YBS တွင် ကတ်စနစ်ပြန်လည်အကောင်အထည်ဖော်ရန် ကြိုးပမ်းနေဟု ပြောကြား


ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ YBS ယာဉ်လိုင်းတွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ယာဉ်ပေါ်မှာ ယာဉ်နောက်လိုက် (စပါယ်ယာ) တွေ ပြန်လည်ထားရှိလာပြီး ယာဉ်စီးခတွေ ပိုတိုး ကောက်ခံတာတွေရှိလာတယ်လို့ ရန်ကုန်မြို့တွင်း သွားလာသူတွေကပြောပါတယ်။

အရင်က ယာဉ်စီးခ ၂၀၀ ကျပ် သတ်မှတ်ထားတဲ့ ယာဉ်လိုင်းတွေမှာ ယာဉ်နောက်လိုက်တွေက ၃၀၀ ကျပ်၊ ၅၀၀ ကျပ်နေ ၁၀၀၀ ကျပ် အထိ တိုးမြှင့်ကောက်ခံလာတာတွေရှိတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

ဒါတွေနဲ့ပတ်သက်လို့ မေလအတွင်းက အသစ်ပြောင်းလဲဖွဲ့စည်းထားတဲ့ ရန်ကုန်တိုင်းဒေသကြီး မြို့ပြ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) က တာဝန်ရှိသူတွေက အသွင်ယူ စောင့်ကြည့် ဖမ်းဆီးမှုတွေနဲ့ ဒဏ်ငွေတပ်တာတွေအပြင် CNG နဲ့ လုပ်ငန်း လိုင်စင်ပိတ်သိမ်းတာတွေကို တင်းကျပ်လုပ်ဆောင်ခဲ့တယ်လို့ YRTC ဘက်ကပြောပါတယ်။

"ယာဉ်စီးခပိုတောင်းတာက မထသခေတ်မှာလည်းရှိခဲ့တာပဲ။ YRTA ခေတ်မှာလည်းရှိတယ်။ YRTC ပြောင်းတော့လည်း ဒါတွေကရှိလာမှာပဲ။ အနည်းနဲ့အများပေါ့။ အခုကတော့ အရင်ထက် ပိုများလာတဲ့သဘောရှိတယ်။ Call Center တွေမှာလည်း တိုင်တန်းတာတွေ ပိုများလာတယ်။ ထိထိ ရောက်ရောက်လည်းအရေးယူနေပါတယ်။ အစက ဒဏ်ငွေ ၃သောင်းလောက်ဆိုတော့ မမှုကြဘူး။ အခုပြီးခဲ့တဲ့ ၆ ရက်နေ့မှာပဲ ၄၅ စီးလောက်ကို စီအန်ဂျီနဲ့လုပ်ငန်းလိုင်စင်ရပ်ဆိုင်းလိုက်တယ်။ YTRC အနေနဲ့တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ခရီးသွားပြည်သူတွေကို ကျေးဇူးရှင်လို သဘောထားပြီး လုပ်ဆောင်နေပါတယ်" YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ဘီဘီစီကိုပြောပါတယ်။

YRTC ကသာ ဒီလိုတင်းကျပ်မှုတွေလုပ်ဆောင်နေတယ်လို့ ပြောနေပေမယ့် ရန်ကုန်မြို့တွင်းက YBS ယာဉ်လိုင်းတွေမှာ ယာဉ်နောက်လိုက်တွေနဲ့အတူ ယာဉ်စီးခတွေပိုကောက်ခံနေတာတွေဟာ ရပ်မသွားဘဲ ဆက်ရှိကြောင်း ရန်ကုန်မြို့တွင်းသွားလာသူတွေကပြောပြပါတယ်။

