ဗြိတိန်မှာ ထရပ်ကားကြီး ဒရိုင်ဘာ ရှားပါးလို့ ပြဿနာ အကြီးအကျယ်တက်


ဗြိတိန်နိုင်ငံမှာ ကုန်စည်ပို့ဆောင်ရေးအတွက် အသုံးပြုတဲ့ အကြီးစားကုန်တင်မော်တော်ယာဉ်  heavy goods vehicle (HGV) ဒရိုင်ဘာတွေ ရှားပါးနေလို့ တစ်တိုင်းပြည်လုံး ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်နေပါတယ်။

လူမသိသူမသိ မုန်တိုင်းအဖြစ်မှ ဝရုန်းသုန်းကားတွေ ဖြစ်ကုန်တဲ့ မုန်တိုင်းအဖြစ်သို့ ပြောင်းလဲ ရောက်ရှိခဲ့ခြင်းသာ ဖြစ်တယ်လို့ လောဂျစ်စတစ်နယ်ပယ်မှ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ 

HGV ဒရိုင်ဘာ မလုံလောက်တဲ့ ပြဿနာ ရှိနေခဲ့တာ အီးယူထဲမှ ဗြိတိန်နိုင်ငံ နုတ်ထွက်ခြင်း မပြုခင်ကတည်းက ဖြစ်ပါတယ်။ Logistics UK. ရဲ့ အချက်အလက်များအရ ယခင်ကတည်း HGV ဒရိုင်ဘာ  ၇၆,၀၀၀ ဝန်းကျင် လိုအပ်နေခဲ့ပါတယ်။ 

ကုန်စည်ပို့ဆောင်ရးကဏ္ဍက ပိုဆန့်ထွက်လာခဲ့တယ်။ ပို့ဆောင်ရတဲ့ ခရီးမိုင်တွေ ပိုရှည်လျားလာတယ်။ ဒါပေမဲ့ ယာဉ်မောင်းဦးရေက သိသိသာသာ လိုက်တိုးမလာခဲ့ဘူး။ ဗြိတိန် HGV ဒရိုင်ဘာဦးရေက  ၃၀၀,၀၀ ဝန်းကျင်မှာပဲ ဆက်ရှိနေတယ်။ ဗြိတိန်မှာ ကားလာအောင်းနေကြတဲ့ အီးယူဒရိုင်ဘာဦးရေက ၂၀၁၀ ခုနှစ်မှာ ၁၀,၀၀၀ ရှိခဲ့ပြီး ၂၀၁၇ မှာ ၄၅,၀၀၀ ဦးအထိ များလာခဲ့တယ်။  အဲဒီအခြေအနေမှာ HGV ဒရိုင်ဘာ  ၇၆,၀၀၀ ဝန်းကျင် လိုအပ်နေခဲ့ပါတယ်။ 

လူဦးရေ အချိုးအစားအရ ကြည့်ရင် ဗြိတိန်ယာဉ်မောင်းတွေထက် အီးယူယာဉ်မောင်းတွေက ပိုအခရာကျနေပါတယ်။ ဒါပေမဲ့ ပြည်ပလုပ်သားအပေါ် အားကိုးနေရတာ စိုးရိမ်စရာလို့ ယူဆတယ်။ ပါလီမန် အမတ်တွေက ပို့ဆောင်ရေးလုပ်ငန်းတွေကို ပြည်ပလုပ်သားအင်အားစုအပေါ် မှီခိုနေရတာ လျှော့ချပါလို့ ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ ပြောကြားခဲ့ပါတယ်။ 

ကိုဗစ်ကပ်ဘေးမှာ အီးယူယာဉ်မောင်းတွေ ပြည်တော်ပြန်ကုန်ကြတယ်။ စာရင်းအင်းဌာနမှ အချက်အလက်များအရ ၂၀၂၀ ပထမ သုံးလပတ်မှာ ၃၀၄,၀၀၀ ရှိခဲ့ရာမှ ၂၀၂၁ ဒုတိယသုံးလပတ်မှာ ၂၃၅,၀၀၀ ဦးမျှသာ ကျန်တော့တယ်။ ၆၉,၀၀၀ ဦး လျော့သွားတယ်။ ယခုအခါ ခန့်မှန်းခြေအားဖြင့် ၉၀,၀၀၀ ဦး လိုအပ်နေတယ်လို့ Logistics UK  က ခန့်မှန်းပါတယ်။ 

