Hongqi အလံနီ မလွှင့်ခင် ‌အရှေ့လေ အရင်တိုက်ခဲ့ပါတယ်


နိုင်ငံတော်အဆင့် အမြင့်တန်းဇိမ်ခံကား Hongqi ကို မွေးဖွားပေးတဲ့ First Automobile Works (FAW)က တရုတ်နိုင်ငံရဲ့ ပထမဆုံး မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းဖြစ်ပြီး စစ်သုံးနဲ့ လုပ်ငန်းသုံး ထရပ်ကားတွေ စတင်ထုတ်လုပ်ခဲ့ပါတယ် 
၁၉၅၆ ဇူလိုင်လမှာ  ပထမဆုံး ထရပ်ကားကို လွတ်မြောက်ခြင်းလို့ အဓိပ္ပာယ်ရတဲ့ အမည် Jiefang ဖြင့် စတင်ထုတ်လုပ်ခဲ့တယ်။
ဉက္ကဋ္ဌ မော်က အားရကျေနပ်တယ်။ “ တကယ်လို့ တစ်နေ့ကျရင် အစည်းအဝေးတွေ တက်ဖို့ တရုတ်ပြည်ထုတ် ဆလွန်းကားနဲ့ ငါတို့ သွားနိုင်ရင် အရမ်းကောင်းမှာပဲ” လို့ မိန့်ကြားတယ်။ 
FAW မှာ ဉက္ကဋ္ဌကြီး ဆန္ဒရှိတာကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိသွားစေတယ်။ 
FAW က Hongqi အလံနီ ဆိုတဲ့အမည်ဖြင့် ဆလွန်းကား ထုတ်လုပ်ဖို့ စတင်ပါတယ်။ အနီရောင်အလံက ကွန်မြူနစ်ပါတီ အလံကို ရည်ညွန်းတဲ့ အမည် ဖြစ်ပါတယ်။ နိုင်ငံပိုင်လုပ်ငန်းကြီးအဖို့ ပါတီနိုင်ငံရေးရဲ့ အောက်မှာပဲ လုပ်ကိုင်ရတာ သဘာဝကျပါတယ်။

ဒါပေမဲ့ အလံနီ မလွှင့်ခင် ‌အရှေ့လေ အရင်တိုက်ခဲ့ပါတယ်။
 
၁၉၅၇ ခုနှစ်မှာ တရုတ်ဗဟိုအစိုးရက FAW ကို နိုင်ငံ့ခေါင်းဆောင်တွေ စီးဖို့ ဆီလျော်မယ့် ဆလွန်းကား ထုတ်ဖို့ အမိန့်ချမှတ်တယ်။
အဲဒီခေတ်ကာလမှာ ထုတ်လုပ်နေတဲ့ ဇိမ်ခံကားတွေကို လက်လှမ်းမီသရွေ့ လေ့လာကြပြီး Simca Vedette နဲ့ Mercedes-Benz model 190 တို့ကို ရွေးချယ်လိုက်ကြတယ်။

Simca Vedette ကားက ပြင်သစ်ကားလုပ်ငန်း Simca က ထုတ်လုပ်တဲ့ကား ဖြစ်ပါတယ်။  Simca က ကိုယ်ထည်ကြီးတဲ့ ဆလွန်းကားတွေ ထုတ်လုပ်တယ်။ ပြင်သစ်မှာ တည်ရှိတဲ့ Ford ကားစက်ရုံကို ဝယ်ပြီး ထုတ်လုပ်တာဖြစ်လို့ တချို့က Ford က ထုတ်တဲ့ကားလို့ ထင်ကြတယ်။ Ford Vedette လို့ ခေါ်ကြတယ်။ ဂျာမန်ကားလုပ်ငန်း  Mercedes-Benz အကြောင်းကိုတော့ လူသိများပြီးသားဖြစ်လို့ မဖော်ပြတော့ဘဲ ချန်လှပ်ခဲ့ပါမယ်။

