YBS ယာဉ်အစီးရေ ၄၆၀၀ ကျော်ရှိသည့်အနက် အစီးရေ ၁၂၀၀ ခန့် အများပိုင်အဖြစ်မပြောင်းလဲနိုင်သေး


ရန်ကုန်မြို့၌ ပြေဆွဲနေသော YBS ယာဉ်အစီးရေ ၄၆၀၀ ကျော်ရှိသည့်အနက် ၁၂၀၀ ခန့်သည် အများပိုင် အဖြစ်မပြောင်းလဲနိုင်သေးကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)တွဲဖက် အတွင်းရေးမှူး ဦးလှအောင်ထံမှ သိရပါတယ်။

အများပိုင်းကုမ္ပဏီများ ဖွဲ့စည်းဆောင်ရွက်ရန်လည်း တွန်းအားပေးလုပ်ဆောင်နေပြီး အများပိုင်ကုမ္ပဏီအဖြစ် မပြောင်းလဲနိုင်သေးသည့် YBS ယာဉ်လိုင်းများကို အချိန်နှစ်နှစ်ပေး၍ ဝန်ဆောင်မှုကောင်းပေးနိုင်ခြင်းရှိ၊ မရှိကို အမှတ်ပေးစနစ်ဖြင့် စောင့်ကြည့်ခဲ့ကြောင်း၊ ဝန်ဆောင်မှုကောင်းမပေးနိုင်သည့် ယာဉ်လိုင်းများကို ယာဉ်လိုင်းအတွင်းမှထုတ်ပယ်ရန် စီမံချက်ဖြင့် စီစဉ်ခဲ့သော်လည်း ယာဉ်ပိုင်ရှင်များ၏ စားဝတ်နေရေးအခက်အခဲများ တွေ့ကြုံလာနိုင်သောကြောင့် ဝန်ဆောင်မှုကောင်းပေးနိုင်ရန်သာ ဖြည့်စွက်ညွှန်ကြားထားကြောင်း သိရသည်။

"အများပိုင်အဖြစ် မပြောင်းလဲနိုင်သေးတဲ့ယာဉ်တွေရှိနေပါတယ်။ အကြောင်းအမျိုးမျိုးရှိနေတဲ့အတွက် မူလစီမံချက်အတိုင်း မဖြစ်နိုင်သေးပါဘူး။ ပြန်ငဲ့ညှာနေရတာ တွေရှိပါတယ်။ လက်ရှိ ဘတ်စ်ကားကုမ္ပဏီ အဆင့်သွားရမယ့်အချိန်ဖြစ်ပါတယ်။ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ကိုက်ညီအောင် ဆောင်ရွက်နေပါတယ်။ ယာဉ်လိုင်းတွေအတွင်းမှာ ဝန်ဆောင်မှုကောင်းကောင်း မပေးနိုင်တဲ့ ယာဉ်တွေရှိနေပါတယ်။ သတ်မှတ်ချက်တွေ မပါဝင်တာတွေလည်း ရှိနေသေးတယ်"ဟု ဦးလှအောင်ကပြောပါတယ်။

YRTA အနေဖြင့် အများပိုင်အဖြစ် ပြောင်းလဲနိုင်ခြင်းမရှိသော ပုဂ္ဂလိကယာဉ်များကို ဝန်ဆောင်မှုမပေးနိုင်ပါက စီစစ်၍ယာဉ်လိုင်းမှထုတ်ပယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝယ်ယူထားသည့် ဘတ်စ်ကားများဖြင့် အစားထိုးဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရပါတယ်။

လကိရှိတွင် ယင်းအစီစဉ်ကို ဆောင်ရွက်မည်မဟုတ်သေးဘဲ ပုဂ္ဂလိကယာဉ်များအနေဖြင့် အများပြည်သူအား ဝန်ဆောင်မှုကောင်းများပေးနိုင်ရန် ပြန်လည်ဆောင်ရွက်နေကြောင်းနှင့် ဝန်ဆောင်မှုမပေးသည့် YBS ယာဉ်များကို ပြည်သူများက မကြာခဏတိုင်ကြားမှုများလည်းရှိကြောင်း သိရပါတယ်။

မြဝတီ

Read 423 times