YBS ယာဉ်လိုင်းများတွင် ကတ်စနစ်ကို အသုံးပြုနိုင်ရန် ဆက်လက်ဆောင်ရွက်နေဟု တာဝန်ရှိသူပြောကြား


YBS ယာဉ်လိုင်းများတွင် ကတ်စနစ်ကို အသုံးပြုနိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောကြားသည်။

YBS ယာဉ်လိုင်းများတွင် ကတ်စနစ် အသုံးပြုရန်နှင့်ပတ်သက်၍ ယခင်ကတည်းက YBS ယာဉ်လိုင်း ၄၂ ခုတွင် စက်တပ်ဆင်ပြီးသား ၁၅၉၄ ခုရှိကြောင်း၊ ထိုသို့ဆောင်ရွက်နေစဉ် COVID-19 ရောဂါများဖြစ်ပွားသဖြင့် ရပ်တန့်သွားကြောင်း၊ ယင်းနောက်အစိုးရအဖွဲ့ အပြောင်းအလဲတွင် ယခင်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Asia Starmar Transport Intelligent တို့ ဖွဲ့ထားသည့် YBS ကုမ္ပဏီမှာ ပျက်သွားပြီဖြစ်သည့်အတွက် လက်ရှိတွင် YRTC အနေဖြင့် စာချုပ်ပြန်လည်ချုပ်ဆိုရန် ဆောင်ရွက်နေကြောင်း၊ ထိုသို့ ပြန်လည်ချုပ်ဆိုသည့်စာချုပ်ကို ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ထံ ပေးပို့ထားပြီး ပြန်လည်ရောက်ရှိလာပါက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကာ အချိန်အားဖြင့် ခန့်မှန်း၍ မရကြောင်း၊ ကတ်စနစ်ဖြစ်ပေါ်လာပါက ယာဉ်စီးခပိုတောင်းသည့် ပြဿနာများလည်း ဖြေးရှင်းနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“အရင် စက်တပ်ပြီးသားရှိတယ်လေ။ စက်တပ်ပြီးသားက ၁၅၉၄ ခု။ ယာဉ်လိုင်း ၄၂ လိုင်းမှာ တပ်ပြီးသား။ အဲဒါ COVID-19 နဲ့ ပတ်သက်ပြီးတော့ အဲဒါတွေက ရပ်တန့်သွားတယ်လေ။ အဲဒီတော့ အစိုးရအဖွဲ့အပြောင်းအလဲမှာ Asia Starmar နဲ့လုပ်တာပေါ့နော်။ Asia Starmar နဲ့ YBS ကုမ္ပဏီဆိုပြီးတော့ အရင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကဖွဲ့ထားတဲ့ ကုမ္ပဏီတစ်ခုရှိတယ်လေ။ အဲဒါ ဖွဲ့တာပျက်သွားပြီ။ အဲဒါကို ကျွန်တော်တို့ အဲဒီကုမ္ပဏီအစား YRTC နဲ့ စာချုပ်ချုပ်ဖို့ လုပ်နေတယ်လေ။ စာချုပ်ချုပ်ပြီးသွားရင် ကျွန်တော်တို့ ဆက်လက်ပြီးတော့ အကောင်အထည်ဖော်မှာပါ။ အခုစာချုပ်ချုပ်ဖို့ ဆောင်ရွက်နေပါတယ်။ အခုဆက်လက်လုပ်လို့ရအောင် ကျွန်တော်တို့လုပ်နေပါတယ်။ စာချုပ်ချုပ်ပြီးမှ ဆက်လက်ပြီးတော့ အကောင်အထည်ဖော်လို့ရမှာ။ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဆီကို ပြန်လည်ချုပ်ဆိုတဲ့စာချုပ်ကို ပို့ထားပါတယ်။ အဲဒါပြန်လာပြီးလို့ရှိရင် စာချုပ်ချုပ်မယ်။ ပြီးရင် ဆက်လက်ဆောင်ရွက်မှာပါ။  အချိန်ကတော့ ဘယ်လောက်ဆိုတာတော့ ခန့်မှန်းလို့မရဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အမြန်ဆုံးလုပ်ချင်တာပါ။ ဒီဟာကတ်စနစ်ဖြစ်မှပဲ ယာဉ်စီးခပိုတောင်းတဲ့ ပြဿနာတွေ ဖြေရှင်းလို့ရမှာလေ” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောကြားသည်။

YBS ယာဉ်များတွင် ကတ်စနစ် အသုံးပြုရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က ပြုလုပ်သည့် YRTA နှစ်နှစ်ပြည့်အခမ်းအနားတွင် မိတ်ဆက်ခဲ့ကြောင်း သိရသည်။                  

ပြီးခဲ့သည့် မေလအတွင်းကလည်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ကို အသစ်ဖွဲ့စည်းခဲ့ပြီး ယခင်က ဖွဲ့စည်းထားသည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၀ ရက်တွင် YBS ယာဉ်လိုင်း ၉၅ လိုင်းမှ ယာဉ်အစီးရေ ၂၂၄၂ စီး ပြေးဆွဲလျက်ရှိပြီး ခရီးသည်သုံးသိန်းခွဲကျော် စီးနင်းခရီးသွားခဲ့ကြောင်း YRTC မှ သိရသည်။

 

news-eleven.com

Read 407 times