" ၂၀၀ ခေတ်ဆိုတာမရှိတော့ဘူး။ အနည်းဆုံးတော့ ၃၀၀ နဲ့ ၅၀၀ ပဲ။ ပုံးထဲ ပိုက်ဆံထည့်လို့ရတဲ့ကားတွေလည်း တခါတလေတွေ့ရပါတယ်။ များသောအားဖြင့်တော့ ယာဉ်နောက်လိုက်တွေက ကားပေါ်တက်တာနဲ့ တန်းပြီးထိပ်ကတောင်းတာပဲ။ Call Center တိုင်လို့ရတယ်ဆိုတာလည်း ဖုန်းကတခါမှဆက်လို့မရဘူး။ viber ကနေ စာပို့ တိုင်လို့ရတယ်လည်းပြောတယ်" လို့ ရန်ကုန်မြို့တွင်း ပစ္စည်းသယ်ယူပို့ဆောင်ရေး(Delivery) လုပ်ကိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒီလိုယာဉ်စီးခတွေပိုမိုကောက်ခံနေတာတွေရပ်တန့်ဖို့အတွက် YRTC အနေနဲ့ Yangon Payment System ကိုပြန်လည်အကောင်အထည်ဖော်ပြီး ကတ်စနစ်နဲ့ ပြောင်းလဲဖို့ကြိုးစားနေတယ်လို့လည်း YRTC ရဲ့တာဝန်ရှိသူကပြောပါတယ်။


ဒီလို ကတ်စနစ်နဲ့ သွားဖို့လုပ်တဲ့အခါ လက်ရှိ နိုင်ငံရေးအခြေအနေအရ ဒစ်ဂျစ်တယ်ငွေကြေးစီးဆင်းမှုတွေမှာ ကြန့်ကြာနှောင့်နှေးမှုတွေနဲ့ ကြုံရတဲ့အခါ ဘယ်လိုစီစဉ်နိုင်မလဲဆိုတာနဲ့ပတ်သက်လို့ ဦးလျန်ကျင့်မန်က

" ကျွန်တော်တို့ကအပြောသမားတွေမဟုတ်ဘူး။ လက်တွေ့သမားတွေ။ အရင်ထက်ပိုတိုးတက်အောင်လုပ်မှာ။ အင်တာနက်တွေက လည်းအမြဲပိတ်လို့မရဘူး။ အရင်ထက် ပိုတိုးတက်အောင်လုပ်မှာပါ" လို့ ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) လက်ထက်မှာ ကတ်စနစ်ကို ယာဉ်အစီးအရေ ၆၀၀ ဝန်းကျင်ထိ စမ်းသပ်အသုံးပြုခဲ့ကြောင်း ထုတ်ပြန်ခဲ့တဲ့သတင်းတွေအရသိရပါတယ်။

အားနည်းချက်တွေနဲ့ ဝေဖန်မှုတွေရှိခဲ့ပေမယ့် မထသကိုဖျက်သိမ်းပြီး ယာဉ်နောက်လိုက်မပါတော့တဲ့ YBS ယာဉ်ကို ရန်ကုန်လူထုက သဘောကျခဲ့ပါတယ်။

အားနည်းချက်တွေနဲ့ ဝေဖန်မှုတွေရှိခဲ့ပေမယ့် မထသကိုဖျက်သိမ်းပြီး ယာဉ်နောက်လိုက်မပါတော့တဲ့ YBS ယာဉ်ကို ရန်ကုန်လူထုက သဘောကျခဲ့ပါတယ်။

အာဏာသိမ်းမှုဖြစ်စဉ်ပြီးတဲ့နောက်မှာတော့ YRTA ကို ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YPTC) အဖြစ် ဧပြီလထဲမှာပြောင်းလဲခဲ့ပြီး မေလမှာတော့ YRTC အဖြစ်ထပ်မံပြောင်းလဲဖွဲ့စည်းထားပါတယ်။

လက်ရှိမှာတော့ ရန်ကုန်မြို့တွင်းမှာ ယာဉ်လိုင်းပေါင်း ၉၃ လိုင်းနဲ့ ယာဉ်အစီးအရေအတွက် ၂၄၀၀နဲ့၂၆၀၀ ဝန်းကျင်ကြားမှာ ပြေးဆွဲနေပြီး နေ့စဉ်လိုက်ပါစီးနင်းသူ ၄သိန်းဝန်းကျင်လောက်ရှိတယ်လို့ YRTC က ထုတ်ပြန်ထားပါတယ်။

ဘီဘီစီ
 

Read 732 times