YBS နှင့် တက္ကဆီ များတွင် ကြော်ငြာ ကပ်ခွင့် ရပ်ဆိုင်း


YBS နှင့် တက္ကဆီများတွင် ကြော်ငြာ ကပ်ခွင့် ရပ်ဆိုင်း

ရန်ကုန်မြို့တော် သာယာ လှပရေးကို ထိခိုက်စေသည့် မြို့တော်အင်္ဂါရပ်နှင့်မညီသော ကြော်ငြာများ များပြားလာသည့် အတွက် YBS ယာဉ်များနှင့် တက္ကဆီယာဉ်များပေါ်တွင် ကြော်ငြာများ ကပ်ခြင်းကို ခွင့်မပြုတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ထံက သိရသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေ သည့် YBS ခရီးသည်တင်ယာဉ် များနှင့် တက္ကဆီအငှားယာဉ်များ ပေါ်တွင် ကြော်ငြာများ ကပ်ထားခြင်းသည် မြို့တော်သာယာလှပရေးကို ထိခိုက်စေသည့်အတွက် ကြော်ငြာ ကပ်ခြင်းများကို ဆက်လက်ခွင့်မပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားထားသောကြောင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး   ကြီးကြပ်မှုကော်မတီ (YRTC) က တစ်ဆင့် YBS ယာဉ်လိုင်း ကုမ္ပဏီများသို့ လည်းကောင်း၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ကတစ်ဆင့် တက္ကစီအငှားယာဉ် ပိုင်ရှင်များသို့လည်းကောင်း အသိပေးအကြောင်းကြားထားကြောင်း သိရသည်။

“အရင်တုန်းက YBS ယာဉ် တွေနဲ့ တက္ကဆီယာဉ်တွေပေါ်မှာ ကြော်ငြာစတစ်ကာတွေ ကပ်တာကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ကနေ ကြော်ငြာခ ကောက်ပြီး ခွင့်ပြု ခဲ့တာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ မြို့တော် အင်္ဂါရပ်နဲ့မညီတဲ့ကြော်ငြာ ကပ်ထားတာတွေ များလာတဲ့ 

အတွက်ကြောင့် YBS ယာဉ် တွေနဲ့ တက္ကဆီအငှားယာဉ်တွေ ပေါ်မှာ ကြော်ငြာတွေ မကပ်ဖို့၊ ဆက်ပြီး ခွင့်မပြုဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ညွှန်ကြားထားပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) တွင် YBS ခရီးသည်တင်ယာဉ်များနှင့် တက္ကဆီအငှားယာဉ်များကို မှတ်ပုံတင် သက်တမ်းတိုးခြင်းအတွက် မော်တော်ယာဉ်များကို စစ်ဆေးသောအခါ ကြော်ငြာများ ကပ်ထားပါက သက်တမ်း တိုးပေးမည် မဟုတ်ဟု သိရသည်။ ယခင်ကတည်းက ကပ်ထားသော ကြော်ငြာများ ရှိပါကလည်း ဖယ်ရှားပြီးမှသာ သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း သိရသည်။ 

#MyanmarAutomobileGuide 

Telegram Channel  https://t.me/Guid4U

Source: MDN

Read 5121 times