အီးဗီဝယ်စီးသူတိုင်းအတွက် တရုတ်အစိုးရထောက်ပံ့ကြေးအစီအစဉ် သက်တမ်းတိုး


အီးဗီဝယ်စီးသူတိုင်းအတွက် တရုတ်အစိုးရထောက်ပံ့ကြေးအစီအစဉ် သက်တမ်းတိုး


တရုတ်နိုင်ငံမှာ စီးပွားရေး နေရာအနှံ့ နှေးကွေးလာနေတဲ့အတွက်  အခရာကျတဲ့ အီးဗီစျေးကွက်ဆက်လက်ကြီးထွားလာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမယ့် လျှပ်စစ်မော်တော်ယာဉ် electric vehicles (EV) ဝယ်ယူသူများအတွက် ကုန်ကျစရိတ်သက်သာစေရန် အစိုးရထောက်ပံ့ကြေးများ ပေးအပ်တဲ့ အစီအစဉ်ကို သက်တမ်းတိုးရန် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများနှင့် ဆွေးနွေးနေတယ်လို့ အဆိုပါကိစ္စနှင့် နီးစပ်သူ သုံးဦးတို့က ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

 အမေရိကန်နိုင်ငံက ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးဖြစ်ပြီး ဒုတိယ ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးဖြစ်တဲ့ တရုတ်နိုင်ငံ စီးပွားရေးက သိသိသာသာကြီး နှေးနေတာမှာ ကားရောင်းအား ထိုးကျပါတယ်။ မတ်လမှာ ရှန်ဟိုင်းမြို့ကို လော့ဒေါင်းချပြီးတဲ့နောက် အခြားမြို့ကြီးများမှာလည်း လော့ဒေါင်းချခဲ့ကြပါတယ်။ မြို့တော် ပေကျင်းမှာလည်း လော့ဒေါင်းကွက်ကြား ချနေပါပြီ။ လော့ဒေါင်းကြောင့် စက်ရုံတွေ ပိတ်ထားကြရတဲ့အပြင် အရောင်းဆိုင်တွေလည်း ပိတ်ထားကြရပါတယ်။ ပို့ဆောင်ရေးယာဉ်တွေ အသွားအလာ ပိတ်ပင်ထားလို့ ပစ္စည်းပေးသွင်းကွင်းဆက်များလည်း ထိခိုက်ပါတယ်။ မြို့နေလူထုအနေဖြင့် လော့ဒေါင်းကြောင့် အနည်းနှင့်အများ ဝင်ငွေထိခိုက်လို့ အသုံးစရိတ်ကြီးကြီးမားမားတွေ ဝယ်ယူဖို့ လက်တွန့်ကြတာကြောင့် ကားများ၊ တိုက်ခန်းများ ရောင်းအား ထိုးကျနေပါတယ်။

 

ဆက်စပ်ဖတ်ရှုရန်
ရှန်ဟိုင်းတွင် ဧပြီတစ်လလုံး ကားအသစ် တစ်စီးမှ မရောင်းရ


သတင်းနှင့် စက်မှုနည်းပညာ ဝန်ကြီးဌာနMinistry of Information and Industrial Technology (MIIT) အပါအဝင် အစိုးရဌာနများက အီးဗီဝယ်ယူသူတွေကို ပေးအပ်နေတဲ့ အစီအစဉ် ၂၀၂၂ နှစ်ကုန်မှာ သက်တမ်းကုန်ဆုံးတဲ့အခါ သက်တမ်း (၁) နှစ် ထပ်တိုးပြီး ၂၀၂၃ နှစ်ကုန်အထိ ထောက်ပံ့ကြေးများ ဆက်လက်ပေးအပ်ဖို့ စဉ်းစားနေပါတယ်။