ဗြိတိန်နိုင်ငံက အီးယူမှ နုတ်ထွက်လိုက်တဲ့အတွက် လူဝင်မှုကြီးကြပ်ရေး ကျင့်သုံးပုံ ပြောင်းသွားတယ်။ ယခင်တုန်းက အီးယူထဲမှာ ဗြိတိန်အကျုံးဝင်နေတဲ့အတွက် အီးယူယာဉ်မောင်းတွေက ယူကေမှာ နေထိုင်ပြီး ကားမောင်းဖို့ အခွင့်အရေး ရရှိကြတယ်။ အီးယူထဲမှ ဗြိတိန်ထွက်လိုက်တဲ့အခါ အဲဒီအခွင့်အရေး ဆုံးရှုံးသွားတယ်။ အဲဒီအတွက်ကြောင့်လည်း အီးယူယာဉ်မောင်းဦးရေ လျော့ကျသွားတယ်။ 

နောက်တစ်ချက်က ကိုဗစ်ကပ်ဘေးဆိုက်ရောက်တဲ့အခါ အီးယူယာဉ်မောင်းတွေ ပြည်တော်ပြန်ကြတယ်။ အများစုက ယူကေကို ပြန်မလာကြတော့ဘူး။ လာမယ်ဆိုရင် ဗီဇာယူရမယ်။ အကောက်ခွန်ကိစ္စ လုပ်ရမယ်။ စာရွက်စာတမ်းကိစ္စတွေ လုပ်ရမယ်။

 နောက်တစ်ချက်က ပြင်သစ်၊ ဂျာမနီ၊ ဘယ်လဂျီယံတို့မှာ ကားမောင်းရတာက ယူကေထက် ပိုကောင်းတယ်။ ဥပဒေတွေနဲ့ အကာအကွယ်ပေးထားတယ်။ ဥပမာ တနင်္ဂနွေနေ့မှာ အလုပ်ဆင်းခိုင်းရင် ဥပဒေချိုးဖောက်ရာ ရောက်တယ်။

နောက်တစ်ချက်က ဆက်ဆံခံရပုံ ကွာခြားတယ်။ ယာဉ်မောင်းတစ်ဦးက Financial Times ကို ပြောပြခဲ့တာက “ကျွန်တော် ဘယ်တော့မှ ပြန်မသွားတော့ဘူး။ ကျွန်တော် အင်္ဂလန်ကို ကြိုက်တယ်။ တကယ်နေလို့ ကောင်းတဲ့ နိုင်ငံပါ။ ဒါပေမဲ့ အလုပ်လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ကို လူတွေရဲ့  ဆက်ဆံပုံက မကောင်းဘူး။ ဘယ်တော့မှ ပြန်မသွားဘူး” လို့ ရှင်းပြခဲ့ပါတယ်။ 

ကိုဗစ်မတိုင်ခင်က ယူကေမှာ အီးယူယာဉ်မောင်း ၃၇,၀၀၀ ဝန်းကျင်ရှိပြီး ယခုအခါ ၂၄,၅၀၀ ဦးမျှသာ ရှိပါတော့တယ်။ ဒီတော့ ယာဉ်မောင်းဦးရေ ၁၂,၅၀၀ လျော့ကျသွားတာ ဖြစ်ပါတယ်။ ရှင်နည်းရာ အဂ္ဂလူထွက် ဖြစ်သွားခဲ့တယ်။ 

ဗြိတိန် HGV ဒရိုင်ဘာတွေမှာ အသက်ကြီးလာလို့ အငြိမ်းစား ယူသွားကြသူတွေ  များနေချိန်မှာ လုပ်သားအင်အားစုထဲ ဝင်လာတဲ့ ယာဉ်မောင်းက နည်းနေတယ်။ HGV  ယာဉ်မောင်းလိုင်စင် ဖြေဆိုအောင်မြင်သူတွေက လုပ်ငန်းသုံးယာဉ်တွေကိုပဲ မောင်းကြပြီး HGV မမောင်းကြဘူး။ အဲဒီလိုင်စင် စာမေးပွဲဖြေဖို့ ပေါင် ၃,၀၀၀ ဝန်းကျင် ကုန်ကျထားပေမဲ့လည်း HGV မောင်းပြီး အသက်မွေးဝမ်းကျောင်း မပြုကြဘူး။ HGV  ယာဉ်မောင်းလိုင်စင် ရထားသူ ၂၃၀,၀၀၀ ဦးဝန်းကျင်က လုပ်ငန်းသုံး ထရပ်ကားတွေပဲ မောင်းကြတယ်။ HGV  မမောင်းကြဘူး။ 

