TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Lexus နှင့် Infiniti တို့၏ ရောင်းအား ကျဆင်းလာနေစဉ် BYD နှင့် Geely တို့သည် စည်းစိမ်ကားမော်ဒယ်များ စတင်ထုတ်လုပ်ကြသည်။
Lexus နှင့် Infiniti တို့ကဲ့သို့သော အထူးကောင်းမွန်သော ကားအမှတ်တံဆိပ်များသည် တစ်ချိန်က တရုတ်နိုင်ငံတွင် တောင့်တင်းသောအမာခံ ပရိသတ်များ ရရှိခဲ့ကြသည်။
ယခုအခါ ၎င်းကားအမှတ်တံဆိပ်တို့ ကြားညပ်နေသည်။ အပေါ်ဘက်တွင် တန်းမြင့် စည်းစိမ်ကားများကိုသာ ထုတ်လုပ်ရာတွင် အစဉ်အလာကြီးမားသည့် BMW နှင့် Mercedes-Benz တို့ကဲ့သို့သော ကားကုမ္ပဏီများသည် ရွေးချယ်စရာ မော်ဒယ်များ ဝေဝေဆာဆာဖြင့် ရောင်းချနေကြသည့်နောက်သို့ ဝယ်လက်များ ပါသွားသည်။
အောက်ဘက်တွင် စည်းစိမ်ကားအတန်းအစားသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် တရုတ်ပြည်တွင်း ကားအမှတ်တံဆိပ်များ ရှိနေပြီး ဝယ်လက်များကို ဖဲ့ယူနေကြသည်။
မြို့ပြလမ်းများပေါ်မှ ထူထပ်သည့် ယာဉ်ကြောပိတ်ဆို့မှုများကြားတွင် တမူထူးခြားပြီး ကွဲပြားနေသော ဈေးအမြင့်ကားကို စီးလိုသူများ တရုတ်ပြည်မှာ ရှိနေသည်။
တရုတ်နိုင်ငံ ကားဈေးကွက်သည် ၎င်း၏လူဦးရေအရွယ်အစားနှင့် လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်း စီးပွားရေး တိုးတက်မှုကြောင့် ကမ္ဘာ့အကြီးဆုံး ပရီမီယံမော်တော်ယာဉ်စျေးကွက်များထဲမှ တစ်ခု ဖြစ်လာခဲ့သည်။
COVID-19 ကပ်ရောဂါဖြစ်ပွားနေသော်လည်း တရုတ် ကားဝယ်စီးသူများသည် တရုတ်နိုင်ငံ အိမ်စီးကားအသင်း China Passenger Car Association CPCA မှ ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် Mercedes-Benz ၊ BMW ၊ Bentley နှင့် Rolls-Royce အပါအဝင် ထိပ်တန်းစည်းစိမ်ကား အမှတ်တံဆိပ်များထံမှ ပရီမီယံမော်တော်ယာဉ် စီးရေ ၃.၀၉ သန်းကို ဝယ်ယူခဲ့ကြသည်။ ၂၀၂၁ ခုနှစ်ထက် စီးရေ ၆% ပိုများလာခဲ့ပါသည်။
သို့သော် စည်းစိမ်းကား brand မဟုတ်သည့် ကားလုပ်ငန်းများ၏ တန်းမြင့်ကားများမှာမူ စည်းစိမ်ကားဟု အမြင်အားဖြင့် သတ်မှတ်ကြခြင်း မခံရသဖြင့် ရောင်းအား ကျဆင်းခဲ့ကြသည်။
