ရန်ကုန်မြို့ ခရီးသည်သယ်ယူပို့ဆောင်ရေးတွင် Power Eleven Company မှတာဝန်ယူပြေးဆွဲနေသည့် ခရီးသည်တင် YBS 21 ယာဉ်လိုင်းမှ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်မိခင်များ ခရီးသည်အတက်အဆင်းပြုလုပ်ရာတွင် အဆင်ပြေစေရန် low floor bus ၁၂ စီးဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း Power Eleven ကုမ္ပဏီမှ သိရပါတယ်။
လက်ရှိပြေးဆွဲနေသော ယာဉ်များသည် one step ၊ two step ယာဉ်များဖြစ်သောကြောင့် သာမန်ခရီးသွားပြည်သူများ အနေဖြင့် အဆင်ပြေနိုင်သော်လည်း သက်ကြီးရွယ်အိုများအနေနှင့် ကား၏ခြေနင်းခုံ နှစ်ဆင့် ၊ သုံးဆင့် တက်ရန်မူ အခက်အခဲရှိသောကြောင့် YBS 21 ယာဉ်လိုင်းအနေဖြင့် ဝန်ဆောင်မှု အပိုင်းများအား တိုးမြှင့်နိုင်ရန် priority seat များပါရှိသည့် disabled bus များကို ပြေးဆွဲနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ရာ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများ၊ မသန်စွမ်းသူနှင့် ကိုယ်ဝန်ဆောင်မိခင်များ အတွက်ရည်ရွယ်၍ low floor bus ၁၂ စီးဖြင့် ပြေးဆွဲရန် အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (YRTA) သို့တင်ပြထားရှိကြောင်း သိရပါတယ်။
"Power Eleven ကုမ္ပဏီက low floor bus ယာဉ်အစီးရေ ၁၂ စီးကို သက်ကြီးရွယ်အိုတွေ၊ မျက်မမြင်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ အတက်အဆင်းလုပ်ရတာ အဆင်ပြေဖို့ ပြေးဆွဲပေးဖို့ရှိတယ်။ YRTA ကို ယာဉ်လိုင်းပြေးဆွဲဖို့ တင်ပြထားတယ်။ နည်းပညာပိုင်းတွေကိုလည်း အဆင့်မြှင့်ထားတယ်။ မျက်မမြင်တွေအတွက် ရောက်ရှိတဲ့ခရီးစဉ်ကို ကြေညာပေးတာတွေ၊ နားမကြားတဲ့သူတွေအတွက် မှတ်တိုင်တွေကို TV ကနေပြတာတွေ၊ wheel chair နဲ့အတက်အဆင်းလုပ်မယ့်သူတွေအတွက် ထိုင်ခုံတွေကိုလည်း အဆင်ပြေပြေ စီစဉ်ပေးထားမှာပါ" ဟု Power Eleven ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးက ပြောကြားခဲ့ပါတယ်။
Power Eleven ကုမ္ပဏီသည် YBS 21 ယာဉ်လိုင်းတွင်ယာဉ်အစီးရေ ၈၃ စီးဖြင့် နေ့စဉ် ပြေးဆွဲလျက်ရှိရာ ခရီးသည် ၃၅,၀၀၀ ခန့် နေ့စဉ်ပို့ဆောင်၍ ဝန်ဆောင်မှုပေးနေပြီး ယခုအခါတွင် ယာဉ် ၃၅ စီးသည် ခရီးစဉ်လမ်းကြောင်းတူ၊ ယာဉ်လိုင်းနံပါတ်တူ ခေတ်သစ်ဘုရင့်နောင် ကုမ္ပဏီသို့ပြောင်းရွေ့ပြေးဆွဲပေးနေလျက်ရှိကြောင်း သိရပါတယ်။