ဒီဇယ် ၁ လီတာ ရောင်းဈေး ဘတ်၃၀ ထိန်းထားဖို့ ဘတ် ၂၀ ဘီလျံ ချေးငွေတောင်းခံရယူ


ထိုင်းနိုင်ငံမှာ အစိုးရက ဒီဇယ် ၁ လီတာ ဘတ် ၃၀ အများဆုံးသတ်မှတ်ပေးခဲ့ပြီး ထရပ်ကားသမားတွေက ၂၅ ဘတ် သတ်မှတ်ဖို့ တောင်းဆိုဆန္ဒပြ
ခဲ့ကြပါတယ်။
ဒီဇယ် ၁ လီတာ ဘတ် ၃၀ ရောင်းဈေးကို အောက်တိုဘာလ ၁၁ ရက်မှ စတင်သတ်မှတ်ခဲ့ပါတယ်။

ကနဦးသတင်း ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
ဒီဇယ် တစ်လီတာ ဘတ် ၃၀ ထရပ်ကားသမားများ သဘောမတူ




ထိုင်းနိုင်ငံ ကုန်လမ်းပို့ဆောင်ရေး အသင်းချုပ် Land Transport Federation of Thailand (LTFT) က ဘဏ္ဍာရေးဝန်ကြီးဌာနကို ဒီဇယ်ဆီအပေါ် စည်းကြပ်တဲ့ အခွန်ကို ၅ ဘတ် လျှော့ချသတ်မှတ်ပေးခြင်းဖြင့် ဒီဇယ် ၁ လီတာ ၂၅ ဘတ် ရောင်းဈေး ဖြစ်အောင် လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒီဇယ် ၁ လီတာ ၅ ဘတ် အခွန်လျှော့ကောက်ရင် ထိုင်းအစိုးရ အခွန်ဝင်ငွေ ဘတ် ၁၅၀ ဘီလျံ လျော့နည်းသွးမယ်လို့ ဘဏ္ဍရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူတစ်ဦးက Bangkok Post သတင်းမီယာကို ပြောကြားခဲ့ပါတယ်။

အခွန်ဌာနက ၂၀၂၂ ဘဏ္ဍာရေးနှစ်မှာ ရေနံနှင့် ရေနံထွက်ပစ္စည်းများ အပေါ် စည်းကြပ်တဲ့ အခွန် ဘတ် ၂၂၅ ဘီလျံ ရရှိဖို့ မျှော်မှန်းထားပါတယ်။

ကမ္ဘာ့ရေနံဈေး တက်ပေမဲ့ ဒီဇယ်ဈေးကို ၁ လီတာ ဘတ် ၃၀ မှာ ဆက်ထိန်းထားဖို့ စက်သုံးဆီ ရန်ပုံငွေ ဌာနရဲ့ Oil Fund ရန်ပုံငွေ ဘတ် ၇ ဘီလျံ ဝန်းကျင် ရှိပြီး ဒီဇယ် ၁ လီတာ ရောင်းချလိုက်တိုင်း ၂ ဘတ်ကို ရန်ပုံငွေမှ အရှုံးခံပေးနေပါတယ်။ လက်ရှိ ဘတ် ၇ ဘီလျံဖြင့် မလုံလောက်ခဲ့သော် ရန်ပုံငွေ ဆက်ရှိနေစေဖို့အတွက် အစိုးရထံမှ ချေးငွေ ဘတ် ၂၀ ဘီလျံ ထုတ်ချေးဖို့ကိုလည်း အဆိုပြုလွှာ တင်ပြထားပါတယ်။


ကျွမ်းကျင်သူတွေက အခုလို အစိုးရမှ အရှုံးခံပေးပြီး ဒီဇယ်ဆီကို မော်တော်ယာဉ်တိုင်းကို ရောင်းချပေးနေတာအစားကုန်စည်ပို့ဆောင်ရေးအတွက် အသုံးပြုတဲ့ မော်တော်ယာဉ်များကိုသာ စိစစ်ပြီး ရောင်းချပေးသင့်တယ်လို့ အကြံပြုထားပါတယ်။
Oil Fund ရန်ပုံငွေကို ဘိုင်အိုဒီဇယ်၊ အီသနောရောထားတဲ့ ဓာတ်ဆီဖြစ်တဲ့ ဂက်စ်စိုဟော၊ မီးဖိုချောင်သုံး ဓာတ်ငွေ့ cooking gas တို့အတွက်လည်း အရှုံးခံပေးဖို့ သုံးစွဲပါတယ်။
ဘိုင်အိုဒီဇယ်ကို ၁ လီတာ ဘတ် ၃၀ အောက် ရောင်းဈေး ဖြစ်အောင် ထိန်းပေးထားပြီး မီးဖိုချောင်သုံးဓာတ်ငွေ့ကိုတော့ ပုံမှန် ဂက်စ်အိုး တစ်လုံးစာ ဓာတ်ငွေ့ကို ၃၁၈ ဘတ်ထက် ပိုမများအောင် ထိန်းပေးပါတယ်။

ရေနံဈေး ထပ်မတက်ရင်တောင် လက်ရှိရန်ပုံငွေဖြင့် နှစ်ကုန်အထိသာ ထိန်းပေးထားနိုင်မှာ ဖြစ်လို့ ဧပြီလအထိ ဆက်ထိန်းပေးထားနိုင်ဖို့ နောက်ထက် ဘတ် ၂၀ ဘီလျံကို ချေးငွေအဖြစ် ရယူဖို့ တောင်းခံထားတာ ဖြစ်ပါတယ်။

လက်ရှိအနေအထားမှာ ဒီဇယ် ၁ လီတာ ၃၃~၃၄ ဘတ် ရောင်းဈေးသတ်မှတ်ရင် ငွေစိုက်ထုတ်ပေးရတဲ့ ဝန်ထုပ်ဝန်ပိုး လျော့ကျမယ်လို့ တွက်ဆထားပါတယ်။

PTT Plc မှ အကြီးတန်းအရာရှိ Disathat Panyarachun က ကမ္ဘာ့ရေနံဈေးက တစ်စည် ကန်ဒေါ်လာ ၉၀ အထက်မှာ နှစ်ကုန်အထိ ဆက်ရှိနေဦးမယ်လို့ ခန့်မှန်းထားပါတယ်။ နောက်နှစ်ကျမှ တစ်စည် ကန်ဒေါ်လာ ၅၇~၅၈ အထိ ပြန်လည် ကျဆင်းလိမ့်လို့ သူက ခန့်မှန်းထားပါတယ်။

The National Energy Policy Council က နိုဝင်ဘာလ ၅ ရက်မှာ Oil Fund ကို ဘတ် ၃၀ ဘီလျံ ချေးငွေ ရယူဖို့ အတည်ပြုပေးခဲ့ပါတယ်။

စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် Kulit Sombatsiri က ဘတ် ၂၀ ဘီလျံ ချေးငွေကို ပထမအသုတ်အဖြစ် ဇန်နဝါရီလမှာ ပေးအပ်မှာ ဖြစ်ပြီး ရေနံဈေး ထပ်တက်ခဲ့ရင် ဘတ် ၁၀ ဘီလျံ ချေးငွေကို ထပ်မံ ပေးအပ်မယ်လို့ ပြောကြားပါတယ်။

Read 1816 times