တိုင်ဝမ်မှ Foxconn က လျှပ်စစ်ကားစက်ရုံများ ထိုင်းနှင့် အမေရိကန်တို့တွင် တည်ဆောက်မည်


 iPhone တွေ တပ်ဆင်ထုတ်လုပ်တဲ့ လုပ်ငန်းကြီးဖြစ်တဲ့ တိုင်ဝမ်မှ  Foxconn က စမတ်ဖုန်း ရောင်းအားနှေးကွေးနေပြီး လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးလာနေတဲ့ ကမ္ဘာ့လျှပ်စစ်ကားထုတ်လုပ်မှုကဏ္ဍထဲမှာ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ပေးသူအဖြစ် လုပ်ကိုင်ဖို့ ခြေလှမ်းတွေ စတင်နေပါပြီ။ 

EV လို့ အတိုကောက် ပြောဆိုကြတဲ့ လျှပ်စစ်မော်တော်ယာဉ် electric vehicle ထုတ်လုပ်တဲ့ စက်ရုံတွေကို ထိုင်းနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့မှာ ထူထောင်သွားမယ်လို့ ကမ္ဘာ့အကြီးဆုံး ကန်ထရိုက်စနစ်ဖြင့် အီလက်ထရွန်းနစ်ပစ္စည်းများ တပ်ဆင်ထုတ်လုပ်သူ Foxconn က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 
လာမယ့် ၂၀၂၂ ခုနှစ်မှာ စက်ရုံတွေ အပြီးတည်ဆောက်သွားမှာ ဖြစ်ပြီး ထုတ်လုပ်မှုတွေကို ၂၀၂၃ ခုနှစ်မှာ အမြောက်အမြားထုတ်လုပ်မှုတွေ စတင်မယ်လို့ ဆိုပါတယ်။ 

Foxconn Chairman ဖြစ်သူ  Young Liu  က ရင်းနှီးမြှုပ်နှံသူတွေကို ရှင်းလင်းတင်ပြခဲ့ရာမှာ “ထိုင်းနဲ့ အမေရိကန်တို့အပြင် ဥရောပမှာလည်း ဖြစ်နိုင်ခြေရှိမယ့် စက်ရုံတည်နေရာတွေကို ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းဆဲ ဖြစ်ပါတယ်” လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
တိုင်ဝမ်မှ Foxconn က လျှပ်စစ်ကားစက်ရုံများ ထိုင်းနှင့် အမေရိကန်တို့တွင် တည်ဆောက်မည် 

 

Foxconn ထံ တပ်ဆင်ထုတ်လုပ်ပေးဖို့ ကန်ထရိုက် အပ်နှံကြသူတွေမှာ   Apple, Google, Facebook, Microsoft, Amazon, HP နဲ့ Xiaomi တို့ ပါဝင်ပါတ်။ အသေးစားပစ္စည်းတွေ တပ်ဆင်ထုတ်လုပ်သူအဖြစ်မှ အကြီးတပ်ဆင်ထုတ်လုပ်သူအဖြစ် အီးဗီတွေ လုပ်ကိုင်ဖို့ ခြေလှမ်းကို လှမ်းလိုက်တာ ဖြစ်ပါတယ်။ 

Foxconn က  software နဲ့  hardware open platform တစ်ခုဖြစ်တဲ့ MIH EV Open Platform ကိုလည်း ထူထောင်ပါတယ်။ အဲဒီပလက်ဖောင်းပေါ်မှာ အလိုအလျောက်ထိန်းကျောင်း မောင်းနှင်ရေးအတွက် ထောက်ကူတဲ့ ချာစီ၊ အီလက်ထရွန်းနစ်ဗိသုကာတို့ ပါဝင်ပါတယ်။ အဲဒီပလက်ဖောင်းကို အသုံးပြုခြင်းဖြင့်  အီဗီလူသစ်တန်း မော်တော်ယာဉ်ထုတ်လုပ်သူတို့ ကားထုတ်လုပ်ဖို့ ပုံစံချတဲ့အချိန် တိုတောင်းစေနိုင်မှာ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံမှ စက်ရုံကို ဖက်စပ်လုပ်ငန်းဖြင့် လုပ်ကိုင်မှာ ဖြစ်ပြီး ထိုင်းပြည်တွင်းမှ ရေနံနှင့် ဓာတ်ငွေ့ မဟာလုပ်ငန်းစုကြီး  PTT နဲ့ လက်တွဲလုပ်ကိုင်မှာ ဖြစ်ပါတယ်။ အီဗီ ထုတ်လုပ်ဖို့အပြင် လိုအပ်တဲ့ အစိတ်အပိုင်းတွေ တပ်ဆင်ထုတ်လုပ်ဖို့အတွက်ပါ ပလက်ဖောင်းတစ်ခု တည်ဆောက်သွားမယ်လို့  ဆိုပါတယ်။ 
စစချင်းမှာတော့ ထိုင်းပြည်တွင်းဈေးကွက်ကို ဦးတည်ထားမှာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ အာဆီယံဈေးကွက်အတွက် ပြည်ပတင်ပို့ရန်  ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ 

တစ်နှစ်လျှင် အီးဗီစီးရေ ၁၅၀,၀၀၀ မှ ၂၀၀, ၀၀၀ စီးအထိ ထုတ်လုပ်နိုင်တဲ့ စက်ရုံအရွယ်အစားကို တည်ဆောက်မှာ ဖြစ်တယ်လို့ Foxconn Chairman ဖြစ်သူ  Young Liu  က ရှင်းလင်းပြောကြားခဲ့ပါတယ်။ 

အမေရိကန်နိုင်ငံမှာ တည်ဆောက်မယ့် စက်ရုံကို အမေရိကန်မှ အီးဗီလုပ်ငန်းသစ် Fisker လို လုပ်ငန်းသစ်တွေအတွက် လုပ်ကိုင်သွားမှာ ဖြစ်ပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်နိုင်ဖို့ လျာထားပါတယ်။ 
လောလောဆယ်မှာတော့  Foxconn က အရေအတွက် သန်းချီထုတ်လုပ်မယ့် iPhone 13 series ကို တရုတ်နိုင်ငံရှိ ၎င်းရဲ့ စက်ရုံတွေမှာ တပ်ဆင်ထုတ်လုပ်မှာ ဖြစ်ပြီး ပြိုင်ဘက်တွေ ဖြစ်တဲ့ Pegatron နဲ့ Luxshare Precision Industry တို့ကလည်း တစ်ချိန်တည်းမှာ  iPhone 13 series ကို တပ်ဆင်ထုတ်လုပ်ကြမှာ ဖြစ်ပါတယ်။ တရုတ်ပြည်တွင်းလုပ်ငန်းတွေဖြစ်တဲ့  Pegatron နဲ့ Luxshare Precision Industry တို့က  Foxconn ကို ပခုံးချင်းယှဉ်နိုင်ဖို့ ရည်မှန်းချက် ထားရှိပါတယ်။   Foxconn က t iPhone အတွက် အကြီးမားဆုံး တပ်ဆင်ထုတ်လုပ်သူ ဖြစ်နေဆဲ ဖြစ်သော်လည်း ယခုနှစ်မှာ Apple  က အခြားတရုတ်ပြည်တွင်းလုပ်ငန်းတွေကိုပါ ပစ္စည်းပေးသွင်းသူများနဲ့ တပ်ဆင်ထုတ်လုပ်သူများအဖြစ် စတင်သုံးစွဲခဲ့ပါတယ်။ 

asia.nikkei.com
 

Read 413 times