Porsche အီးဗီ ဒုတိယအကြီးမားဆုံးဈေးကွက်


Porsche အီးဗီ ဒုတိယအကြီးမားဆုံးဈေးကွက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U



Porsche ၏လျှပ်စစ်ကား Cayenne မော်ဒယ်များအတွက် ထိုင်းနိုင်ငံသည် နော်ဝေးပြီးလျှင် "ဒုတိယအကြီးဆုံး" စျေးကွက်ဖြစ်လာသည်ကို တွေ့ကြရသည်။

ယမန်နှစ်က ထိုင်းနိုင်ငံတွင် ရောင်းချသည့် Porsche ကားအစီးရေ ၁,၅၀၀ ၏ ၇၀% သည် ဘက်ထရီ ဓာတ်ဆီ ဟိုက်ဘရစ်မော်ဒယ် Cayenne SUV များဖြစ်သည်။
၂၀၂၀ ခုနှစ်တွင် ထိုင်းနိုင်ငံမှာ Porsche ကားအစီးရေ ၆၇၀ ရောင်းချခဲ့သည့်ထက် ရောင်းအား သိသိသာသာ ခုန်တက်သွားသည်။

တစ်ချိန်တုန်းက ထိုင်းနိုင်ငံတွင် နှစ်စဉ် စီးရေအနည်းငယ်မျှသာ ရောင်းချရသည့် တန်ဖိုးကြီး စူပါကားထုတ်လုပ်သူအဖြစ် သတ်မှတ်ခံထားရသော Porsche သည် အရှိန်အဟုန်ပြင်းစွာဖြင့် ရောင်းအားတက်သည်အထိ ပြောင်းလဲလာပုံကို Porsche Thailand ၏ မန်နေဂျင်းဒါရိုက်တာ Peter Rohwer အား မှတ်ချက်ပေးရန် မေးမြန်းခဲ့သည်။ သူက ခေတ်ပေါ်နည်းပညာကျေးဇူးကြောင့် အောင်မြင်မှု ရခဲ့ကြောင်း ဖြေကြားသည်။

 



“တစ်ချိန်တုန်းက Porsche က ဝယ်ဖို့ ဈေးကြီးတဲ့ အိမ်စီးပြိုင်ကားတွေ ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ယနေ့ခေတ်မှာ hybrids နဲ့ EV တွေလိုမျိုး နည်းပညာသစ်တွေက စျေးနှုန်းတွေကို ကျဆင်းစေပါတယ်။ အခွန်တွေ အထူးလျှော့ပေးတာကြောင့် ဖြစ်ပါတယ်" ဟု သူက ရှင်းပြသည်။
သုံးလီတာထက် မပိုသော အင်ဂျင်အရွယ်အစားကြောင့်လည်း ရောင်းစျေးနှုန်းများကို လျော့ကျစေသည်ဟု သူက ပြောသည်။

Rohwer မှ ပြောကြားရာတွင် ထိုင်းနိုင်ငံသည် Porsche ၏ အရှေ့တောင်အာရှတွင် အကြီးဆုံးစျေးကွက်ဖြစ်ပြီး "လျှပ်စစ်သုံး Porsche Cayenne မော်တော်ယာဉ်များအတွက် ကမ္ဘာပေါ်တွင် ဒုတိယ‌ ရောင်းအားအကောင်းဆုံး စျေးကွက်ဖြစ်သည်။ "ဒါဟာ ကြီးမားတဲ့ အောင်မြင်မှုပါ" ဟု သူက မှတ်ချက်ပြုသည်။

Covid-19 ကပ်ရောဂါနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ချစ်ပ် အကျပ်အတည်းဖြစ်နေသော်လည်း Porsche သည် ကမ္ဘာတစ်ဝှမ်းတွင် ရောင်းအားမြင့်တက်လာခဲ့သည်။
ယမန်နှစ် ၂၀၂၁ တွင် ကမ္ဘာတစ်လွှား ၃၀၁,၉၁၅ စီး ရောင်းချခဲ့သည်။ ၂၀၂၀ ထက် ရောင်းအား ၁၁% မြင့်တက်ခဲ့သည်။ အာရှပစိဖိတ်ဈေးကွက်များတံင် ၅၁% မြင့်တက်သည်အထိ စံချိန်တင်ခဲ့သည်။ ရောင်းအားကောင်းစေခဲ့သည်မှာ Porsche ၏ Taycan အီးဗီမော်ဒယ်များကြောင့် ဖြစ်သည်။

ယခုနှစ် အစောပိုင်းတွင် Porsche သည် မလေးရှားနိုင်ငံတွင် Cayenne မော်ဒယ်များကို CKD ဖြင့် တင်သွင်းပြီး တပ်ဆင်ထုတ်လုပ်မှု စတင်ခဲ့ကြောင်း Myanmar Automobile Guide တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
 

 


