၂၀၂၁ မှာ ပရီမီယံ ဇိမ်ခံကားတွေ ရောင်းအားကောင်းခဲ့ကြတယ်
၂၀၂၁ အတွင်း ရောင်းချခဲ့တဲ့ ကားအသစ်ကျပ်ချွတ် ကားစီရေတွေ ထုတ်ပြန်ကြေညာခဲ့ကြတာမှာ ယေဘုယျအားဖြင့် ကိုဗစ်ကပ်ဘေး ပထမနှစ်ထက် ဒုတိယနှစ်မှာ ရောင်းအား ပိုကောင်းခဲ့ကြပါတယ်။ ဒါပေမဲ့ အများစုက ကိုဗစ်ကပ်ဘေး မတိုင်ခင်ကာလ ရောင်းအားကိုတော့ ပြန်မရောက်ကြဘူး။ ချစ်ပ် အပါအဝင် ယာဉ်အစိတ်အပိုင်းတွေ အလုံအလောက် မရတာကြောင့် စီးရေ လျှော့ထုတ်ကြရတဲ့ ကားလုပ်ငန်းတွေအဖို့ ရောင်းအား လျော့ကျခဲ့ကြပါတယ်။
ဒါပေမဲ့ တန်းမြင့် ဇိမ်ခံကားတွေမှာတော့ အများစုက ယခင်ကထက် ရောင်းအား ပိုကောင်းတဲ့နှစ်၊ စံချိန်သစ် တင်တဲ့နှစ် အဖြစ် ၂၀၂၁ ကို ဖြတ်သန်းခဲ့ကြပါတယ်။၊
အမေရိကန်ဒေါ်လာ ၂၈ သန်းတန် Rolls-Royce Boat Tail
Rolls-Royce Motor Cars မှ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ၂၀၂၁ ခုနှစ်မှာ ၂၀၂၀ ထက် စီးရေ ၄၉% ရောင်းအား ပိုများခဲ့တယ်။ ကုမ္ပဏီရဲ့ ၁၁၇ နှစ် သက်တမ်းမှာ ကားစီးရေ အများဆုံး ရောင်းချရတဲ့ နှစ်အဖြစ် စံချိန်တင်ပါတယ်။
Bentley ကလည်း ၂၀၂၀ ထက် ၂၀၂၁ မှာ စီးရေ ၃၀% ပိုရောင်းချရတယ်။ စံချိန်တင်တဲ့ နှစ် ဖြစ်ခဲ့ပါတယ်။
Porsche က အမေရိကန်ဈေးကွက်မှာ အများဆုံး ရောင်းချရပြီး ၂၀၁၉ ခုနှစ် စံချိန်ကို ၂၀၂၁ ရောင်းအား စီးရေက စံချိန်ချိုးခဲ့တယ်လို့ ဆိုပါတယ်။
Lotus နဲ့ Aston Martin တိုကလည်း ရောင်းအားကောင်းတဲ့နှစ်အဖြစ် ၂၀၂၁ ကို ဖြတ်သန်းခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်အတွင်းမှာ Rolls-Royce က ၅,၅၈၆ စီး၊ Bentley က ၁၄,၆၅၉ စီး၊ Lotus က ၁,၇၁၀ စီး ရောင်းချခဲ့ရပါတယ်။
တန်းမြင့် ဇိမ်ခံကား ဈေးနှုန်းက အမေရိကန်ဒေါ်လာ ဂဏန်း ၆ လုံး ရှိတဲ့ ကားတွေ ဝယ်လိုအား ကောင်းခဲ့တာနဲ့ ပတ်သက်လို့ Rolls-Royce ရဲ့ စီအီးအို Müller-Ötvös က "သူဌေးတွေက စည်းစိမ်းချမ်းသာတွေ အများကြီး ရခဲ့ကြပြီး ဇိမ်ခံကားအပါအဝင် စည်းစိမ်ဂုဏ်ပြ ဇိမ်ခံပစ္စည်းတွေ ဝယ်ကြတယ်" လို့ ပြောပါတယ်။ တစ်နည်းပြောရရင် အချမ်းသာဆုံးဖြစ်ကြသူတွေက ကိုဗစ်ကာလမှာ ကြွယ်ဝမှု ထပ်တိုးခဲ့ကြပြီး ကြီးကျယ်ခမ်းနားတဲ့ ကားတွေ ဝယ်ကြတာ ဖြစ်ပါတယ်။
