အိန္ဒိယကားဈေးကွက်ထဲ ကားကုမ္ပဏီနှစ်ခု မင်းမူနေ


အိန္ဒိယမော်တော်ယာဉ် ဈေးကွက်ထဲမှာ ကန်ဒေါ်လာ ၂ ဘီလျံ အထိနာခဲ့ပြီးသည့်နောက်တွင် အမေရိကန် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းအနေဖြင့် ဈေးကွက်ကို ထိုးဖောက်ဖို့ မဖြစ်နိုင်လုနီးပါး ဖြစ်နေတာကြောင့် အိန္ဒိယတွင် Ford  က မော်တော်ယာဉ် ထုတ်လုပ်မှု အဆုံးသတ်လိုက်ပြီးတဲ့နောက်မှာ အိန္ဒိယပြည်တွင်း မော်တော်ယာဉ်ဈေးကွက်မှာ Maruti Suzuki နဲ့ Hyundai တို့က ကြီးစိုးထားကြပါတယ်။ 


အမေရိကန် ကားလုပ်ငန်းများ

အမေရိကန် ကားလုပ်ငန်း  General Motors (GM)  က အိန္ဒိယဈေးကွက်မှာ ကားရောင်းတာ  ၂၀၁၇ ခုနှစ်တုန်းက ရပ်ခဲ့ပါတယ်။ ပြည်ပတင်ပို့ရန်အတွက် အိန္ဒိယမှာ ကားထုတ်လုပ်မှုကိုတော့  ၂၀၂၀ ခုနှစ်မှာ ရပ်ခဲ့ပါတယ်။ 
 အမေရိကန် ကားလုပ်ငန်း  Ford ကလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်မှာ အန္ဒိယနိုင်ငံမှာ ကားထုတ်လုပ်မှုကို အပြီးအပိုင် ရပ်ဆိုင်းခဲ့ပြီး ၂၀၂၂ ခုနှစ်ဇွန်လမှ အိန္ဒိယထုတ် Ford ကားတွေ ပြည်ပတင်ပို့မှု အပြီးအပိုင် ရပ်ဆိုင်းမှာ ဖြစ်ပါတယ်။ 

အခု အောက်တိုဘာလမှာ အမေရိကန် လျှပ်စစ်ကားလုပ်ငန်း Tesla က  အိန္ဒိယပြည်တွင်း မော်တော်ယာဉ်ဈေးကွက်ထဲကို ဝင်ရောက်တော့မှာ ဖြစ်ပြီး ဈေးကွက်ကို ကြီးစိုးထားတဲ့ Maruti Suzuki နဲ့ Hyundai တို့ရဲ့ ပြိုင်ဘက်ကားလုပ်ငန်းအဖြစ် ဝင်ကစားရမှာ ဖြစ်ပါတယ်။ အိန္ဒိယအစိုးရက တရုတ်နိုင်ငံမှာ ထုတ်လုပ်တဲ့ Tesla ကားတွေ လာမရောင်းဖို့ ပြောဆိုခဲ့ပြီး အိန္ဒိယပြည်တွင်းမှာ စက်ရုံထူထောင်ပြီး ကားတွေ ထုတ်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ 

 

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
ဒေါ်လာ ၂ ဘီလျံ အထိနာခဲ့ပြီးနောက် အိန္ဒိယတွင် Ford ကားထုတ်လုပ်မှု ပိတ်သိမ်း


