ဒေါ်လာ ၂ ဘီလျံ အထိနာခဲ့ပြီးနောက် အိန္ဒိယတွင် Ford ကားထုတ်လုပ်မှု ပိတ်သိမ်း


 

အိန္ဒိယမော်တော်ယာဉ် ဈေးကွက်ထဲမှာ ကန်ဒေါ်လာ ၂ ဘီလျံ အထိနာခဲ့ပြီးသည့်နောက်တွင် အမေရိကန် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းအနေဖြင့် ဈေးကွက်ကို ထိုးဖောက်ဖို့ မဖြစ်နိုင်လုနီးပါး ဖြစ်နေတာကြောင့် အိန္ဒိယတွင် Ford  က မော်တော်ယာဉ် ထုတ်လုပ်မှု အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

ကုမ္ပဏီဝန်ထမ်း အကြမ်းအားဖြင့်  ၄,၀၀၀ ဦး အလုပ်မှ ရပ်ဆိုင်းမှာ ဖြစ်ပြီး ထုတ်လုပ်မှုကိုတော့ ချက်ချင်းလက်ငင်း ရပ်ဆိုင်းထားလိုက်ပြီလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အခုလို အရွေ့က ခက်ခဲတာမှန်ပေမဲ့ ရေရှည်ကြီးထွားဖို့အတွက် လုပ်ဖို့ လိုအပ်တယ်လို့ စီအီးအို Jim Farley  က ဆိုပါတယ်။ 
“အိန္ဒိယမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်ခဲ့ပေမဲ့လည်း Ford မှာ လွန်ခဲ့တာ ၁၀ နှစ်တာအတွင်း စုစုပေါင်း ကန်ဒေါ်လာ ၂ ဘီလျံ အရှုံးပြနေတယ်။ ကားအသစ်ကျပ်ချွတ် ဝယ်လိုအားက မှန်းထားတာထက် များစွာလျော့နည်းနေတယ်” လို့ သူက ပြောတယ်။ 
လာမယ့် လအနည်းငယ်အတွင်းမှာ  Ford  ရဲ့ ကားစက်ရုံတွေ ဖြစ်တဲ့ Sanand မှာ တစ်ရုံ၊ Chennai မှာ တစ်ရုံ၊ စုစုပေါင်း နှစ်ရုံကို ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ 

Ford  က မော်တော်ယာဉ်ထုတ်လုပ်မှုအနေဖြင့် ကမ္ဘာ့အဆင့် (၅) မှာ ဖြစ်ပြီး အိန္ဒိယမှာ ရုန်းကန်နေခဲ့ရတာ အတော်ကြာခဲ့ပါပြီ။ ၁၉၉၅ ခုနှစ်တွင် အိန္ဒိယမှာ စတင်လုပ်ကိုင်ခဲ့ပြီး ၂၅ နှစ်တာ ကာလအတွင်း ကန်ဒေါ်လာ ၂ ဘီလျံကျော် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဒါပေမဲ့ ဈေးကွက်ဝေစု ပြောပလောက်အောင် မရခဲ့ဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လမှာ Ford  ရဲ့ ဈေးကွက်ဝေစုက ၁.၈ % မျှသာ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်က ၂.၁% ရှိခဲ့ရာမှ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တ့ ဇူလိုင်လ ဈေးကွက်ဝေစုတွေကို ကြည့်ရင် ထိပ်ဆုံးမှာ ဂျပန်နိုင်ငံမှ Suzuki Motor Corporation  ပိုင်ဆိုင်တဲ့ Maruti Suzuki က ဈေးကွက်ဝေစု ၄၅ % ရရှိထားပါတယ်။ တောင်ကိုရီးယားနိုင်ငံမှ Hyundai  က ၁၇% ရရှိထားပါတယ်။ 

Ford  က အိန္ဒိယမှာ လုပ်ငန်းရပ်ဆိုင်းတဲ့ ဒုတိယမြောက် အမေရိကန် ကားကုမ္ပဏီ ဖြစ်ပါတယ်။ 
 ၂၀၁၇ ခုနှစ်တုန်းက အမေရိကန် ကားလုပ်ငန်း  General Motors (GM)  က အိန္ဒိယဈေးကွက်မှာ ကားရောင်းတာ ရပ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ 
 

Read 4465 times