Hongqi : တရုတ်အစိုးရ VIP ကားမျိုးရိုး အနီရောင်အလံ


အမြင့်တန်း ဇိမ်ခံကားတွေ ထုတ်လုပ်ရောင်းချတဲ့ Hongqi ဟာ တရုတ်အစိုးရ VIP  ကားမျိုးရိုးမှ ဆင်းသက်လာပါတယ်။ 

တရုတ်နိုင်ငံခေါင်းဆောင် ကွန်မြူနစ်ပါတီ ဉက္ကဋ္ဌကြီး မော်စီတုံးက ချီတက်ပွဲ အခမ်းအနား တက်ရောက်တဲ့အခါ ဘာကားစီးသလဲ။ နေ့စဉ် သွားလာဖို့ ဘာကားစီးသလဲ။
သူစီးခဲ့တဲ့ ကားတွေမှာ တချို့ကို ဘီဂျင်းမြို့တော်မှာ တည်ရှိတဲ့ ပုဂ္ဂလိကပိုင် ဂန္ထဝင်ကား ပြတိုက်မှာ တွေ့နိုင်ပါတယ်။

 

မြို့တော်မြောက်ဘက် ကီလိုမီတာ ၈၀ မှာ တည်ရှိတဲ့ Beijing Classic Car Museum မှာ ရှေးကျတဲ့ ဇိမ်ခံကား အစီး ၂၀၀ ကျော် ပြသထားတယ်။ ပြည်တွင်းပြည်ပ brands တွေ ဖြစ်ပြီး Hongqi (Red Flag), Ford, Dodge, Desoto, Mercedes-Benz , Volga တို့ ပါဝင်တယ်။
အဲဒီကားတွေထဲမှာ ပြည်တွင်းကားလုပ်ငန်း Hongqi မှ ထုတ်လုပ်တဲ့ မော်တော်ယာဉ် ၃၇ စီး ရှိပါတယ်။ ပြတိုက်ပိုင်ရှင် Luo Wenyou ရဲ့ အကြိုက်ဆုံး ကားတွေ ဖြစ်ပါတယ်။

“တချို့ကားတွေကို တစ်ချိန်တုန်းက ဥက္ကဋ္ဌကြီး မော်စီတုံး၊ ဝန်ကြီးချုပ်ချူအင်လိုင်းတို့ စီးခဲ့ကြတယ်” လို့ အသက် ၆၀ ဝန်းကျင်ရှိပြီဖြစ်တဲ့ Luo က ပြောပြတယ်။

".Hongqi က တရုတ်ပြည်ကို ကိုယ်စားပြုတယ်။ တရုတ် ကားထုတ်လုပ်မှုမှာ အကောင်းဆုံးပဲ” လို့ သူက မှတ်ချက်ပြုတယ်။

၁၉၅၆ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပတဲ့အခါ ဥက္ကဋ္ဌမော်က အစည်းအဝေးကို ပြည်တွင်းထုတ် ကားနဲ့ လာချင်တယ်လို့ မိန့်ကြားတယ်။

အဲဒီအချိန်တုန်းက တရုတ်နိုင်ငံ မော်တော်ယဉ်ကဏ္ဍက အပွင့်တွေ မဝေဆာသေးဘူး။ ဖူးငုံစ အဆင့်ပဲ ရှိသေးတယ်။ First Automobile Works (FAW) ကားစက်ရုံကို ၁၉၅၃ ခုနှစ်မှာ စတင်ခဲ့တယ်။ ကျီလင်းပြည်နယ် ရဲ့ မြို့တော် ချန်ချွမ်မြို့မှာ စက်‌ရုံ ထူထောင်ထားတယ်။

၁၉၅၈ ခုနှစ်မှာ Hongqi အမည်ဖြင့် ပထမဆုံးဆီဒင်ကားကို ထုတ်လုပ်ခဲ့ပါတယ်။ Hongqi အမည်မှာ hong က အနီရောင်၊ qi က အလံ၊ Hongqi က ‘အနီရောင်အလံ' လို့ ဆိုလိုပါတယ်။ 
၁၉၅၉ ခုနှစ် တီယန်နန်မင်ရင်ပြင်မှာ ကျင်းပတဲ့ (၁၀) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားမှာ မော်ရဲ့ဆန္ဒဖြည့်ဆည်းတဲ့ Hongqi ဆီဒင်ကို ဗွေဆော်ဦး ပွဲထုတ်ခဲ့ပါတယ်။ နိုင်ငံ့ဂုဏ်ဆောင် ကား၊ နိုင်ငံ့ခေါင်းဆောင် စီးတဲ့ကား ၊ VIP ကား အဖြစ် Hongqi က လမ်းပေါ်မှာ ဘီးစလှိမ့်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ သမ္မတ.ရှီကျင့်ဖျင် လက်ထက်မှာလည်း Hongqi ကို နိုင်ငံတော်အခမ်းအနားတွေမှာ စီးတော်ယာဉ်အဖြစ် အသုံးပြုနေဆဲ ဖြစ်ပါတယ်။ 