အဲဒီ ကားနှစ်စီးကို ပြောင်းပြန် အင်ဂျင်နီယာ  reverse engineer လုပ်ကြတယ်။ အစိတ်အပိုင်းတွေကို တစ်စစီ ဘယ်လို တည်ဆောက်ထားသလဲ၊ ဘယ်လို အလုပ်လုပ်လဲ၊ ဘယ်လို စနစ်တွေ သုံးသလဲ စသဖြင့် အသေးစိတ် လေ့လာတယ်။ အတုယူပြီး ထုတ်လုပ်ကြညိ့တယ်။

ရလဒ်အဖြစ် ၁၉၅၈ ခုနှစ်မှာ တရုတ်ပြည်တွင်းဖြစ် Dongfeng CA71 ထွက်ပေါ်လာခဲ့ပါတယ်။

Dongfeng ဆိုတာ အရှေ့လေ လို့ ဆိုလိုပါတယ်။ 
ဥက္ကဋ္ဌကြီးမော်က မော်စကိုမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ “ အရှေ့လေက အနောက်လေအပေါ်မှာ အောင်နိုင်တယ်” လို့ ထည့်သွင်း ပြောကြားခဲ့တယ်။ အရှေ့တိုင်းမှ ကွန်မြူနစ်တွေက အနောက်နိုင်ငံတွေမှ အရင်းရှင်တွေအပေါ် အောင်နိုင်တယ်လို့ ပြောဆိုတာ ဖြစ်ပါတယ်။ အဲဒီစကားရပ်မှ တင်စားပြောဆိုတဲ့ အရှေ့လေ Dongfeng စကားလုံးဖြင့် ကားမော်ဒယ်ကို အမည်ပေးထားတာ ဖြစ်ပါတယ်။ ဒီတော့ အမည်ကို သဘောတူဖို့ပဲ ရှိလိမ့်မယ်။ ကိုးကားချက်က ကောင်းလွန်းနေတာကိုး။
Dong က အရှေ့ feng က စီးဆင်းနေတဲ့လေ လို့ ဆိုလိုပါတယ်။

Dongfeng အမည်နာမကို အင်္ဂလိပ်အက္ခရာနဲ့ စာလုံးပေါင်းပြီး အမည်တံဆိပ်ပြား လုပ်ထားတယ်။ အစိုးရက တရုတ်စာလုံးသုံးဖို့ တိုက်တွန်းတယ်။ ဥက္ကဋ္ဌကြီးမော် ကိုယ်တိုင် Dongfeng ကို တရုတ်စာဖြင့် ရေးပေးတဲ့ လက်ရေးကို ကားတံဆိပ်အဖြစ် FAW က အသုံးပြုလိုက်ပါတယ်။ ဘယ်သူက ဘာပြောချင်သေးလဲ မေးနေဖို့ မလိုတော့ဘူး။
မော်လက်ရေးစာလုံးလိုဂိုကို ကားဘေးဘက်မှာ တပ်ဆင်ပေးထားလိုက်တယ်။
Dongfeng CA71 ကို အစိုးရ ရုံးစိုက်ရာ ဘီဂျင်းမြို့တော်သို့ ယူသွားပြီး မော်ရဲ့ အိမ်မှာ ပြသတယ်။ ခေါင်းဆောင်ပိုင်းမှ ပုဂ္ဂိုလ်တွေ လာကြည့်ကြတယ်။ ဝန်ကြီးချုပ် ချူအင်လိုင်းလည်း ပါတယ်။ သူက ဘဝင်မကျဖြစ်မိတာကို အကြံပြုတယ်။
စက်ဖုံးဖွင့်ပြထားတော့ အင်ဂျင်ကို သူကြည့်လိုက်ပြီး ပြောတယ်။
“အင်ဂျင်က  Mercedes-Benz model 190 ဆီက အင်ဂျင်ကို မိတ္တူ ကူးထားတာလို့ ငါကြားသိထားတယ်။ ဟုတ်လား”
အနီးမှာ အသင့်ရှိနေတဲ့ First Automobile Works ရဲ့ အကြီးအကဲ ရှူဇိုလျှံက “ဟုတ်ပါတယ်” လို့ အဖြေပေးတယ်။ 
ချူအင်လိုင်းက “ပဓာနကျတဲ့ မော်တော်ယာဉ် အမှတ်တံဆိပ်တွေ အားလုံး တစ်ဦးကို တစ်ဦးက မိတ္တူ ကူးယူကြတာ မကင်းကြပါဘူး။ ဒါပေမဲ့ ငါတို့ ပါးပါးနပ်နပ် လုပ်ကြဖို့ လိုအပ်တယ်။ အဲဒီတော့ ငါတို့ အပြောင်းအလဲတချို့ လုပ်မှ ဖြစ်မယ်။ အင်ဂျင်ကို အတိအကျ မိတ္တူကူးချထားရင် သူတို့ မကျေမနပ် ဖြစ်ကြလိမ့်မယ်။ ဥပမာ ပြောရရင် ဗားချိန်ဘာအဖုံးရဲ့ ပုံပန်းသဏ္ဍာန်ကို ငါတို့ ပုံပြောင်းပေးလို့ရပါတယ်”

