YBS ယာဉ်အချို့တွင် ယာဉ်နောက်လိုက်များ ရှိလာခြင်းနှင့် ယာဉ်စီးခပိုမို တောင်းခံခြင်းများရှိလာ


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီလနောက်ပိုင်းမှ စတင်ကာ YBS ယာဉ်အချို့တွင် ယာဉ်နောက်လိုက်များ ရှိလာခြင်းနှင့် ယာဉ်စီးခ ပိုမိုတောင်းခံခြင်းများရှိလာခဲ့ကြောင်း ခရီးသွားလာသူများထံမှ သိရသည်။

ဖေဖော်ဝါရီလနောက်ပိုင်းမှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်အချို့မှာ ယခင်ကထက် ယာဉ်စီးခပိုမိုတောင်းခံခြင်းများရှိကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

YBS ယာဉ်အချို့တွင် ယာဉ်နောက်လိုက်များ လိုက်ပါလာပြီး ခရီးသွားပြည်သူများထံမှ ပိုက်ဆံပိုမို တောင်းခံခြင်းများရှိလာကြောင်း သိရသည်။

“တော်တော်များများ ဘက်စ်ကားတွေက အရင်ကထက် ပိုက်ဆံပိုကောက်တယ်။စပယ်ယာတွေလည်း ပါလာတယ်။ အရင်က ၂၀၀ ခရီးကို အခုဆို ၃၀၀ တောင်းတယ်။ အရင်က ၃၀၀ ခရီးဆို အခု ၅၀၀ တောင်း တယ်။ အရင်တုန်းက မထသ စီးတုန်းကခေတ်လို ပြန်ဖြစ်လာပြီ။ ကားခက စပယ်ယာတွေ ပါးစပ်ထဲမှာဘဲ ရှိတယ်။ ဟိုနေ့က ဆူးလေကနေ ယောက်လမ်း တစ်မှတ်တိုင်ထဲကို ၂၉ စီးတာ သုံးရာပေးလိုက်ရတယ်” ဟု ခရီးသွားပြည်သူတစ်ဦးက ပြောကြားသည်။

ယာဉ်စီးခပိုမိုတောင်းခံသည့် ယာဉ်လိုင်းအများစုမှာ  တစ်ဦးတည်းပိုင်းယာဉ်လိုင်းများဖြစ်ပြီး အများပိုင်နှင့် ကုမ္ပဏီပိုင်ယာဉ်လိုင်းများမှာ ယာဉ်စီးခပိုမိုကောက်ခံခြင်းမရှိကြောင်း သိရသည်။

“အများစုက တစ်ဦးတည်းပိုင်တဲ့ ယာဉ်လိုင်းတွေပါ။ ယာဉ်လိုင်းနံပါတ်တူချင်းတောင် တစ်ချို့ကားက ပိုက်ဆံပိုကောက်တယ်။ဥပမာ YBS 4 ဆိုရင် ကားအသစ် အဲကွန်းပါတဲ့ကားတွေက အရင်တုန်းကအတိုင်း ၂၀၀ ပဲ။ ကားအဟောင်းတွေက စပယ်ယာလည်းပါတယ်။ ပိုက်ဆံလည်း ပိုကောက်တယ်။ ပြီးတော့ ပိုက်ဆံပုံးကို ပိတ်ထားတယ်” ဟု သာကေတမြို့နယ်နေသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် တစ်ဦးတည်းပိုင်ယာဉ်လိုင်း အချို့မှ YBS 7 ၊ 31 ၊ 29 ၊ 61 ယာဉ်လိုင်းများတွင်လည်း ယာဉ်နောက်လိုက်များပါရှိလာခြင်းနှင့် ယာဉ်စီးခပိုမိုတောင်းခံခြင်းများရှိကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

“တော်တော်များများပဲ ကားခပိုတောင်းတာ။ YBS 7 ၊ 31 ၊ 29 ၊ 61 တွေ စီးဖူးတယ်။စပယ်ယာလည်းပါတယ်။ ကားခလည်း ပိုတောင်းတယ်။ YBS 7 နဲ့ 29 ထဲမှာကို ကားအဟောင်းတွေ အဲကွန်းမပါတဲ့ ကားတွေက ကားခပိုတောင်းတယ်” ဟု တာမွေမြို့နယ်နေ ပြည်သူတစ်ဦးက ပြောကြားသည်။

ယာဉ်စီးခ ပိုမိုတောင်းခံသောယာဉ်များ စပယ်ယာတင်သောယာဉ်များအား စစ်ဆေးဖမ်းဆီးရမိပါက CNG ပိတ်သိမ်းခြင်း ပြစ်ဒဏ်၊ ကာလသတ်မှတ်၍ လုပ်ငန်းလိုင်စင်ကို ယာယီရပ်ဆိုင်းခြင်း ပြစ်ဒဏ်ချမှတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီက သတင်းထုတ်ပြန်ထားသည်။

Source: news-eleven.com

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ

ယာဉ်စီးခထက်ပိုမိုတောင်းခံသည့် ယာဉ်လိုင်းများကို CNG နှင့် လိုင်စင် ယာယီရပ်ဆိုင်းမည်ဟု YRTC ကြေညာ

Read 2918 times