တရုတ်အစိုးရရဲ့ အီးဗီဝယ်ယူသူတိုင်းကို ထောက်ပံ့ကြေးပေးတဲ့ မက်လုံးအစီအစဉ်က အောင်မြင်ပါတယ်။ တရုတ်နိုင်ငံကို ကမ္ဘာ့အကြီးမားဆုံး အီးဗီဈေးကွက်အဖြစ်သို့ ရောက်ရှိစေခဲ့ပါတယ်။ 
 အီးဗီများ အစုလိုက် လုပ်ငန်းသုံးအတွက် ဝယ်ယူတဲ့ ကုမ္ပဏီများ အပါအဝင် အီးဗီ ဝယ်ယူသူတိုင်းကို ပေးအပ်တဲ့  ထောက်ပံ့ကြေးအစီအစဉ်ကို ၂၀၀၉ မှာ စတင်ခဲ့ပါတယ်။ ၂၀၂၁ နှစ်ကုန်အထိ ထောက်ပံ့ကြေးအတွက် ယွမ် ၁၀၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၄.၈ ဘီလျံ) သုံးစွဲခဲ့ပါတယ်။ 
၂၀၂၃ နှစ်ကုန်အထိ သက်တမ်းတိုးဖို့အတွက် ပေူအပ်မယ့် ထောက်ပံ့ကြေးပမာဏ၊ ဘယ်လို ယာဉ်အမျိုးအစားများ အကျုံးဝင်မယ်စတဲ့ အသေးစိတ် သတ်မှတ်ချက်များကို စဉ်းစားနေဆဲ ဖြစ်ပါတယ်။

ယခုအထိ အီးဗီဝယ်ယူရင် ကုန်ဝယ်ခွန် သည်ူကြပ်ခြင်း မပြုပါဘူး။ ၂၀၂၃ မှာတော့ ယာဉ်တန်ဖိုးရဲ့ ၁၀% ကို ကုန်ဝယ်ခွန် စည်းကြပ်ဖို့ အစီအစဉ် ရှိထားတာကို ဆိုင်းငံ့ထားမလားဆိုတာလည်း မဆုံးဖြတ်ရသေးပါဘူး။ ၁၀% အစား ၅% စည်းကြပ်တာလည်း ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ 
‌လက်ရှိကျင့်သုံးနေတဲ့ ထောက်ပံ့ကြေးအစီအစဉ်မှာ ပြည်ပကုမ္ပဏီဖြစ်တဲ့ Tesla လည်း အကျုံးဝင်ပါတယ်။ 

အီးဗီ ထောက်ပံ့ကြေး မူလအစီအစဉ်က ၂၀၂၀ မှာ သက်တမ်းကုန်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်အစိုးရက သက်တမ်း ၂ နှစ် ထပ်တိုးပေးခဲ့ပါတယ်။

အစိုးရက ထောက်ပံ့ကြေး ပမာဏကိုလည်း နှစ်စဉ် လျှော့ချပါတယ်။ ဝယ်လိုအား မြင့်တက်ပြီး စီးရေ ပိုများများ ထုတ်လုပ်ရတဲ့အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်လျော့ကျတဲ့အတွက် ထောက်ပံ့ကြေးကို လျှော့ချသတ်မှတ်ပါတယ်။ ဥပမာ ပလပ်ထိုး ဘက်ထရီအင်ဂျင် နှစ်မျိုးစပ် ဟိုင်းဘရစ်ဖြစ်ပြီး ဘက်ထရီဖြင့် မောင်းနှင်ပါက ကီလိုမီတာ ၃၀၀ နှင့်အထက် မောင်းနိုင်တဲ့ ကားမော်ဒယ်ကို ဝယ်ရင် ပေးတဲ့ထောက်ပံ့ကြေးကို ၂၀% ခန့် လျှော့ချသတ်မှတ်ပါတယ်။ အမေရိကန်ဒေါ်လာ ၁,၉၀၀ ခန့် လျှော့ချလိုက်တာ ဖြစ်ပါတယ်။

Read 237 times