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၃ ရက်မှာ ဂျပန်တော်လှန်ရေး အောင်ပွဲ၊ ဖက်စစ်တော်လှန်ရေးအောင်ပွဲ (၇၀) ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားကျင်းပခဲ့ပြီး စစ်တပ်မှ စစ်ရေးပြ ချီတက်တဲ့ပွဲကို သမ္မတ ရှီကျင့်ဖျင် တက်ရောက်ခဲ့ပါတယ်။ First Automobile Works မှ ထုတ်လုပ်တဲ့ အမည်းရောင် အမိုးပွင့် Hongqi CA7600J L5 ကို အသုံးပြုခဲ့ပါတယ်။
First Automobile Works ရဲ့ အကြီးအကဲ ရှူကျားနီအဖို့ အကြီးအကျယ် ဂုဏ်ယူစရာ ဖြစ်ပါတယ်။
ရှူက FAW မှာ မွေးပြီး FAW မှာ ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။ FAW စတင်ထူထောင်တဲ့ ၁၉၅၃ ခုနှစ်မှာ မွေးဖွားခဲ့တယ်။ ဖခင်ဖြစ်သူ ရှူဇိုလျှံက FAW ကို ထူထောင်ခဲ့ကြသူတွေထဲမှာ ပါဝင်တယ်။ FAW မှာ လက်ထောက်ညွှန်မှူး တာဝန်ထမ်းဆောင်နေတယ်။ FAW ရဲ့ ပထမမျိုးဆက် ဖြစ်ပါတယ်။
ရှူကျားနီက ဒုတိယမျိုးဆက် ဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်မှာ ရှူကျားနီက FAW မှာ အလုပ်စဝင်ခဲ့တယ်။ ရာထူးအကြိမ်ကြိမ်တိုးခဲ့ပြီး  FAW ကုမ္ပဏီ အကြီးအကဲ ဖြစ်လာခဲ့တယ်။ လုပ်သက် နှစ် ၄၀ နီးပါး ရှိနေပြီး မြို့တော်ဝန် တာဝန် ထမ်းဆောင်တ့ ဲ၄ နှစ် ကာလ FAW မှ ယာယီ အလုပ်ထွက်ခဲ့ရတယ်။
၂၀၁၀ မှ ၂၀၁၅ အထိ FAW ကုမ္ပဏီ အကြီးအကဲ တာဝန် ထမ်းဆောင်ခဲ့တယ်။ ပါတီအတွင်းရေးမှူး တာဝန်ကိုလည်း ထမ်းဆောင်ခဲ့တယ်။
တရုတ်နိုင်ငံရဲ့ မော်တော်ယာဉ် ထုတ်လုပ်မှု ခေတ်သစ်မှာ Hongqi ရဲ့ အောင်မြင်မှုများအတွက် သူ့ကို ချီးမြှောက်သင့်ပေမဲ့ ၂၀၁၅ မတ်လမှာ ပါတီတွင်း စစ်ဆေးမှုအတွက် သူ ထိန်းသိမ်းခံရတယ်။

 နိုင်ငံပိုင်လုပ်ငန်းကြီးတွေမှာ ပါတီနိုင်ငံရေး ထိုးနှက်မှုတွေကြောင့် မြင့်တုံနိမ့်တုံတွေ ဖြစ်ပွားတယ်။
Hongqi မှာ ဒီဇိုင်းဌာန အကြီးအကဲ ဖြစ်ခဲ့သူ ချန်းဇီဟံက အီတလီကားတွေရဲ့ ဖက်ရှင်စတိုင်ကျတာကို သဘောကျတယ်။ ၁၉၆၂ ခုနှစ် Hongqi CA72 မော်ဒယ်ကို ကျစ်ကျစ်လစ်လစ် ဖြစ်အောင် ထုတ်တယ်။ နည်းနည်း ပြားပေးတယ်။ ပြိုင်ကားဆန်ဆန် ဒီဇိုင်းထုတ်တယ်။ အဲဒီကားဒီဇိုင်းကြောင့် သူ ကြမ္မာငင်တယ်။ အနောက်တိုင်း ပယောဂဝင်နေတဲ့သူလို့ စွပ်စွဲခံရတယ်။ သူ့ကို ရာထူးချလိုက်ကြတယ်။ ကားတွေ တန်းစီတပ်ဆင်တဲ့လိုင်းမှာ သန့်ရှင်းရေးလုပ်သားအဖြစ် လုပ်ကိုင်စေခဲ့ပါတယ်။ 

  သူဘာမှားခဲ့သလဲဆိုတော့ Hongqi က နိုင်ငံတော်ဧည့်သည်တွေ စီးတဲ့ ဆီဒင်ကားလို့ သတ်မှတ်ထားတာကို သူ့ကားဒီဇိုင်းက ဖီလာဆန့်ကျင်ပြုပြီး ဂုဏ်ပုဒ်ကို ချေဖျက်ပစ်ရာ ရောက်နေတယ်။ ပြိုင်ကားပုံစံကားကို ဧည့်သည်တော် ဝန်ကြီးချုပ်၊ သမ္မတ စတဲ့ ပုဂ္ဂိုလ်တွေ စီးဖို့ မအပ်စပ်ဘူး။ အကြီးအကျယ် လွဲချော်နေတယ်။

ဦးတည်ချက်က နိုင်ငံတော်ဧည့်သည်တွေ စီးဖို့ကား ဖြစ်ပါတယ်။
ဦးတည်ချက် အထမြောက်တဲ့အခါမှာ  ဆိုဗီယက်ယူနီယံမှာ ထုတ်လုပ်တဲ့ ZIS ကားမော်ဒယ် သုံးစွဲခဲ့ရာမှ ပြည်တွင်းထုတ် Hongqi ဖြင့် ၁၉၆၄ မှာ ပြောင်းလဲသုံးစွဲခဲ့တယ်။ 
“ရောက်လာတဲ့ နိုင်ငံခြားသားဧည့်သည်ကို Hongqi နဲ့ သွားဖို့လာဖို့ စီစဉ်ပေးထားရင် အမြင့်မားဆုံး အခွင့်ထူး ပေးခံရတာ ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုခံရတာ ဖြစ်ပါတယ် “လို့ Luo က ရှင်းပြတယ်။

 

Hongqi: from Mao to Xi  PART 1

Read 2815 times