ရှန်ဟိုင်းတွင် ဧပြီတစ်လလုံး ကားအသစ် တစ်စီးမှ မရောင်းရ


ရှန်ဟိုင်းတွင် ဧပြီတစ်လလုံး ကားအသစ် တစ်စီးမှ မရောင်းရ

 

လူဦးရေ ၂၅ သန်း နေထိုင်လျက်ရှိသော ရှန်ဟိုင်းမြို့တွင် လော့ဒေါင်းဆက်တိုက်ချထားသည်မှာ သီတင်းပတ် ၇ ပတ် ရှိပြီဖြစ်သည်။
အာဏာပိုင်တို့က လုနေရပ်ကွက်များကို ယာယီတံတိုင်းခတ်ပြီး ပိတ်ကာထားပြီး လူအများကို အိမ်ပြင်ထွက်ခွင့် မပေးချေ။ လုပ်ငန်းအများအပြားကိုလည်း အလုပ်ပိတ်ခိုင်းထားသည်။ ကိုဗစ်ကူးစက်မှုများ အမြစ်ပြတ်ရန် တင်းတင်းကျပ်ကျပ် ကိုင်တွယ်လျက်ရှိသည်။
ထိုအခြေအနေ အရပ်ရပ်ကြောင့် ၂၀၂၂ ဧပြီလတွင် ရှန်ဟိုင်းမြို့တွင် ကားအသစ် တစ်စီးမှ မရောင်းရဟု Shanghai Automobile Sales Trade Association က မေလ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။ 
ရှန်ဟိုင်းမြို့ ကားဈေးကွက်တွင် အရောင်းပြခန်းများ အားလုံး ဧပြီလတွင် တစ်လလုံး ပိတ်ထားရသည်။

ရှန်ဟိုင်းမြို့သည် တရုတ် မော်တော်ယာဉ် လုပ်ငန်းကဏ္ဍအတွက် အကြီးအကျယ် အရေးပါသည်။ ကားအရောင်းတွင် စီးရေအများဆုံးရောင်းရသည့် နံပါတ်(၁) မြို့ဖြစ်သည်။ ယမန်နှစ်က ရှန်ဟိုင်းမြို့တွင် မော်တော်ယာဉ်စီးရေ ၇၃၆, ၇၀၀ ရောင်းချခဲ့ပါသည်။ တရုတ်နိုင်ငံရှိ မြို့ကြီးများတွင် ရောင်းချသည့်စီးရေ အများဆုံးဖြစ်သည်။ 
မော်တော်ယာဉ်ထုတ်လုပ်ရေးတွင်လည်း ရှန်ဟိုင်းသည် အရေးပါသည်။ Tesla နှင့် Volkswagen တို့၏ မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံများ တည်ရှိသည့်အပြင် ယာဉ်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းကြီးများ ဖြစ်သော Bosch နှင့် ZF Group တို့၏ ကုန်ထုတ်လုပ်ငန်း စက်ရုံများလည်း တည်ရှိပါသည်။

ရှန်ဟိုင်းနှင့် အခြားမြို့ကြီးများတွင် လော့ဒေါင်းချထားသဖြင့် ယာဉ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများ အလုပ်ပိတ်ထားကြရသည်ဖြစ်ရာ ပစ္စည်းပေးသွင်းကွင်းဆက်များ ရပ်တန့်နေသည်။
ရှန်ဟိုင်းမှ ပစ္စည်းမရသဖြင့် ဂျပန်တွင် Toyota ၏ စက်ရုံ ၁၂ ရုံ ကို ၆ ရက် ရပ်နားထားရသည်။

 

ဆက်စပ်ဖတ်ရှုရန် အပြာရောင်လင့်ကို ထိပါ

ရှန်ဟိုင်းကိုဗစ်‌လော့ဒေါင်းကြောင့် ဂျပန်မှ Toyota စက်ရုံ ၁၂ ရုံကို ရပ်ဆိုင်း

 

တရုတ်ပြည်တွင်းဈေးကွက်ထဲတွင် ကားရောင်းချစီးရေသည် ၂၀၂၂ ဧပြီလ ရောင်းအားသည် မတ်လ ရောင်းအားထက်  ၄၆% လျော့ကျခဲ့သည်ဟု China Association of Automobile Manufacturers က ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ကြေညာသည်။ 

တရုတ်နိုင်ငံတွင် မြို့ကြီး ၃၀ ကျော်တွင် တစ်မြို့လုံးသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကို လည်းကောင်း လော့ဒေါင်းချထားရာ နိုင်ငံတစ်လွှား လူဦးရေ ၂၈၇ သန်း လော့ဒေါင်းချထားခြင်း ခံ‌ေနရသည်ဟု CNN သတင်းမီဒီယာက တွက်ချက်ဖော်ပြသည်။ 


Tesla ၏ တရုတ်ပြည်တွင်း ရောင်းအားသည် ၂၀၂၂ ဧပြီလ‌ ရောင်းအားကို မတ်လနှင့် နှိုင်းယဉ်ပါက ၉၈% လျော့ကျသည်ဟု တရုတ်နိုင်ငံ အိမ်စီးကားအသင်း China Passenger Car Association မှ အချက်အလက် ထုတ်ပြန်ထားသည်။ Tesla ၏ ရှန်ဟိုင်းရှိ ကားစက်ရုံသည် ထုတ်လုပ်မှု ၈၁% လျော့နည်းခဲ့သည်။ 

Read 5396 times