YPS ကတ် တစ်ကြိမ်ဖြတ်ကတ်စနစ် ပြောင်းလဲကျင့်သုံး


ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်ငွေပေးချေခြင်းဝန်ဆောင်မှုကတ် (Yangon Payment Services -YPS) ကို အသုံးပြုလျက်ရှိသော YBS ယာဉ်ကြီးများတွင် ကားပေါ်အတက်၌

တစ်ကြိမ်သာ ငွေဖြတ်နိုင်ရန် ဒီဇင်ဘာ ၁၄ ရက်မှ စ၍ စတင်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူးဦးလှအောင် က ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၂၅ ရက်တွင်ပြောကြားသည်။

“ခရီးသည်တွေဘက်ကလည်း ၂ကြိမ်ဖြတ်စနစ်ကို လုပ်တော့ အခက်အခဲဖြစ်တာကို တင်ပြလာတာရှိတယ်။ ဒါကြောင့် တစ်ကြိမ်ဖြတ်စနစ်ကို ဆောင်ရွက်ဖြစ်တာပါ။ ယာဉ်လိုင်းအလိုက် ကျွန်တော်တို့ ၂ကြိမ်ဖြတ်စက်တပ်ထားတဲ့ ယာဉ်တိုင်းကို YPS ကတ်တစ်ကြိမ်ဖြတ်စက်ကို ပြောင်းလဲတပ်ဆင်နေတာပါ’’ ဟု ၎င်းက ဆိုသည်။

မူလက YBSဘတ်စ်ကားပေါ်တွင် YPS ကတ်ကို အသုံးပြုရန်အတွက် ဘတ်စ်ကားပေါ်တက်သော အရှေ့တံခါးတွင် တပ်ဆင်ထားသည့် Bus Validator စက်နှင့်ကတ်ကိုတစ်ကြိမ် ထိရကြောင်း၊ ဘတ်စ်ကားပေါ်မှ ပြန်ဆင်းသည့် အခါတွင်လည်း အနောက်တံခါးတွင် တပ်ဆင်ထားသည့် Bus Validator စက်နှင့် ထပ်မံ ထိပေးရပြီး စီးနင်းခဲ့သည့် ခရီးစဉ်၏ ကျသင့်မှုနှုန်းထားကို ဖြတ်တောက်ပေးကြောင်း ၊ ယခုအခါ ၂ကြိမ် ကတ်ဖြတ်သည့် စနစ်အစား တစ်ကြိမ်ကတ်ဖြတ်သည့်စနစ်ကို ဒီဇင်ဘာ ၁၄ ရက်မှစ၍ပြောင်းလဲ တပ်ဆင်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

ရန်ကုန်ငွေပေးချေခြင်းဝန်ဆောင်မှုကတ်(YPS)ကို တစ်ကြိမ်သာ ငွေဖြတ်နိုင်ရန် အသုံးပြုခြင်းကို ဒီဇင်ဘာ ၁၄ ရက်မှစ၍ YBS 14, 38, 12, 25, 30 ယာဉ်လိုင်းများတွင် အသုံးပြုခဲ့ပြီး လာမည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ယာဉ်လိုင်းများ အလိုက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။YBS ယာဉ်လိုင်းများတွင် YPS ကတ်အသုံးပြုနိုင်သော ယာဉ်အစီးရေ ၁,၂၉၈ စီးရှိပြီး မကြာမီကာလအတွင်း ယာဉ်အစီးရေ ၁,၆၀၀ ခန့် အထိ တိုးမြှင့်သုံးစွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
(Xinhua)

Read 1071 times