Honda ၏ တန်းမြင့် brand ဖြစ်သည့် Acura သည် တရုတ်ဈေးကွက်မှာ ရောင်းအားမကောင်းတော့သဖြင့် ၂၀၂၂ တွင် ထွက်ခွာသွားခဲ့ရသည်။
Nissan ၏ Infiniti သည် စီးရေ ၅,၆၈၇ ရောင်းချခဲ့ပြီး ၂၀၂၁ ထက် ရောင်းရစီးရေ ၅၇.၈% လျော့နည်းခဲ့သည်။
ဂျာမန် စည်းစိမ်ကား brand များ ဖြစ်ကြသည့် BMW, Mercedes-Benz , Audi တို့ နောက်တွင် နေရာရထားသော Toyota Lexus နှင့် GM Cadillac တို့လည်း ရောင်းအား ကျဆင်းခဲ့ကြသည်။
Cadillac အစီးရေ ၁၉၈,၀၀၀ ရောင်းချခဲ့ရပြိး ၂၀၂၁ ထက် ၁၇.၇% လျော့နည်းပါသည်။
အခြားသော စည်းစိမ်ကား ကုမ္ပဏီကြီးများသည် တရုတ်ဈေးကွက်အတွက် တရုတ်ပြည်မှာ ထုတ်လုပ်ကြသည်။ Lexus က တရုတ်ပြည်မှာ ထုတ်လုပ်မှု မပြုချေ။ ဂျပန်မှာ ထုတ်လုပ်ပြီး တရုတ်ပြည်သို့ တင်သွင်းရောင်းချသည်။ ၂၀၂၂ တွင် စီးရေ ၁၈၄,၀၀၀ ရောင်းချခဲ့သည်။ ၂၀၂၁ ထက် ၁၈.၅၈% လျော့နည်းသည်။
၂၀၂၀ ပကည့်လွန်နှစ်များက တရုတ်ပြည်တွင်း ဈေးကွက်တွင် ရောင်းအားမကောင်းခဲ့သော Ford Lincoln သည် စီးရေ ၇၉,၃၀၀ ရောင်းချခဲ့ပြီး ၂၀၂၁ ထက် ၁၃.၄% လျော့နည်းသည်။
တရုတ်ပြည်မှ နိုင်ငံအကြီးအကဲများ၊ နိုင်ငံတော် ဧည့်သည် နိုင်ငံအကြီးအကဲများ တရုတ်ပြည် လာရောက်စဉ် စီးရန်အတွက် ရည်ရွယ်သည့် VVIP အလွန့်အလွန် အရေးပါပုဂ္ဂိုလ်များစီးဖို့ စည်းစိမ်ကားများကိုသာ ယခင်က ထုတ်လုပ်ခဲ့သည့် FAW Group ၏ Hongqi ၏ ၂၀၂၂ ရောင်းအားသည် Cadillac ကို ကျော်တက်ခဲ့သည်။ စီးရေ ၃၁၀,၀၀၀ ရောင်းချခဲ့သည်။ ၂၀၂၁ ထက် ၃% ပိုများသည်။
Tesla သည် အရောင်းရဆုံး လျှပ်စစ်ကားထုတ်လုပ်သူဖြစ်ပြီး အစဉ်အလာကြီးမားသည့် ဂျာမန်ကုမ္ပဏီကြီး ၃ ခုဖြစ်သည့် BMW, Mercedes-Benz , Audi တို့ပြီးနောက် ထိပ်တန်း (၁၀) စာရင်းတွင် စတုတ္ထနေရာကို ရယူခဲ့သည်။ ကားအစီးရေ ၄၁၀,၀၀ ကို ရောင်းချခဲ့သည်။
နောက်မှပေါ်သည့် ရွှေကြာပင်များထဲမှ Tesla အပြင် Li Auto နှင့် Nio တို့လည်း ထိပ်တန်း(၁၀) စာရင်းထဲ ပါဝင်ခဲ့ကြသည်။
Li Auto က ရောင်းအား ၄၇% မြင့်တက်ခဲ့ပြီး Nio က ၃၄% မြင့်တက်ခဲ့သည်။
