုပ်ခြင်းမှတစ်ဆင့် အီးဗီလုပ်ငန်းအတွက် နက်နဲသောထိုးထွင်းသိမြင်မှု' ရရှိခဲ့ကြောင်း ၎င်းက တင်ပြထားပါတယ်။
နောက်ထပ် တင်ပြချက် တစ်ခုမှာတော့ သူက အီးဗီလုပ်ငန်းကဏ္ဍ 'ရင့်ကျက်တည်ငြိမ်' မယ့် အချိန်ကိုလည်း တင်ပြထားပါတယ်။
အဲဒီအခြေအနေ ရောက်ရှိတဲ့အခါ ဈေးကွက်ဝေစုရဲ့ ၈၀% ကို အီးဗီ brand ၅ ခုက ရယူထားမယ်လို့ ဆိုပါတယ်။
Huawei မှ Richard Yu က တရုတ် ကားဈေးကွက်ပြိုင်ဆိုင်မှု အထင်ကရ ၅ ဦးထက်မပိုဘဲ အဆုံးသတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့တာကို Myanmar Automobile Guide မှာ ဖော်ပြခဲ့ပြီးပါပြီ။
Richard Yu က ကမ္ဘာ့အကြီးဆုံး အီးဗီဈေးကွက်ဖြစ်တဲ့ တရုတ်ပြည်တွင်း ကားဈေးကွက်ကို မြော်မြင်ပြီး ပြောကြားခဲ့ပါတယ်။
Lei Jun က ကမ္ဘာ့အီးဗီဈေးကွက်ကို မြော်မြင်ပြီး တင်ပြထားပါတယ်။
ဈေးကွက်ကွာပေမဲ့ ၂ ဦးစလုံး မှန်တယ်လို့ ယူဆကြည့်ရင် အဖြေက "တရုတ်ပြည်တွင်းဈေးကွက်ကို ကြီးစိုးတဲ့ လုပ်ငန်း ၅ ခုက ကမ္ဘာ့အီးဗီဈေးကွက်ကို ကြီးစိုးပါလိမ့်မယ်" ဖြစ်ပါတယ်။
Lei Jun က ဈေးကွက်ထဲ အပြိုင်အဆိုင် 'ပွဲကြမ်း' မယ်လို့ တင်ပြထားပါတယ်။
ထိပ်တန်း ၅ ခု စာရင်းထဲ ပါဖို့ဆိုတာ တစ်နှစ်ကို ကားစီးရေ ၁၀ သန်းအထက် ရောင်းချနိုင်မှ စာရင်းဝင်မှာ ဖြစ်ပါတယ်လို့ သူက ဆိုပါတယ်။
Lei Jun က ရေရှည်ကို မြော်မြင်ပြီး ပြောကြားထားတာ ဖြစ်ပြီး ထိပ်တန်း(၅) မှာ ပါဝင်ဖို့ Xiaomi ရည်မှန်းထားပုံ ရပါတယ်။
.
Xiaomi ရဲ့ ရှေ့ပြေးပုံစံ ကားများကို စက်တင်ဘာလ ၂၈ ရက်မှာ ထုတ်လုပ်ခဲ့ပါတယ်။ ကုမ္ပဏီတွင်း အမည် ‘MS11’ လို့ ပေးထားပါတယ်။ 800V အားသွင်း နည်းပညာ ပါဝင်ပါတယ်။ မော်တာပါဝါ 260 kW (354 hp) ရှိပါတယ်။
Source: Autohome, Weibo, Twitter