အမေရိကန် ကားလုပ်ငန်း  Ford က အိန္ဒိယဈေးကွက်ထဲကို ၁၉၉၅ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့တယ်။ ပြည်တွင်းမှာ တစ်နှစ်လျှင် စီးရ ၄၄၀,၀၀၀ ထုတ်လုပ်နိုင်စွမ်း ရှိတဲ့ စက်ရုံတည်ဆောက်ခဲ့တယ်။ ဒါပေမဲ့ ကမ္ဘာတစ်လွှား မော်တော်ယာဉ်အမျိုးမျိုး ရောင်းချရတဲ့ စီးရေအရ Ford က နံပါတ် (၇) နေရာမှာ ရှိနေပေမဲ့ Society of Indian Automobile Manufacturers ရဲ့ အချက်အလက်များအရအိန္ဒိယဈေးကွက်ထဲမှာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း စီးရေ ၄၈,၀၄၂ ကိုသာ ရောင်းချခဲ့ရပါတယ်။ 
၂၀၁၉ ခုနှစ်မှာ အိမ်စီးကားဈေးကွက် အပိုင်းအကန့်မှာ Ford ရဲ့ ဝေစုက ၂% အောက်မှာပဲ ရှိခဲ့ပါတယ်။ ပြည်တွင်း ကားထုတ်လုပ်ရေးလုပ်ငန်း Mahindra & Mahindra နဲ့ ထုတ်လုပ်ရေးကို ပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးညှိနှိုင်းခဲ့ပေမဲ့ ၂၀၂၀ ခုနှစ် နှစ်ကုန်မှာ သဘောတူညီမှု မရရှိဘဲ ပွဲပျက်သွားခဲ့ပါတယ်။ အဓိက အကြောင်းရင်းကတော့ ကပ်ရောဂါကြောင့် ဈေးကွက်ပျက်နေချိန်ဖြစ်လို့ နောက်ဆုတ်လိုက်ကြတာ ဖြစ်ပါတယ်။ 

Ford အနေဖြင့် အိန္ဒိယဈေးကွက်ထဲမှာ ဆက်ရှိနေဦးမှာ ဖြစ်ပေမဲ့ ပြည်ပမှ တင်သွင်းတဲ့ကားတွေကို ရောင်းချမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကားတင်သွင်းတဲ့အပေါ် စည်းကြပ်တဲ့အကောက်ခွန်နှုန်းထား မြင့်မားတာကြောင့် ကားရောင်းဈေး မြင့်မားနေတာကြောင့် ရောင်းအားထိုးကျပါတယ်။ 

 

အိန္ဒိယကားဈေးကွက်

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း မော်တော်ယာဉ်စီးရေ ၃.၂၈ သန်း ရောင်းချခဲ့ရတဲ့ အိန္ဒိယကားဈေးကွက်ဟာ ကမ္ဘာမှာ ပဉ္စမအကြီးမားဆုံး ဈေးကွက် ဖြစ်ပါတယ်။ အဲဒီနှစ်မှာ Maruti Suzuki  နဲ့  Hyundai  တို့က စုစုပေါင်း အိမ်စီးကားစီးရေ ၂.၇၁ သန်း ရောင်းချခဲ့တယ်။  

“လူထုကား” လို့ အဓိပ္ပာယ်ရတဲ့ Maruti က ဂျပန်ကားလုပ်ငန်း Suzuki Motor ရဲ့ လက်အောက်ခံလုပ်ငန်း ဖြစ်ပြီး brand အမည်အတိုင်း လူထုအတွက် ကားအဖြစ် ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထားတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်းမှာ အိမ်စီးကားရောင်းအားက ဈေးကွက်ဝေစု အကြမ်းအားဖြင့် ၄၈% ရရှိခဲ့ပါတယ်။ Hyundai က ဈေးကွက်ဝေစု ၂၂% ဝန်းကျင်ကို ရရှိထားပါတယ်။ 

Hyundai ရဲ့ ကားလုပ်ငန်းတစ်ခု ဖြစ်တဲ့ Kia က အိန္ဒိယဈေးကွက်ထဲကို ၂၀၁၉ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့တယ်။ ကျစ်ကျစ်လစ်လစ် SUV ကားမော်ဒယ်တွေကို လူကြိုက်များတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်းမျာ စီးရေ ၁၅၀,၀၀၀ ကျော် ရောင်းချခဲ့တယ်။  Toyota Motor , Honda Motor , Ford အသီးသီး ရောင်းအားထက် ပိုများပါတယ်။ 