လုပ်ငန်းခွင် အခြေအနေများ၊ လစာနှုန်းထားများ၊ လူလူသူသူ မနေရဘဲ အချိန်မဟုတ်အခါမဟုတ် ကားမောင်းနေရခြင်းများ၊ အိပ်ကောင်းခြင်း မအိပ်ရ၊ ကြုံရာမှာ အဆင်ပြေသလို နေထိုင်အိပ်စက်ရခြင်း စတဲ့အချက်တွေကြောင့် HGV  ကို မမောင်းချင်ကြဘူး။ Amazon လို ပစ္စည်းလိုက်ပို့တဲ့ ကုန်တင်ယာဉ်မျိုးကို မောင်းကြတယ်။ 

 HGV  ဒရိုင်ဘာ မလုံလောက်တဲ့အတွက် စူပါမားကက်တွေထံ ကုန်စည်တွေ အချိန်မီ ပို့မပေးနိုင်တော့ဘူး။ မော်တော်ယာဉ်တွေအတွက် စက်သုံးဆီတွေကို စက်သုံးဆီ အရောင်းဆိုင်တွေထံ အချိန်ကိုက် ပို့မပေးနိုင်တော့ဘူး။  ကသောင်းကနင်းတွေ ဖြစ်ကုန်ကြတယ်။ 

ဆက်သပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
ဗြိတိန်တွင် ဓာတ်ဆီ အလုအယက်ဝယ်ယူသဖြင့် ဆိုင်ထက်ဝက်ကျော် ဓာတ်ဆီပြတ်လပ်

အီးယူဒရိုင်ဘာတွေက ယူကေကို ပြန်မလာချင်ကြဘူး။ ဥရောပနိုင်ငံအချို့မှာလည်း HGV  ယာဉ်မောင်းတွေ အလုံအလောက် မရှိကြဘူး။ 
ပိုလန်မှာ လက်ရှိအခြေအနေမှာ HGV  ယာဉ်မောင်း ၁၂၄,၀၀ ဦးဝန်းကျင် လိုအပ်နေတယ်။ အင်အားပြည့်ဖြစ်ဖို့ ၃၇% လိုအပ်နေတာ ဖြစ်ပါတယ်။ 

အကြီးအကျယ်တက်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ပထမအဆင့်အနေဖြင့် ဗြိတိန်မှ HGV  ယာဉ်မောင်းလိုင်စင် ရထားပြီး HGV  မမောင်းကြတဲ့ဒရိုင်ဘာတွေကို HGV မောင်းချင်လာအောင် ဆွဲဆောင်ဖို့ လိုတယ်လို့ သုံးသပ်ကြတယ်။ လစာကောင်းဖို့ လိုတဲ့အပြင် လုပ်ငန်းခွင် အခြေအနေတွေ ကောင်းဖို့ လိုတယ်။ လူမှုဘဝအတွက် အချိန်သတ်သတ်မှတ်မှတ် ရအောင် စီစဉ်ပေးဖို့လည်း လိုတယ်။ 

အခုလို HGV ယာဉ်မောင်း ရှားပါးတဲ့အတွက် HGV ယာဉ်မောင်းလစာတွေ မြင့်တက်လာတာ ၂၀% ဝန်းကျင်မြင့်တက်ခဲ့တယ်။ လက်လီအရောင်းလုပ်ငန်း Tesco က ဆုကြေး ပေါင် ၁,၀၀၀ ပေးတယ်။ Poundland က HGV ယာဉ်မောင်းလိုင်စင် ဖြေဆိုဖို့ ကုန်ကျစရိတ် ချီးမြှင့်တယ်။ 
ရေရှည်အတွက်တော့ လူအများစု မလုပ်ချင်ကြလို့ ဖယ်ကြဉ်ထားတဲ့ အလုပ်အမျိုးအစား မဟုတ်အောင် ပြောင်းလဲပေးဖို့ လိုအပ်တယ်လို့ သုံးသပ်ကြပါတယ်။ 

 

Read 5049 times