မလေးရှားမှာ Porsche ကားစက်ရုံ ပထမဆုံးကား စတင်ထုတ်လုပ်
https://www.automobiledirectory.com.mm/article/porsche-cayenne-ckd-first-unit.html

 

CKD ဖြင့် တင်သွင်းပြီး ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်သည့်အတွက် အခွန်သက်သာသွားသောကြောင့် ရောင်းဈေး ၃၀% အထိ သက်သာသွားပါသည်။

Porsche သည် အရှေ့တောင်အာရှနိုင်ငံများကို အလေးအနက်ထားသည်ဟု Rohwer က ပြောသည်။ ကားစီးသူအခြေ ကြီးမားခြင်း၊ ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများ ရှိခြင်း၊ အီးဗီဘက်ထရီ ထုတ်လုပ်ရန် ကုန်ကြမ်းအရင်းအမြစ်များ ရှိနေသဖြင့် အရှေ့တောင်အာရှနိုင်ငံများကို အလေးအနက်ထားရကြောင်း ၎င်းက ပြောကြားသည်။

.


ထိုင်းနိုင်ငံတွင် ၂၈ နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံများ ရှိထားသူ Rohwer ၏ အဆိုအရ ယနေ့ ထိုင်းနိုင်ငံရှိ Porsche သုံးစွဲသူများသည် ယခင်ကထက် အသက်အပိုင်းအခြား ပိုငယ်သူများ ဖြစ်ပြီး ၃၅ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြကြောင်း သိရသည်။

ယခင်က Porsche ဝယ်ယူသူများ၏ ပျမ်းမျှအသက်အပိုင်းအခြားသည် ၅၅ နှစ် ဖြစ်ခဲ့သည်။ ယခုအခါ ၄၂ နှစ်သို့ လျော့ကျသည်။ သို့ဖြစ်ရာ ၎င်းပျမ်းမျှ အသက်အပိုင်းအခြားတွင် ကားဝယ်ယူသူဦးရေသည် ၅၅ နှစ် အသက်အပိုင်းအခြားထက် ဦးရေ များစွာ ပိုများသည်။
"လုပ်ငန်းရှင်တွေရဲ့ အသက်အပိုင်းအခြားက ပိုငယ်လာတယ်။ သူတို့က Porsche လို ဂုဏ်တင့်တယ်တဲ့ အိမ်စီးပြိုင်ကားမျိုးတွေကို မောင်းချင်ကြတယ်" ဟု Rohwer က ပြောကြားသည်။

 


Thailand International Motor Expo ကားပြပွဲတွင် Porsche က မော်ဒယ် ၁၁ မျိုး ခင်းကျင်းပြသထားသည်။ ပြလည်းပြသည်။ ရောင်းလည်း ရောင်းသည်။
Porsche ကား ဝယ်ယူသူအများစုသည် ကားရှိပြီးသား ဖြစ်သည်။ ကားအသစ်ဝယ်ဖို့လည်း မလိုအပ်သေးသူများ ဖြစ်ကြောင်း Rohwer က ပြောကြားသည်။ တမင်သက်သက် Porsche ဖြင့် ဟိတ်ဟန်ထုတ်ချင်သဖြင့် ဝယ်မောင်းကြခြင်း ဖြစ်သည်။

"တစ်ပတ်ရစ် Porsches တွေဖြစ်တဲ့ Macan ဒါမှမဟုတ် Cayenne လိုမျိုး ဘတ် ၂ သန်း ၃ သန်းနဲ့ ရနိုင်ပါတယ်။ 718 မော်ဒယ်ဆိုရင် ဈေးသက်သာတယ်။ Porsche လောကထဲ ဝင်လာဖို့ တစ်ပတ်ရစ် 718 မော်ဒယ် ဝယ်စီးရင် ဈေးသက်သာပါတယ်" ဟု သူက အကြံပြုသည်။
စက်ရုံမှ ၁၅ နှစ် သက်တမ်း အာမခံပါသည့် တစ်ပတ်ရစ် Porsche များကို AAS Autoservice co. ltd က ရောင်းချလျက်ရှိသည်။
ပုံမှန်ဖြစ်နေကျမှာ Porsche ဝယ်စီးသူများသည် တစ်စီးတည်းဖြင့် တင့်တိမ်ခြင်း မရှိသဖြင့် Porsche ၂စီး ၃ စီး ဝယ်ကြသည်ဟု Rohwer က ပြောကြားသည်။
"သူတို့က ကားကို ကြိုက်တယ်၊ မောင်းရတာကိုလည်း ကြိုက်တယ်။ ကျွန်တော်တို့က စိတ်ကူးယဉ်အိပ်မက်တွေကို ရောင်းတယ်။ တကယ်ဖြစ်လာတဲ့ အိပ်မက်ကို ကျွန်တော်တို့ ရောင်းတယ်။ အိပ်မက်လှလှတွေ‌ပေါ့” ဟု သူက ပြောကြားသည်။
Source Nationthailand

Read 908 times