အမေရိကန်ဈေးကွက်ထဲ ဗီယက်နမ် VinFast က လျှပ်စစ်စကူတာများ ထုတ်လုပ်ရောင်းချမည်


အမေရိကန်ဈေးကွက်ထဲ ဗီယက်နမ် VinFast က လျှပ်စစ်စကူတာများ ထုတ်လုပ်ရောင်းချမည်

 

 

ဗီယက်နမ်အ‌ခြေစိုက် လျှပ်စစ်မော်တော်ယာဉ် ထုန်လုပ်ရေးလုပ်ငန်း VinFast က အမေရိကန်မှာ စက်ရုံတည်ဆောက်ပြီး လျှပ်စစ် SUV မော်ဒယ်များ ထုတ်လုပ်ရောင်းချရန် ဆောင်ရွက်နေစဉ်မှာ အမေရိကန်ဈေးကွက်အတွက် လျှပ်စစ်စကူတာများကိုလည်း ထုတ်လုပ်ရောင်းချဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။

ဗီယက်နမ်မှာ ထုတ်လုပ်ပြီး အစီးလိုက် တင်သွင်းရောင်းချခြင်းအစား အမေရိကန်မှာ ထုတ်လုပ်ရောင်းချဖို့ VinFast က ဆုံးဖြတ်ခဲ့ပါတယ်။

လျှပ်စစ်စကူတာများကို လျှပ်စစ် SUV များ ထုတ်လုပ်မယ့် စက်ရုံတည်ရှိရာ နော့သ်ကယ်ရိုလိုင်းနားမှာ ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။

ကားစက်ရုံကို ယခုနှစ်ထဲ ပန္နက်ချပြီး စတင်ဆောက်လုပ်ဖို့ အစီအစဉ်ရေးဆွဲထားပါတယ်။ ထုတ်လုပ်မှုများကို အစောဆုံးအနေဖြင့် ၂၀၂၄ ကျမှ စတင်နိုင်မှာ ဖြစ်ပါတယ်။

 VinFast က နော့သ်ကယ်ရိုလိုင်းနားမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိတဲ့အပြင် ပြည်နယ်စီးပွားရေးကိုလည်း အထောက်အကူပြုတဲ့အတွက် ပြည်နယ်အစိုးရက မက်လုံး ကန်ဒေါ်လာ ၁.၂ ဘီလီယံ ထောက်ကူပေးတဲ့အကြောင်းကို Myanmar Automobile Guide မှာ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဗီယက်နမ် VinFast  မြောက်ကာရိုလိုင်းနား အာဏာပိုင်ထံမှ ကန်ဒေါ်လာ ၁.၂ ဘီလီယံ မက်လုံး ရရှိ

 

ယခုလို ကန်ဒေါ်လာ ၁.၂ ဘီလီယံ အထောက်အကူ ရသွားတဲ့အတွက် VinFast က လျှပ်စစ်စကူတာကို ဗီယက်နမ်မှာ ထုတ်လုပ်တင်ပို့မယ့် အစီအစဉ်အစား နော့သ်ကယ်ရိုလိုင်းနားမှာ ထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးက electrek  ကို ပြောကြားခဲ့ပါတယ်။

လျှပ်စစ်စကူတာ ထုတ်လုပ်တဲ့အတွက် နောက်ထပ် တိုက်ရိုက်နှင့် သွယ်ဝိုက် အလုပ်အကိုင် ထောင်ချီပြီး ပေါ်ပေါက်မယ်လို့ မျှော်မှန်းထားပါတယ်။ 

 

လျှပ်စစ်စကူတာများက များသောအားဖြင့် ဝေးဝေးလံလံ သွားနိုင်ခြင်းမရှိပေမဲ့ မြို့တွင်းခရီးတိုများအတွက် ဆီလျော်ပါတယ်။ တစ်နာရီ ၄၅ ကီလိုမီတာ အမြန်နှုန်း ကန့်သတ်ထားတဲ့ ဧရိယာအတွက် သင့်တော်ပါတယ်။

VinFast မှာ လက်ရှိထုတ်လုပ်နေတဲ့ စကူတာမော်ဒယ်များ ရှိပါတယ်။  Vento, Feliz, Klara,  Theon အစရှိသည်တို့ ဖြစ်ပါတယ်။

VinFast မှာ မြန်နှုန်းမြင့် sport စကူတာ မော်ဒယ်လည်း ရှိပါတယ်။ Theon စကူတာ မော်ဒယ်က တစ်နာရီ ၉၉ ကီလိုမီတာ (၆၁.၅ မိုင်) အထိ မြန်ပါတယ်။ မြို့တွင်းသာမက ဆင်ခြေဖုံးနှင့် မြို့တွင်းခရီးတာ သွားလာဖို့ ဆီလျော်ပါတယ်။

မြို့ပြ အမြန်လမ်းများပေါ် သွားလာနိုင်မှာ ဖြစ်ပေမဲ့ အမေရိကန်ရှိ ပြည်နယ်များအကြား အမြန်လမ်းများကိုတော့ သွားလာဖို့ မရနိုင်ပါဘူး။ ဘက်ထရီ စွမ်းဆောင်ပေးနိုင်တဲ့ ခရီးတာကို ကျော်လွန်ဝေးလံနေပါတယ်။

အမေရိကန် လျှပ်စစ်စကူတာဈေးကွက်မှာ အောင်မြင်နေတဲ့ လျှပ်စစ်စကူတာလုပ်ငန်းက တရုတ်နိုင်ငံ ပေကျင်းမြို့တော်အခြေစိုက် NIU ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ထုတ်လုပ်ပြီး အမေရိကန်သို့ တင်ပို့ ရောင်းချပါတယ်။ ရွေးချယ်စရာ မော်ဒယ်အမျိုးမျိုး စီစဉ်ပေးထားပြီး အမြန်နှုန်းများက တစ်နာရီ ကီလိုမီတာ ၄၅ မှ ၉၆ အထိ (မိုင် ၂၈ မှ ၆၀ အထိ) အစားစား ရှိပါတယ်။

အထက်တန်းစား စကူတာအဖြစ် BMW က အမေရိကန်ဈေးကွက်ထဲမှာ CE04 လျှပ်စစ်စကူတာ မော်ဒယ်ကို ရောင်းချပါတယ်။ ပါဝါပိုကြီးတယ်။ တစ်နာရီ ကီလိုမီတာ ၁၂၀ (၇၅ မိုင်) အထိ ပြေးနိုင်စွမ်း ရှိပါတယ်။

Source: electrek.co

Telegram Channel https://t.me/Guid4U

#MyanmarAutomobileGuide

Read 2488 times