အိန္ဒိယမှာ လူဦးရေ ၁.၃ ဘီလျံ ရှိသော်ငြားလည်း ပျမ်းမျှဝင်ငွေ နိမ့်ကျပါတယ်။ အရွယ်အစား ငယ်ပြီး တန်ဖိုးသင့် ကားတွေဖြစ်တဲ့အပြင် ဆီစားနှုန်းလည်း သက်သာတဲ့ကားတွေက ဈေးကွက်ကို ကြီးစိုးထားတယ်။ Maruti Suzuki ရဲ့ အဓိကကားမော်ဒယ် ဖြစ်တဲ့ Alto က ကျစ်လစ်တယ်။ စက်ရုံထုတ်ဈေး ၃၁၅,၀၀၀ ရူပီ (ကန်ဒေါ်လာ ၄,၂၀၀) ခန့် ဖြစ်ပါတယ်။ 

အမေရိကန်ကားထုတ်လုပ်သူတွေက အရွယ်အစား ကြီးတဲ့ မော်တော်ယာဉ်တွေကို အထူးပြုလုပ်ကိုင်ကြပြီး မူရင်းအခြေခံဈေးကွက်ဖြစ်တဲ့ မြောက်အမေရိကဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အဲဒီကားမော်ဒယ်တွေကို အိန္ဒိယဈေးကွက်မှာ ရောင်းချတဲ့အခါ မအပ်စပ်တော့ဘူး။ ဈေးနှုန်းတွေက ၇၀၀,၀၀၀ မှ ၈၀၀,၀၀၀ ရူပီအထိ အစားစား ရှိတယ်။ ကားရောင်းပြီးတဲ့နောက် ဝန်ဆောင်မှုပေးတာမှာလည်း နှောင့်နှေးတယ်။ ပြုပြင်ထိန်းသိမ်းတာမှာလည်း အချိန်ကြန့်ကြာတယ်။ ထုတ်လုပ်တဲ့ မော်ဒယ်အရေအတွက် နည်းတယ်။ 

တရုတ်နိုင်ငံ ရှန်ဟိုင်းအခြေစိုက် SAIC Motor ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ MG Motor က Ford ထွက်ခွာတဲ့အခါ Ford ရဲ့ ကားစက်ရုံတွေကို ဝယ်ယူဖို့ စိတ်ဝင်စားတယ်။ ဒါပေမဲ့ အိန္ဒိယ-တရုတ် နှစ်နိုင်ငံ နယ်ခြားတင်းမာမှု ရှိနေတဲ့အတွက် MG Motor  အနေဖြင့် အိန္ဒိယဈေးကွက်ထဲ ဝင်ဖို့ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား ပြုဖို့ မလိုလားဘူး။ 

အခြားသော မော်တော်ယာဉ်လုပ်ငန်းတွေအဖို့ ဈေးနှုန်းပြိုင်ဆိုင်မှုမှာ အရေးနိမ့်နေကြတယ်။ 
၂၀၂၀ ဒီဇင်ဘာလမှာ Honda က ၎င်းရဲ့ စက်ရုံနှစ်ရုံကို တစ်ရုံတည်းအဖြစ် ပေါင်းစည်းပြီး ထုတ်လုပ်နိုင်စွမ်းကို လျှော့ချခဲ့တယ်။ ထုတ်လုပ်နိုင်တဲ့ အရေအတွက်က ရောင်းအားထက် ပိုလျှံနေလို့ လျှော့ချရတာ ဖြစ်ပါတယ်။ 
Toyota က ဈေးကွက်ဝေစု ၃%သာသာပဲ ရရှိလို့ စက်တင်ဘာလမှာ ၎င်းရဲ့ ကားမော်ဒယ် Yaris  ကို အိန္ဒိယဈေးကွက်မှာ ရောင်းချမှု ရပ်ထားလိုက်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ အိန္ဒိယဈေးကွက်ထဲ စတင်ဝင်ရောက်ခဲ့ပြီး ယခု ရပ်ဆိုင်းထားလိုက်ရတာ ဖြစ်ပါတယ်။ 

 