အဲဒီဩဝါဒစကားအတိုင်း တစ်ချိန်တုန်းက ဂျပန်ကား ထုတ်လုပ်သူတွေ လုပ်ဆောင်ခဲ့ကြတယ်။ တရုတ်ကားထုတ်လုပ်သူတွေကတော့ အခုအထိ လိုက်နာနေကြဆဲ ဖြစ်ပါတယ်။

Dongfeng CA71 ကို ပြသပြီးတဲ့နောက်မှာ FAW ကို ဉက္ကဋ္ဌမော် က ဖြစ်စေချင်တာကို တိုက်ရိုက်အသိပေးတယ်။
FAW က ဖြစ်အောင် ကြိုးပမ်းတယ်။ FAW က ပညာတော်သင် အင်ဂျင်နီယာ ၅၀၀ ဦး  ရုရှားကို စေလွှတ်ခဲ့တယ်။ တချို့ အင်ဂျင်နီယာတွေက ပါတီထိပ်ပိုင်းရောက်ခဲ့ကြတယ်။
တစ်ဦးက ၁၉၉၈ မှ ၂၀၀၃ အထိ တရုတ်နိုင်ငံ ဒုဝန်ကြီးချုပ် လီလန်ချင်း Li Lanqing ဖြစ်ပါတယ်။ နောက်တစ်ဦးက မြန်မာပြည် အလည်လာဖူးတဲ့ ကျန်ဇီမင်း ဖြစ်ပါတယ်။ ပါတီ အထွေထွေ အတွင်းရေမှူးနှင် တရုတ်နိုင်ငံသမ္မတ အဖြစ် ၁၉၈၉ မှ ၂၀၀၃ အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၅ နှစ်ကြာ သမ္မတသက်တမ်းမှာ သူက FAW ကို တရားဝင် သုံးကြိမ် လာခဲ့တယ်။ သူက FAW ရဲ့ ငယ်မွေးခြံပေါက်တစ်ဦး “FAW man” လို့ခံယူထားသူ ဖြစ်ပါတယ်။
အခုလို ပါတီခေါင်းဆောင်ပိုင်းအထိ ရောက်ရှိကြလို့ FAW အနေဖြင့် နိုင်ငံရေးဂယက်ကြောင့် လှိုင်းထပြီး နိမ့်တုံမြင့်တုံ ဖြစ်ကြုံခဲ့ပါတယ်။

၂၀၁၀ မှ ၂၀၁၅ အထိ FAW ကုမ္ပဏီ အကြီးအကဲ ရှူကျားနီ ထိန်းသိမ်းခံရတဲ့အကြောင်းကို 


Hongqi : တရုတ်အစိုးရ VIP  ကားမျိုးရိုး အနီရောင်အလံ

မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
 

Read 1839 times