ဗြိတိန်တွင် ဓာတ်ဆီ အလုအယက်ဝယ်ယူသဖြင့် ဆိုင်ထက်ဝက်ကျော် ဓာတ်ဆီပြတ်လပ်


ဗြိတိန်ရှိ ဓာတ်ဆီဆိုင်များတွင် အလုအယက်ဝယ်ယူသဖြင့် ဆိုင်ထက်ဝက်ကျော် ဓာတ်ဆီပြတ်လပ်နေသည်။
အစိုးရက လောင်စာဆီ ကုမ္ပဏီများအကြား ဈေးကစားရန်အတွက် ပူးပေါင်းညှိနှိုင်းခြင်း မပြုရန် တားမြစ်ထားသည့် ယှဉ်ပြိုင်မှု ဉပဒေ Competition Act 1998 ကို ယာယီအားဖြင့် ရုပ်သိမ်းပေးလိုက်ပြီး ဓာတ်ဆီပြတ်လပ်သည့် အကျပ်အတည်းကို  လောင်စာဆီ ကုမ္ပဏီများ ပူးပေါင်းလုပ်ဆောင်ပြီး ဖြေရှင်းကြရန်  တိုက်တွန်းထားသည်။ 
ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က စစ်တပ်အကူအညီရယူပြီး ဖြေရှင်းရန် ဆုံးဖြတ်ပေးမည်ဖြစ်သည်။ 
ဓာတ်ဆီလက်လီအရောင်းလုပ်ငန်းရှင်များအသင်း Petrol Retailers Association က အစီရင်ခံသည်မှာ ရေနံ မဟာလုပ်ငန်းကြီး BP ၏ ဓာတ်ဆီဆိုင်များတွင် သုံးပုံတစ်ပုံမှာ ရောင်းစရာ ဓာတ်ဆီလက်ကျန် မရှိတော့ချေ။ 

ဆိုင်ပေါင်း ၁,၂၀၀ ကျော် ဖွင့်လှစ်ရောင်းချနေသည့် BP က “ပြီးခဲ့တဲ့ နှစ်ရက်မှာ ဝယ်လိုအား ပြင်းထန်ခဲ့တဲ့အတွက် ကျွန်တော်တို့ ခန်းမှန်းတာက ဓာတ်ဆီဆိုင် ကွန်ရက်ထဲမှာ ရှိနေတဲ့ ဆိုင်တွေရဲ့ ၃၀ ရာခိုင်နှုန်း ဝန်းကျင်မှာ ရောင်းစရာ ဓာတ်ဆီ ရှိတော့မှာ မဟုတ်ဘူး” ဟု အတည်ပြု ပြောကြားခဲ့သည်။ 

အစိုးရက ယာဉ်ပိုင်ရှင်များကို မလိုအပ်ဘဲ ဓာတ်ဆီမထည့်ကြရန် ပန်ကြားသော်လည်း နားဝင်သူ မရှိဘဲ ဓာတ်ဆီဆိုင်များတွင် ဆီထည့်ရန် ကားတန်းရှည်များ ရှိနေသည်။ ဆိုင်များက ခွဲတမ်းဖြင့် စတင်ရောင်းချနေကြရပြီ ဖြစ်သည်။ 

ယခုလို ဓာတ်ဆီပြတ်လပ်မှု ဖြစ်ပွားရသည်မှာ ဗြိတိန်နိုင်ငံတွင် ထရပ်ကားယာဉ်မောင်းများ လုံလုံလောက်လောက် မရှိတော့သဖြင့် ဆီတင်ကားများ မောင်းနှင်မည့် ယာဉ်မောင်းများ မရှိသည့်အတွက် ကုန်စည်စီးဆင်းမှု ရပ်တန့်မှုများ ဖြစ်ပေါ်ခဲ့ရာမှ ပစ္စည်း ပြတ်လပ်မှုများ စတင်ဖြစ်ပွားခဲ့သည်။ ဓာတ်ဆီလည်း အပါအဝင် ဖြစ်ပြီး မရလိုက်မည်ကို စိုးရိမ်သဖြင့် လိုလိုမလိုလို ကားများက အလုအယက် ဆီထည့်နေကြသဖြင့် အခြေအနေ ပိုဆိုးဝါးသွားသည်။ 
တစ်ပတ်အတွင်း ဝယ်ယူသည့် ပမာဏ ၅ ဆ တက်သွားခဲ့သည်။
 

 

Read 17696 times