ဒီဇင်ဘာလတွင် YBS စီးနင်းသူဦးရေ ၅ သိန်းကျော် အထိပြန်လည်မြင့်တက်လာ


YBS ယာဉ်များအား အစီးရေ ၃၀၀၀ ကျော်အထိ တိုးချဲ့ပြေးဆွဲပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ဆင်ဟွာသို့ ဒီဇင်ဘာ ၁၉ ရက်တွင်ပြောသည်။

“မနေ့ကဆိုရင် YBS ယာဉ်လိုင်း ၁၀၆ လိုင်းမှ မော်တော်ယာဉ်အစီးရေ ၃,၀၆၄ စီးနဲ့ ခရီးသည် ၅၃၃,၁၈၃ ဦးကို သယ်ယူပို့ဆောင်ပေးခဲ့ပါတယ်။

COVID-19 ဒုတိယလှိုင်းကြောင့် ရန်ကုန်မှာ Stay at Home တွေ စလုပ်တဲ့အချိန်မှာ YBS စီးနင်းတဲ့သူတွေ ၁ သိန်းကျော်အထိ ကျဆင်းခဲ့တယ်။ ကုမ္ပဏီတွေ၊ လုပ်ငန်း တချို့ ပြန်ဖွင့်လာတော့ တဖြည်းဖြည်းပြန်များလာတာ။ နိုဝင်ဘာလမှာ ၄ သိန်းကျော်လောက်အထိ စီးနင်းသူရှိခဲ့တယ်။

အခုဒီဇင်ဘာ မှ ၅ သိန်းကျော်အထိ ပြန်များလာတယ်။ ကျွန်တော်တို့အနေနဲ့ ခရီးသည်အရေအတွက်အပေါ်လိုက်ပြီး မော်တော်ယာဉ်တွေ တိုးချဲ့ ပြေးဆွဲပေးနေပါတယ်’’ ဟု ၎င်းကဆက်ပြောသည်။

ခရီးသည် ၄သိန်းကျော် စီးနင်းသည့်အချိန်တွင် YBS ယာဉ်ပေါင်း ၂၀၀၀ ကျော်ပြေးဆွဲခဲ့ပြီး ယခု ခရီးသည် ၅ သိန်းကျော်ပြေးဆွဲသည့်အချိန် တွင် YBS ယာဉ်ပေါင်း ၃၀၀၀ ကျော်အထိ တိုးချဲ့ပြေးဆွဲပေးလျက်ရှိကြောင်း၊

ခရီးသည်ထပ်တိုးလာပါက မော်တော်ယာဉ်များအား ထပ်မံတိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ဒီဇင်ဘာ ဒုတိယပတ်တွင် YBS စီးနင်းသူ ၅၀၄,၀၀၀ ဦးရှိခဲ့ကြောင်း သိရသည်။

(Xinhua)

Read 388 times