Honda စီအီးအိုအသစ်ရဲ့ ရှေ့ခရီးလမ်းစဉ်


ဂျပန်မော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍမှာ Toyota က အကြီးမားဆုံးလုပ်ငန်းဖြစ်ပြီး Honda က ဒုတိယအကြီးမားဆုံး ဖြစ်ပါတယ်။
ယခုအခါ Honda က အီးဗီ ထုတ်လုပ်ရေး ခရီးလမ်းကို မောင်းနှင်ဖို့ ခရီးဖော် စီးပွားဖက် လုပ်ငန်း တစ်ခု ဖြစ်စေ တစ်ခုမက ဖြစ်စေ ရရှိဖို့ ရှာဖွေနေပါတယ်။

Honda က Toyota နည်းတူ လျှပ်စစ် ဓာတ်ဆီ နှစ်မျိုးတွဲ hybrid ကား လမ်းသစ် ဖောက်ခဲ့ပါတယ်။ Honda ရဲ့ hybrid electric vehicle (HEV) ဖြစ်တဲ့ Honda Insight ကို ဓာတ်ဆီဈေး ဈေးကြီးချိန်မှာ ဆီစားသက်သာလို့ လူကြိုက်များပါတယ်။

 Honda က အပြည့်အဝ လျှပ်စစ်ကားတွေကို e:N စီးရီး မော်ဒယ်များဖြင့် e:NS1 , e:NP1 စသဖြင့် ထုတ်လုပ်ဖို့ အစီအစဉ် ရှိပါတယ်။

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
 Honda “e: N” series 

ယခုအခါ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးအတွက် ကားထုတ်လုပ်ရေး လုပ်ငန်းကြီးတွေက  အကြီးအကျယ် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြချိန်မှာ ဟွန်ဒါက လက်နှေးနေပါတယ်။ နောက်ကျနေပါတယ်။ 
အမီလိုက်နိုင်ဖို့ Honda ရဲ့ စီအီးအို အသစ်က အီးဗီအတွေ့အကြုံ ရှိထားတဲ့ ကားထုတ်လုပ်သူနဲ့ ခရီးဖော်ပြုပြီး အီးဗီခရီးကို နှင်လိုပါတယ်။

ယခုနှစ် ၂၀၂၁ ဧပြီလမှာ Honda စီးအီးအို အဖြစ် ခန့်အပ်ခံရသူ Toshihiro Mibe က ထုတ်လုပ်ရေးအတွက် သုတေသနနဲ့ ဖွံ့ဖြိုးရေး လုပ်ကိုင်ပေးတဲ့ ဌာနရဲ့ အကြီးအကဲ ရာထူးတာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ General Motors နဲ့ ဆက်နွှယ်မှုကို ကူညီပေးသူလည်း ဖြစ်ပါတယ်။ သူက ကားထုတ်လုပ်သူများအကြား လက်တွဲဖော် စီးပွားဖက် ပြုတာကို အတွေ့အကြုံများ ရှိထားသူ ဖြစ်တာကြောင့် Honda ရဲ့ အီးဗီ ရှေ့ဆက်မယ့်ခရီးမှာ အီးဗီ အဆင့်မြင့်နည်းပညာများ လက်ဝယ်ရှိထားတဲ့ ကုမ္ပဏီတွေနဲ့ အကျိုးတူ ပူးပေါင်းပြီး လုပ်ကိုင်ကြဖို့ သူက မြော်မြင်ထားပါတယ်။

သူက Honda ကို ၂၀၄၀ မှာ အပြည့်အဝ လျှပ်စစ်ကားများ ထုတ်လုပ်မှု ဖြစ်စေလိုပါတယ်။ အရွယ်ကြီးတဲ့ မော်တော်ယာဉ်တွေကိုတော့ အရွယ်အစားကြီးတဲ့ ဘက်ထရီ မသုံးဘဲ ဟိုက်ဒြိုဂျင် လောင်စာဆဲလ် သုံးကောင်းသုံးပါလိမ့်မယ်။ 

လောလောဆယ်မှာ Honda လက်ထဲ ပေးစရာ အီးဗီမော်ဒယ် တစ်မျိုး ရှိနေပါတယ်။ Honda e မော်ဒယ်ကို ဉရောပမှာပဲ ရနိုင်ပါတယ်။ ဒီဇိုင်းလည်း ကောင်းတယ်။ အရည်အသွေးတွေလည်း ကောင်းတယ်။ ဒါပေမဲ့ လူကြိုက်မများဘူး။ အဓိက အားနည်းချက်က အားသွင်းပြီးတဲ့အခါ သွားနိုင်တဲ့ ခရီးတာက နည်းနေလို့ ဖြစ်ပါတယ်။
Honda က လာမယ့် ၅နှစ်တာအတွင်း အီးဗီ မော်ဒယ်အသစ် ၁၀ မျိုး ထုတ်လုပ်ဖို့ စီစဉ်နေကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

Honda က တခြား ကားထုတ်လုပ်သူများ အထူးသဖြင့် Mazda နဲ့ Subaru တို့နဲ့ ပူးပေါင်း လုပ်ကိုင်မှုများ တိုးမြှင့်ပါတယ်။ လျှပ်စစ်ကားနဲ့ အလိုအလျောက်မောင်းနှင်မှု နည်းပညာတို့ အထူးတလည် စူးစိုက်လုပ်ကိုင်ဖို့အတွက် Ford နဲ့  Volkswagen တို့နဲ့အတူ လုပ်ဆောင်ဖို့ တိုးမြှင့်ဆောင်ရွက်လျက် ရှိပါတယ်။

Japan Automobile Manufacturers Association (JAMA) ရဲ့ကြီးကြပ်မှုအောက်မှာ ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီတွေ ပူးပေါင်းလုပ်ဆောင်ကြဖို့ ပြောဆိုဆွေးနွေးနေပါတယ်။
 
Honda က ဂျပန်ကားထုတ်ရေး ကုမ္ပဏီနဲ့ မပူးပေါင်းခင်မှာ General Motors(GM) နဲ့ ပူးပေါင်းလိုပါတယ်။ Honda - GM စီးပွားဖက် ပြုပြီး မြောက်အမေရိကဈေးကွက်အတွက် လျှပ်စစ်ကားတွေနဲ့ အင်ဂျင်သုံးတဲ့ကားတွေ ဖွံ့ဖြိုး ထုတ်လုပ်လိုပါတယ်။

Read 519 times