ဆော်ဒီအာရေဗျအစိုးရ က Aston Martin ရှယ်ယာ အမြောက်အမြား ဝယ်ယူ


ဆော်ဒီအာရေဗျအစိုးရ က Aston Martin ရှယ်ယာ အမြောက်အမြား ဝယ်ယူ

 

ဗြိတိန်နိုင်ငံမှ အိမ်စီးပြိုင်ကားများ ထုတ်လုပ်တဲ့ လုပ်ငန်း Aston Martin ရှယ်ယာဈေးနှုန်းများ သောကြာနေ့ (ဇူလိုင်၁၅) တွင် ၂၀% ဈေးခုန်တက်သွားခဲ့ပါတယ်။ ဈေးတက်ရတဲ့ အကြောင်းရင်းက ဆော်ဒီအာရေဗျ အစိုးရရဲ့  Public Investment Fund (PIF) က Aston Martin ရှယ်ယာ ၁၇% နီးပါး ပိုင်ဆိုင်တဲ့အထိ ရှယ်ယာများကို ဝယ်ယူခဲ့တာကြောင့် ဖြစ်ပါတယ်။

Public Investment Fund (PIF) က Aston Martin ရှယ်ယာ ဒုတိယအများဆုံး ပိုင်ဆိုင်တဲ့ ရင်းနှီးမြှုပ်နှံသူ ဖြစ်လာပါတယ်။ 

PIF က ပေါင် ၇၈ သန်း ရင်းနှီးမြှုပ်နှံမှုနှင့်အတူ ရှယ်ယာပိုင်ရှင်များကို ရှယ်ယာများ ထပ်မံရောင်းချခြင်းဖြင့် ပေါင် ၅၇၅ သန်း ရရှိခဲ့တဲ့အတွက် သက်တမ်း ၁၀၉ နှစ်ရှိပြီဖြစ်တဲ့ Aston Martin  မှာ တင်ရှိနေတဲ့ ကြွေးမြီးများကို လျှော့ချပေးနိုင်မှာဖြစ်တဲ့အပြင် မော်ဒယ်အသစ်များ ထုတ်လုပ်ဖို့အတွက် ရင်းနှီးမြှုပ်နှံနိုင်စေမှာ ဖြစ်ပါတယ်။ 

PIF က Aston Martin မှာ ရှယ်ယာဝေစု  ၁၆.၇%  ပိုင်ဆိုင်ထားပြီး ဒါရိုက်တာဘုတ်အဖွဲ့မှာ နေရာ ၂ နေရာကို ရရှိပါတယ်။ 

Aston Martin မှာ ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားသူက  Yew Tree Overseas Limited လုပ်ငန်းရှင် ဘီလျံနာ  Lawrence Stroll ဖြစ်ပါတယ်။ သူက Aston Martin  ဒါရိုက်တာဘုတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ 

ဆော်ဒီအာရေဗျ အစိုးရရဲ့  Public Investment Fund (PIF) က လျှပ်စစ်ကား ထုတ်လုပ်ရေးလုပ်ငန်း Lucid Motors မှာလည်း ရှယ်ယာများ ပိုင်ဆိုင်ပါတယ်။ 

 

ဆက်စပ်ဖတ်ရှုရန်

ကားစီးရေ တစ်သိန်း ဝယ်ယူရန် ဆော်ဒီအာ‌‌ရေဗျအစိုးရနှင့် သဘောတူညီချက် Lucid Motors ရရှိ

 

ဗြိတိန် စူပါအိမ်စီးပြိုင်ကားလုပ်ငန်းစု McLaren မှာလည်း ရှယ်ယာများ ပိုင်ဆိုင်ထားပါတယ်။ 

ဂျိန်းစဘွန်း ရုပ်ရှင်ကားတွေမှာ အဓိကနေရာမှ ပါဝင်တဲ့ ကား ဖြစ်တဲ့ Aston Martin အိမ်စီးပြိုင်ကား ထုတ်လုပ်ရေးလုပ်ငန်းက သက်တမ်း ၁၀၉ နှစ် တစ်လျှောက်မှာ ဒေဝါလီ ၇ ကြိမ် ခံခဲ့ဖူးပါတယ်။ ယခုလို ရှယ်ယာအမြောက်အမြား ဝယ်ယူလိုက်တာဟာ ရေရှည်ကာလအတွက် ရင်းနှီးမြှုပ်နှံလိုက်တာ ဖြစ်ပါတယ်။ 

ဂျာမန် ကားထုတ်လုပ်ရေးလုပ်ငန်း  Mercedes-Benz AG က ရှယ်ယာ ၉.၇% ပိုင်ဆိုင်ထားပြီး ယခင်က ရှယ်ယာ ဒုတိယ အများဆုံး ပိုင်ဆိုင်ခဲ့တဲ့ လုပ်ငန်းဖြစ်ပါတယ်။ 

"၂၀၂၀ မှာ လုပ်ငန်းကို ကျွန်တော် ရယူလိုက်တော့ ပြဿနာနွံနစ်နေလို့ ပြန်ချိန်ညှိဖို့ လိုအပ်နေခဲ့ပါတယ်" လို့  Stroll က သတင်းထောက်များကို ပြောကြားပါတယ်။ 

COVID-19 လော့ဒေါင်းနှင့် ပစ္စည်းပေးသွင်းကွင်းဆက်များ ပြတ်တောက်မှုတွေကြောင့် ကုမ္ပဏီ နာလန်ပြန်ထတာ နှေးနေခဲ့ကြောင်း သူက ပြောကြားပါတယ်။ 

အသစ်ထပ်ရတဲ့ အရင်းအနှီးမှာ တစ်ဝက်ကို အကြွေး ပေးဆပ်မှာ ဖြစ်ပါတယ်။ ၂၀၂၂ မတ်လကုန်မှာ တိုးရင်းပေါင်း ပေါင် ၉၅၇ သန်း အကြွေးတင်နေပါတယ်။ 

နာလန်ထတာ နှေးနေတာကြောင့် ကုမ္ပဏီ ငွေသား ဝင်မယ့်အချိန်ကို ၂၀၂၃ မှ ၂၀၂၄ သို့ ပြောင်းရွေ့ သတ်မှတ်ခဲ့ပါတယ်။

Aston Martin ကို ယခင်က ပိုင်ဆိုင်ခဲ့ဖူးတဲ့ အီတလီ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစု Investindustrial  နှင့် တရုတ်နိုင်ငံမှ Geely တို့က ပေါင် ၁.၃ ဘီလျံ အရင်းအနှီးထည့်ဝင်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က အဆိုပြုခဲ့တာကို ဒါရိုက်တာဘုတ်အဖွဲ့က ပယ်ချခဲ့ပါတယ်။ 

ရှယ်ယာပိုင်ရှင်များအဖြစ်ဖြင့် ခေါင်းလျှိုဝင်လာပြီး ကုမ္ပဏီနှင့် အမှတ်တံဆိပ်တို့ကို သိမ်းပိုက်ကြလိမ့်မယ်လို့ သံသယ ရှိကြတာကြောင့် အရင်းအနှီးအဆိုပြုတာကို ပယ်ချခဲ့ကြကြောင်း Stroll က ပြောကြားပါတယ်။ 

#MyanmarAutomobileGuide

https://t.me/Guid4U

Source: Reuters

($1 = 0.8446 pounds)

 

Read 2951 times