လျှပ်စစ်မော်တော်ယာဉ် 

Maruti Suzuki နဲ့  Hyundai  တို့က ဓာတ်ဆီအင်ဂျင်သုံး မော်တော်ယာဉ် အပိုင်းအကန့်မှာ ကြီးစိုးထားကြတာ ဖြစ်ပါတယ်။ ယခုအခါ လျှပ်စစ်မော်တော်ယာဉ် အီးဗီထုတ်လုပ်သူတွေက အိန္ဒိယဈေးကွက်ကို ဝင်ရောက်ဖို့ ချိန်ဆနေကြတယ်။ အဓိကကျတဲ့အချက် ဖြစ်တဲ့ ကားဘက်ထရီ အားသွင်းဖို့ အခြေခံအဆောက်အအုံ ရှိလာခဲ့ရင် အီးဗီဈေးကွက် တစ်ရိပ်ရိပ် ကြီးထွားလိမ့်မယ်လို့ တွက်ဆထားကြတယ်။ 
လောလောဆယ်မှာတော့ အီးဗီက အိန္ဒိယဈေးကွက်မှာ ဝေစု ၀.၁% ပဲ ရှိတယ်။ အစိုးရက ၂၀၃၀ ခုနှစ်မှာ ၃၀% အထိဖြစ်ဖို့ ရည်မှန်းချက် ထားရှိတယ်။ အီးဗီဝယ်စီးတဲ့သူတွေကို အစိုးရ ထောက်ပံ့ကြေး ပေးဖို့အထိ အစီအစဉ် ထားရှိတယ်။ 

Tesla က အိန္ဒိယဈေးကွက်ထဲကို လက်တံဆန့်ထုတ်ထားတယ်။ ပြည်ပမှ တင်သွင်းပြီး ရောင်းချဖို့ အစီအစဉ် ရှိတယ်။ စီအီးအို Elon Musk က ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက Twitter မှာ တင်ပြခဲ့တာက “တကယ်လို့ တင်သွင်းတဲ့ Tesla  ကားတွေ အောင်မြင်အောင် လုပ်နိုင်ခဲ့ရင် အိန္ဒိယမှာ စက်ရုံဆောက်ပြီး ကားတွေ ထုတ်လုပ်ဖို့ ဖြစ်နိုင်ခြေ အလွန်များပါတယ်” 
စက်ရုံဆောက်ဖို့ လေသံပေးထားပြီး အိန္ဒိယအစိုးရကို တင်သွင်းတဲ့ Tesla ကားတွေအပေါ် စည်းကြပ်မယ့် အကောက်ခွန်နှုန်းထား လျှော့ခပေးဖို့ တိုက်တွန်းနေပါတယ်။ 

အိန္ဒိယပြည်တွင်း မော်တော်ယာဉ်လုပ်ငန်း  Tata Motors က အီးဗီဈေးကွက်မှာ ဝေစို အကြီးမားဆုံး ရရှိလိမ့်မယ်လို့ ယုံကြည်တယ်။ အီဗီကားတွေကို ရူပီ တစ်သန်းပတ်လည်ဖြင့် ရောင်းချခဲ့ပြီး စက်တင်ဘာလအထိ စီးရေ ၁၀,၀၀၀ ကျော် ရောင်းချခဲ့ပြီးပြီ ဖြစ်ပါတယ်။ 

Volkswagen က အန္ဒိယမှာ ၂၀၂၅ ဝန်းကျင်မှာ အီးဗီ စတင်ရောင်းချဖို့ စီစဉ်နေပါတယ်။ မိတ်ဖက်လုပ်ငန်းဖြစ်တဲ့ Audi  က ဇူလိုင်လကတည်းက အီးဗီ စတင်ရောင်းချခဲ့ပါတယ်။ 

Maruti Suzuki အနေဖြင့် အီးဗီကို ၂၀၂၅ မှာ ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ အီးဗီဝယ်လိုအား ရင့်ကျက်တော့မှ စတင်ထုတ်လုပ်ရောင်းချဖို့ ချိန်ရွယ်ထားတာ ဖြစ်ပါတယ်။ 


asia.nikkei.com
 

Read 18756 times