Nio ပူးတွဲတည်ထောင်သူနှင့် စီအီးအို William Li က ၎င်း၏ကုမ္ပဏီသည် ယခုနှစ်အတွင်း Lexus ကို ကျော်တက်မည်ဟု ပြောကြားခဲ့သည်။ သို့ဖြစ်ရာ ယခုနှစ် ၂၀၂၃ တွင် ၂၀၂၂ ထက် စီးရေ ၂ ဆ ပိုမိုရောင်းချဖို့ ရည်မှန်းထားခြင်း ဖြစ်သည်။
“၂၀၂၃ မှာ Lexus ကို အနိုင်ယူနိုင်မယ်လို့ ကျွန်တော် စိတ်ချလက်ချ ယုံကြည်ပါတယ်။ BMW, Mercedes-Benz, Audi တို့ကိုတော့ မမီနိုင်သေးဘူး" ဟု ၎င်းက ပြောကြားခဲ့သည်။
၂၀၂၃ ဇန်နဝါရီလ တစ်လတာ ရောင်းအားတွင် Nio နှင့် Li Auto တို့က Lexus ထက် ပိုများခဲ့ပါသည်။
တရုတ်ပရီမီယံကားဈေးကွက်တွင် brand အရွေ့အပြောင်းအပြင် ဓာတ်ဆီကားမှ လျှပ်စစ်ကားဆီသို့လည်း အရွေ့အပြောင်း ဖြစ်ပေါ်နေသည်။
CPCA မှ ထုတ်ပြန်သည့် အချက်အလက်များအရ တရုတ်နိုင်ငံ၏ ပရီမီယံဓာတ်ဆီကားများသည် ဈေးကွက်တွင် ၂၀၂၂ ခုနှစ်တွင် ရောင်းအား ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ပရီမီယံ အီးဗီများ ရောင်းအား ၄၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။
၎င်းအရွေ့အပြောင်းကြောင့် ဂျာမန် စည်းစိမ်ကား လုပ်ငန်းကြီးများသည် တရုတ်ပြည်တွင် အီးဗီ ထုတ်လုပ်ရေး စက်ရုံများ ထူထောင်နေကြသည်။ တရုတ်ပြည်အတွက် အီးဗီမော်ဒယ်များကို ထုတ်လုပ်ကြသည်။
Rolls-Royce က အီးဗီ Spectre ကို ရောင်းချမည်။
Mercedes-Benz က EQE နှင့် EQS SUV အပါအဝင် အီးဗီ ခြောက်မျိုး စတင်ရောင်းချမည်ဟု ကြေညာခဲ့သည်။
BMW သည် ယခုနှစ်အတွင်း တရုတ်ဈေးကွက်တွင် တရုတ်ပြည်တွင် ပြုလုပ်သည့် Made-in-China MIC iX1 အပါအဝင် လျှပ်စစ် မော်ဒယ် ၁၁ မျိုးကို ရောင်းချမည်ဟု ဆိုသည်။
ပရီမီယံ စည်းစိမ်းကား ဈေးကွက်ထဲသို့ အသစ်ဝင်လာမည့် BYD က brand အသစ် Yangwang ဖြင့် ထုတ်လုပ်မည့် မော်ဒယ် ၂ ခု ပွဲထုတ်ပြသခဲ့သည်။ Read more ...
Geely ကလည်း brand အသစ် Galaxy ဖြင့် "ပရီမီယံ ခရီးတာ ဝေးဝေးသွားနိုင်မည့် အီးဗီမော်ဒယ်များ ယခုနှစ်အတွင်း ထုတ်လုပ်သွားမည် ဖြစ်သည်။ Read more . . .
တရုတ်နိုင်ငံ၏ အကြီးဆုံး SUV ထုတ်လုပ်သူ Great Wall Motors ကလည်း ပရီမီယံ စွမ်းအင်သစ် ကား brand အသစ် March ကို ပွဲထုတ်ခဲ့ပါသည်။
Source chinadaily
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U