"ကမ္ယာတစ်လွှား ဈေးကွက်အကုန်လုံးမှာ အခုလို ဝယ်အားသန်မာတာမျိုး ကျွန်တော် ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူး" လို့ စီအီးအို Müller-Ötvös က မှတ်ချက်ပြုပါတယ်။
အမေရိကန်ဈေးကွက်အတွက် ထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ တန်းမြင့် ပရီမီယံ ဇိမ်ခံကားများရဲ့ ရောင်းအားဟာ ၂၀၂၁ မှာ ၂၀၂၀ ထက် ပိုကောင်းခဲ့ကြပါတယ်။
Porsche နဲ့ Lexus
အမေရိကန်ဈေးကွက်ထဲမှာ ကားအများဆုံး ရောင်းချရလေ့ ရှိတဲ့ Porsche က ၂၀၂၁ မှာ ရောင်းချစီးရေ ၃၀၀,၀၀၀ မိုင်တိုင်ကို ကျော်သွားခဲ့ပါတယ်။ Porsche ရဲ့ သက်တမ်းတစ်လျှောက် တစ်နှစ်တာ ရောင်းချစီးရေ ၃၀၀,၀၀၀ မိုင်တိုင်ကို ပထမဆုံး ကျော်ဖူးတဲ့ နှစ် ဖြစ်ပါတယ်။ ရောင်းချခဲ့တဲ့ ကားတွေထဲမှာ ၄၀% က လျှပ်စစ်ကား ဖြစ်ပါတယ်။ Boxster, Cayman, 911မော်ဒယ်တွေရဲ့ ရောင်းအားထက် အပြည့်အဝလျှပ်စစ်ကား မော်ဒယ် Taycan ရဲ့ ရောင်းအားက ပိုများခဲ့ပါတယ်။
Lexus ရဲ့ အမေရိကန်ဈေးကွက်ထဲ ရောင်အားက ၂၀၂၀ ခုနှစ်ထက် ၂၀၂၁ ခုနှစ်မှာ ၁၁% ပိုများခဲ့တယ်။ တစ်နှစ်တာ ရောင်းချစီးရေ ၃၀၄,၄၇၆ စီး ရှိခဲ့ပြီး Porsche ထက် စီးရေ ၂,၅၀၀ ကျော် ပိုများပါတယ်။ Lexus ကို luxury-branded SUV တစ်ခုအဖြစ် အသိအမှတ်ပြုထားကြပြီး ခေတ်ဆန်တယ်။ ခန့်ထည်တယ်။ စိတ်ချရတယ်ဆိုတဲ့ အမည်ကောင်းတွေ ရရှိထားလို့ အခြား luxury-branded SUV များနည်းတူ ဝယ်စီးကြတယ်။
BMW နဲ့ Mercedes-Benz
၂၀၂၀ ကထက် ၂၀၂၁ မှာ BMW ရောင်းအား ၂၁% တိုးခဲ့တယ်။ ၂၀၂၁ မှာ အမေရိကန်ဈေးကွက်ထဲ စီးရေ ၃၃၆,၆၄၄ ရောင်းချခဲ့ရပါတယ်။ ပြိုင်ဘက် ဇိမ်ခံကား ထုတ်လုပ်သူတွေရဲ့ ရောင်းအားထက် အပြတ်အသတ် သာပါတယ်။ လျှပ်စစ် SUV ကို ထုတ်လုပ်ရောင်းချဖို့ အစီအစဉ် ရှိထားပြီး အဲဒီ လျှပ်စစ် SUV ရဲ့ ကိုယ်ထည်က အရောင်ပြောင်းလဲပေးနိုင်မှာ ဖြစ်တာကြောင့် လူကြိုက်များမယ်လို့ ခန့်မှန်းထားကြပါတယ်။ ကိုယ်ထည်အရောင်းပြောင်းတဲ့ BMW အကြောင်းကို Myanmar Automoblie Guide ဝဘ်ဆိုက်မှာ " ကမ္ဘာ့ပထမဆုံး အရောင်ပြောင်းကား BMW ပြသ " ခေါင်းစဉ်ဖြင့် ဖော်ပြပေးပြီး ဖြစ်ပါတယ်။
