သက်တမ်းနှစ် နှစ်ဆယ် မပြည့်သေးသည့် ၁၉၉၅ မိုဒယ်မှ ၂၀၀၃ မိုဒယ်အထိ YBS မိုဒယ်နိမ့် ကားများအပ်နှံ၍ လူစီးစလစ် ထုတ်ပေးသွားရန်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် မောင်းနှင်သွားလာနေသော သက်တမ်းနှစ် နှစ်ဆယ် မပြည့်သေးသည့် ခရီးသည်တင် YBS မိုဒယ်နိမ့်ကားများဖြစ်သည့် ၁၉၉၅ မိုဒယ်မှ ၂၀၀၃ မိုဒယ်အထိ YBS ကားများကို အိုဟောင်းယာဉ်အပ်ပြီး လူစီးစလစ်ထုတ်ပေးသွားရန်ရှိကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ထံမှ သိရသည်။
ခရီးသည်တင် ၁၉၉၆ မိုဒယ်မှ ၁၉၉၈ မိုဒယ်အထိ ယာဉ်အိုယာဉ်ဟောင်းများကို အထူးစီမံချက်ဖြင့် အပ်နှံခွင့်ပေးခဲ့ပြီး ထပ်မံ၍ အိုဟောင်းပျက်စီးယာဉ်များ၊ ကြံခိုင်မှုမရှိတော့သော YBS ကားဟောင်းများကိုလည်း အပ်နှံခွင့်ပေးသွားရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံတင်ပြထားကြောင်း သိရသည်။
"စက်စွမ်းအားကျဆင်း၊ ဂျုံးဂျုံးကျနေပြီး ကြံခိုင်မှုအားနည်းတဲ့ ၁၉၉၅၊ ၂၀၀၄၊ ၂၀၀၃ မိုဒယ်အထိကားတွေကို အပ်ပြီး ကားသစ်တွေနဲ့လဲလှယ်သွားဖို့တော့ရှိတယ်။ ကားသစ်တွေနဲ့ လဲလှယ်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြထားတယ်။" ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်တိုင်းအတွင်း ပြေးဆွဲလျက်ရှိသော YBS မိုဒယ်နိမ့် ၁၉၉၆ မိုဒယ်၊ ၁၉၉၇ မိုဒယ်နှင့် ၁၉၉၈ မိုဒယ်အထိ ကားအစီးရေ ၂၉၆ စီးကို အထူးစီမံချက်ဖြင့် အပ်နှံခွင့်ပေးခဲ့ပြီး လူစီးစလစ်များထုတ်ပေးခဲ့သည်။