Nissan နှင့် Renault မဟာမိတ် ပြန်လည်ပြင်ဆင်ချိန်ညှိမှု သဘောတူညီချက်များ ရရှိ


Nissan နှင့် Renault မဟာမိတ် ပြန်လည်ပြင်ဆင်ချိန်ညှိမှု သဘောတူညီချက်များ ရရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Nissan နှင့် Renault တို့သည် မဟာမိတ်ဖွဲ့မှုကို ပြန်လည်ပြင်ဆင်ချိန်ညှိရန် သဘောတူညီမှုများ ရရှိခဲ့ကြကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ပါသည်။

အဆိုပါ ပူးတွဲကြေညာချက်သည် Nissan နှင့် Renault တို့၏ လေးလနီးပါးကြာ ပြင်းထန်သော ဆွေးနွေးပွဲများကို အပြီးသတ်စေခဲ့ပါသည်။

ဂျပန်နိုင်ငံမှ  Nissan Motor Co  ‌နှင့် ပြင်သစ်နိုင်ငံမှ  Renault SA တို့သည် ၂၀၂၃ ဇန်နဝါရီလ ၃၀ ရက်တွင် ၎င်းတို့၏ ဆယ်စုနှစ်နှစ်ကျော် သက်တမ်းရှိ ကားထုတ်လုပ်ရေး မဟာမိတ်ဖွဲ့မှုတွင် တန်းတူညီတူ ရပ်တည်နိုင်စေရန် ပြန်လည်ပြင်ဆင်ချိန်ညှိရန် သဘောတူညီခဲ့ကြပြီး Nissan က Renault ၏ လျှပ်စစ်ကားလုပ်ငန်းသစ်တွင် ရင်းနှီးမြုပ်နှံရန် Renault က သဘောတူ ခွင့်ပြုခဲ့ပါသည်။

Renault က Renault သည် တရုတ်မှ ထိပ်တန်းကားထုတ်လုပ်သူ Geely Automobile Holdings ၊ အမေရိကန်မှ ချစ်ပ်မဟာလုပ်ငန်းကြီး Qualcomm Inc တို့နှင့် စီးပွားဖက် ပြုထားသည်။
Nissan နှင့် Renault တို့ ပူးတွဲပိုင်ဆိုင်ထားသည့်  ဉာဏပစ္စည်းပိုင်ဆိုင်မှုများကို Renault က စီးပွားဖက် လုပ်ငန်းများအား မျှဝေသုံးစွဲမည့်အရေးအပေါ်  Nissan က စိုးရိမ်တကြီး ဖြစ်နေခဲ့ပါသည်။


Renault နှင့် Geely တို့၏ အမည်မပေးရသေးသော ဖက်စပ်လုပ်ငန်းတွင် Saudi Aramco ပါဝင်လာသည့်အကြောင်း Myanmar Automobile Guide တွင် ဖော်ပြခဲ့ပါသည်။

 


ဓာတ်ဆီနှင့် ဒီဇယ်ဆီ အင်ဂျင် ၅ သန်း ထုတ်လုပ်မည့်ဖက်စပ်လုပ်ငန်းတွင် မဟာရေနံလုပ်ငန်းကြီး ပါဝင်လာ
https://www.automobiledirectory.com.mm/article/aramco-renault-geely-deal.html



ယခု ရရှိသည့် သဘောတူညီချက်များကို လိုက်နာဆောင်ရွက်ရန် ဒါရိုက်တာဘုတ်အဖွဲ့၏ အတည်ပြု ခွင့်ပြုချက် ရယူရန် လိုအပ်ပါသည်။

သဘောတူညီချက်အရ Renault သည် Nissan တွင် ၎င်း၏ ရှယ်ယာများကို ၄၃% မှ ၁၅% သို့  လျှော့ချမည်ဖြစ်သည်။
လျှော့ချလိုက်သည့် ရှယ်ယာ ၂၈% ကို ပြင်သစ်မှ အုပ်ထိန်းသူအဖွဲ့ထံ အပ်နှံထားမည်။ ၎င်းရှယ်ယာများသည် ကာလပေါက်ဈေးအရ ကန်ဒေါ်လာ ၄.၁ ဘီလီယံ ရှိသည်။ Renault အတွက် စီးပွားရေးအရ တွက်သားကိုက်လျှင် ၎င်းရှယ်ယာများကို ရောင်းထုတ်ပစ်မည် ဖြစ်သည်။ ထို့အတွက် ပြင်သစ်အုပ်ထိန်းသူအဖွဲ့က ညှိညှိနှိုင်းနှိုင်း စနစ်တကျ လုပ်ငန်းစဉ်ဖြင့် ရှယ်ယာများ ရောင်းချပေးရမည် ဖြစ်သည်။

Nissan က Renault တွင် ပိုင်ဆိုင်သည့် ရှယ်ယာ ရာခိုင်နှုန်းထက် Renault က Nissan တွင် ပိုင်ဆိုင်ထားသည့် ရှယ်ယာရာခိုင်နှုန်းက ပိုများနေသဖြင့် တစ်ဖက်စောင်းနင်း ဖြစ်နေသည်ကို ချိန်ညှိလိုက်ခြင်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ဝန်းကျင်တုန်းက Nissan ကျရှုံးနေသည်ကို ကယ်ထုတ်ရန် Renault က Nissan ၏ ရှယ်ယာများကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယခု သဘောတူညီချက်အရ Nissan နှင့် Renault တို့သည် ရှယ်ယာ ၁၅% စီ အပြန်အလှန် ပိုင်ဆိုင်ကြမည်ဖြစ်ရာ တန်းတူညီတူ ရပ်တည်နိုင်စေမည် ဖြစ်သည်။ Nissan သည် ဒါရိုက်တာဘုတ်အဖွဲ့တွင် မဲပေးခွင့် ရရှိမည် ဖြစ်သည်။ ယခင်က မဲပေးခွင့် မရခဲ့ပါ။

Nissan နှင့် Renault မဟာမိတ်တွင် Mitsubishi Motors Corp က ရှယ်ယာအနည်းစုဖြင့် ပါဝင်ထားပါသည်။

သဘောတူညီချက်တွင် သတ်မှတ်ထားသော ကာလတစ်ခုအတွက် အစုရှယ်ယာရောင်းချမှုကို တားဆီးထားခြင်းလည်း ပါဝင်သည်။ အခြားကုမ္ပဏီတစ်ခုက ဝယ်ယူသိမ်းပိုက်ရန် ကြိုးစားလာသည့်အခါ တားဆီးရန် တာဝန် ရယူကြောင်းကိုလည်း သဘောတူညီကြသည်။

သဘောတူညီချက်၏ တစ်စိတ်တစ်ဒေသအနေဖြင့် Nissan နှင့် Renault တို့သည် လက်တင်အမေရိက၊ အိန္ဒိယနှင့် ဥရောပရှိ စျေးကွက်များ၊ မော်တော်ယာဉ်များနှင့် နည်းပညာများပါ၀င်သော အဓိကပရောဂျက်များတွင် အရင်းအမြစ်များ ပိုမိုစုစည်းသွားစေရန် ကတိပြုထားကြသည်။
 Nissan က Renault ၏ ဘက်ထရီ-လျှပ်စစ်ကား ယူနစ်အသစ်တွင် ရင်းနှီးမြှုပ်နှံမည်ဟု ပြောကြားခဲ့သည်။
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 387 times