BMW ရဲ့ လျှပ်စစ် SUV ကို ဈေးကွက်ထဲ ယှဉ်ပြိုင်မယ့်ကားက 2022 Lexus RX ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
စီးရေ ၃၀၀,၀၀၀ ကျော် ၂၀၂၁ အတွင်း ရောင်းရတဲ့ တန်းမြင့် ဇိမ်ခံကားတွေထဲမှာ Mercedes-Benz လည်း ပါဝင်ပေမဲ့ ၃၂၉,၅၇၄ စီးရောင်းရတဲ့အတွက် BMW ကို မမီပါဘူး။
ရောင်းအားအတက်ဆုံး ဖြစ်ခဲ့တာက Mercedes-AMG ဖြစ်ပြီး ၂၀၂၁ မှာ ၂၀၂၀ ထက် ၁၁% ပိုမိုရောင်းချခဲ့ရပါတယ်။
Lamborghini နဲ့ Bentley
အိမ်စီးပြိုင်ကား Lambo က Bentley ထက် လူပြောပိုများတယ်။ သတင်းပိုဖြစ်တယ်။ ဒါပေမဲ့ Lamborghini Urus နဲ့ Bentley Bentayga တို့မှာ ခန့်ထည်ပြီး သက်သာအဆင်ပြေမှု ပိုကောင်းတဲ့ Bentley ကို ရောင်းအား ပိုကောင်းခဲ့ပါတယ်။ ၂၀၂၁ မှာ Bentley က စီးရေ ၁၄,၆၅၉ စီး ရောင်းချရပြီး Lamborghini က ၈,၄၀၅ စီး ရောင်းချခဲ့ရပါတယ်။ တကယ်တော့ ပွဲတက်ဖို့ ခန့်ညားတဲ့ Bentley ကို သူဌေးတွေ ပိုဝယ်ဖြစ်ကြပါတယ်။
၂၀၂၀ ဟာ Bentley အတွက် ရောင်းအားကောင်းခဲ့တဲ့ နှစ်ဖြစ်ပြီး ၂၀၂၁ မှာ ရောင်းအား ပိုကောင်းတဲ့နှစ် ဖြစ်ခဲ့ပါတယ်။ ၂ နှစ်စလုံး အရောင်းစံချိန် တင်ခဲ့ပါတယ်။
Rolls-Royce
၂၀၂၁ မှာ Rolls-Royce က အမေရိကန်ဈေးကွက်ထဲမှာ စီးရေ ၅,၅၈၆ ရောင်းချခဲ့ရပါတယ်။
စီအီးအိုရဲ့ သုံးသပ်ချက်ကို ရှေ့မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
Audi
အမေရိကန်ဈေးကွက်ထဲမှ တန်းမြင့် ဇိမ်ခံကား အပိုင်းအကန့်ထဲ Audi A7 က နေရာတစ်နေရာ ရထားပေမဲ့ ရောင်းအား ၃၀၀,၀၀၀ အထက်ရှိတဲ့ စာရင်းထဲကို ရောက်မလာသေးပါဘူး။ ၂၀၂၁ မှာ ၂၀၂၀ ထက် အမေရိကန်ဈေးကွက်ထဲ ရောင်းအား ၅% တိုးခဲ့ပေမဲ့ ရောင်းရစီးရေက ၂၀၀,၀၀၀ နီးပါးသာ ရှိခဲ့ပါတယ်။
Aston Martin
၂၀၂၁ ဟာ Aston Martin အတွက် ရောင်းအား အဆင်ပြေတဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ ၂၀၂၀ မှာ စတင် ရောင်းချတဲ့ Valkyrie မော်ဒယ်ကို ၂၀၂၁ မှာ ဝယ်ယူခဲ့ကြတာ ၂၀၂၀ ထက် ၂၀၂၁ မှာ ၈၂% ရောင်းအားပိုများခဲ့ပါတယ်။ ကုမ္ပဏီက အမေရိကန်ဈေးကွက် တစ်နှစ်တာ ရောင်းရစီးရေကို ထုတ်ပြန်ပေးခြင်း မပြုသေးပါဘူး၊ ခန့်မှန်းခြေ ရာခိုင်နှုန်းကိုသာ အသိပေးပါသေးတယ်။