Nissan Motor လျှပ်စစ်သုံး ကားများ အရောင်းရည်မှန်းချက် မြှင့်တင် သတ်မှတ်


Nissan Motor လျှပ်စစ်သုံး ကားများ အရောင်းရည်မှန်းချက် မြှင့်တင် သတ်မှတ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Nissan Motor သည် လျှပ်စစ်သုံး မော်တော်ကားများအတွက် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ အရောင်းရည်မှန်းချက်ကို မြှင့်တင်ပြီး ပြင်ဆင်သတ်မှတ်ပါသည်။
 
 မကြာသေးမီက ပြင်သစ်မှ စီးပွားဘက် ကားလုပ်ငန်း Renault နှင့် အသစ်ပြန်လည်ပြင်ဆင်ထားသော မဟာဗျူဟာမြောက် မဟာမိတ်ပြုခြင်းက Nissan Motor ၏ ဥရောပ ရောင်းအားကို မြှင့်တင်ပေးမည်ဟု မျှော်လင့်ထားသည်။ Read more
 
 Nissan ၏ ဟိုက်ဘရစ် e-Power မော်ဒယ်များနှင့် လျှပ်စစ်ကားများ နှစ်မျိုးရောနှောထားသောလျှပ်စစ်သုံး မော်တော်ကားများ ရောင်းအား‌ဝေစုသည် ၂၀၃၀ တွင်  Nissan ကားများအားလုံး စုစုပေါင်း ရောင်းအား၏ ၅၅% ကျော်အထိ တိုးလာမည်ဟု လျာထားသည်။
 
၂၀၂၁ ခုနှစ်နိုဝင်ဘာလတွင် ထုတ်ဖော်ပြသခဲ့သော ရေရှည်မဟာဗျူဟာတွင် ၅၀% ဟု လျာထားခဲ့ပြီး ယခု ၅၅% ကျော်ဟု တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

Nissan သည် ၂၀၃၀ ဘဏ္ဍာနှစ်တွင် အီးဗီ မော်ဒယ် ၁၉ မျိုး အပါအဝင် လျှပ်စစ်စွမ်းအင်သုံး မော်ဒယ်အသစ် ၂၇ မျိုးကို ထုတ်လုပ်မည်ဖြစ်သည်။
ယခင်က အီးဗီမော်ဒယ် ၁၅ မျိုးအပါအဝင် လျှပ်စစ်စွမ်းအင်သုံး မော်ဒယ်အသစ် ၂၃ မျိုး ထုတ်လုပ်ရန် လျာထားခဲ့သည်ကို မော်ဒယ် အရေအတွက် တိုးမြှင့်လိုက်ခြင်း ဖြစ်ပါသည်။

၂၀၂၆ တွင် ဟိုက်ဘရစ်နှင့် အီးဗီ ၂ မျိုးရောနှော လျှပ်စစ်စွမ်းအင်သုံးကားများ၏ ဥရောပဈေးကွက်အတွက် ရောင်းအားဝေစုကိုလည်း ယခင် ၇၅% မှယခု ၉၈% သို့ တိုးမြှင့်လိုက်သည်။ 
ဥရောပသည် "အဓိကစျေးကွက်တစ်ခုဖြစ်သည်" ဟု ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုအရာရှိချုပ် Ashwani Gupta က ပြောကြားခဲ့သည်။

အခြားအခရာကျသည့် ဈေးကွက်များတွင် ၂၀၂၆ ခုနှစ်တွင် လျှပ်စစ်စွမ်းအင်သုံးကားများ၏  ရောင်းအားဝေစုကို ယခင် ၅၅% မှ ၅၈% သို့ မြှင့်တင်လိုက်သည်။
အမေရိကန်ဈေးကွက်ကို ယခင်အတိုင်း မပြောင်းလဲဘဲ ၂၀၃၀ တွင် အီးဗီရောင်းအားဝေစုကို ၄၀% ဟု ဆက်လက်လျာထားသည်။

တရုတ်နိုင်ငံအတွက် လျာထားချက်ကို လျှော့ချသည်။   ၂၀၂၆ တွင်  လျှပ်စစ်စွမ်းအင်သုံးကားများ ၄၀% ဟု ယခင်က လျာထားသည်ကို ၃၅% ဟု ပြင်ဆင်လျာထားသည်။ ပြည်တွင်း brand များက ကြီးစိုးထားသဖြင့် လျှော့ချ လျာထားခြင်း ဖြစ်သည်။ ထို့ပြင် အီးဗီဈေးကွက် ကြီးထွားနှုန်း နှေးမည်ဟု ခန့်မှန်းထားသည်။
"အီးဗီများအတွက် ၀ယ်လိုအားက ၂၀၁၈ ၂၀၁၉ ၂၀၂၀ တုန်းက  မျှော်မှန်းထားကြတဲ့အတိုင်း တိုးလာမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ထင်ထားကြသလို ဖြစ်လာမှာ မဟုတ်ဘူး" ဟု  Gupta က ပြောကြားသည်။
တရုတ်ပြည်မှာ တရုတ်ပြည်အတွက်သာ အီးဗီ ထုတ်လုပ်ခြင်းဖြင့် ပြည်တွင်း brand များကို ယှဉ်ပြိုင်မည်ဟု ဆိုသည်။

ကားအတွက် ဆော့ဖ်ဝဲကို "၁၀၀% Nissan ဆော့ဖ်ဝဲ" ထုတ်လုပ်မည်ဟု Gupta က ပြောကြားသည်။
ထို့အတွက် ဆော့ဖ်ဝဲအင်ဂျင်နီယာ ဦးရေ အနည်းဆုံး ၄,၀၀၀ အလုပ်ခန့်ထားမည်ဟု ဆိုသည်။
Source Asia Nikkei 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 460 times