ကမ္ဘာ့ပထမဆုံး အရောင်ပြောင်းကား BMW ပြသ


ကမ္ဘာ့ပထမဆုံး အရောင်ပြောင်းကား BMW ပြသ

အမေရိကန်နိုင်ငံ လပ်စ်ဗေးဂတ်စ်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ Consumer Electronics Show ရဲ့ ယခုနှစ်ပြသတဲ့ CES 2022 မှာ ကိုယ်ထည်အရောင်ပြောင်းတဲ့ BMW iX Flow ကို ပြသပါတယ်။ 
"ကမ္ဘာ့ပထမဆုံး အရောင်ပြောင်းကား" အဖြစ် မှတ်တမ်းတင်ကြပါတယ်။

 BMW iX Flow မှာ အီလက်ထရွန်းနစ်မင် ကို သုံးထားပါတယ်။ Kindle လို e-reader တွေမှာ သုံးစွဲတဲ့ မင်မျိုးဖြစ်ပြီး ကားကိုယ်ထည်ကို မီးခိုးနဲ့အဖြူ အဆင်အကွက် အမျိုးမျိုး ပြောင်းလဲပေးပါတယ်။
 စမတ်ဖုန်းမှ အက်ပ်ဖြင့် ထိန်းကျောင်းပေးပြီး အီလက်ထရွန်းနစ်မင်ကို မျက်နှာပြင်ပေါ် အတိုးအလျော့ ကစားပေးပါတယ်။  ပုံအကွက်အမျိုးမျိုး ပေါ်ထွက်စေပါတယ်။


 နောင်တစ်ချိန်ကျရင် စမတ်ဖုန်းဖြင့် ဖြစ်စေ၊ ကားထဲမှာ တပ်ဆင်ပေးထားတဲ့ ခလုတ်ကို သုံး၍ ဖြစ်စေ ပုံပြောင်းဖို့ စေခိုင်းနိုင်မှာ ဖြစ်ပါတယ်။ အငြိမ်သာမက အလှုပ်လည်း ကစားပေးနိုင်ပါတယ်။ အစင်းကျားတွေ ရွေ့နေတာမျိုး ဖန်တီးနိုင်ပါတယ်။ နောက်တစ်ဆင့်တိုးတက်သွားနဲ့အခါ ခလုတ်သုံးဖို့ မလိုဘဲ လက်ရိပ်ပြပြီး စေခိုင်းနိုင်မှာ ဖြစ်ပါတယ် ။
 ယခု ပြသထားတာမှာ အဖြူနဲ့ မီးခိုး ၂ ရောင်သာ ပါဝင်ပါတယ်။ နောက်နောင်မှာ အခြားအရောင်အမျိုးမျိုးကို သုံးစွဲမှာဖြစ်တယ်လို့ ဆိုပါတယ်။


ကားကို မနက်မှာ အရောင်တစ်မျိုး ညနေ အရောင်တစ်မျိုး စသဖြင့် စိတ်ကြိုက်ပြောင်းလဲ ပေးနိုင်မှာ ဖြစ်ပါတယ်။


အရောင်ပြောင်းလဲတာကို အချက်ပြအဖြစ်ဖြင့်လည်း သုံးစွဲနိုင်ပါတယ်။ ဘက်ထရီ အားအနည်းအများကို ပြသပေးနိုင်တယ်။ ကားခိုးခံရရင် စမတ်ဖုန်းအက်ပ်နဲ့ ကားကို အရောင်တွေ တဖျပ်ဖျပ်ပြောင်းခိုင်းပြီး အချက်ပေးခိုင်းထားလို့ရတယ်။ 


ကားအပေါ်ကျရောက်တဲ့ နေအပူကို အရောင်ကစားပေးပြီး ရောင်ပြန်လွှတ်လို့လည်း ရမှာ ဖြစ်ပါတယ်။ အမည်းရောင်က အပူစုပ်ပြီး အဖြူရောင်က အပူပြန်လွှတ်တဲ့ သဘောတရားကို အသုံးချနိုင်မှာ ဖြစ်ပါတယ်။

ကားကိုယ်ထည် ကြော်ငြာအတွက် စတစ်ကာ ကပ်စရာ မလိုဘဲ ကြော်ငြာပုံဖော်လို့ ရမှာ ဖြစ်ပါတယ်။ ဉာဏ်ရှိသလို အမျိုးမျိုး အသုံးချနိုင်မှာ ဖြစ်ပါတယ်။

 

 

Read 5168 times