သန်လျင်မြို့နယ် အရှေ့ပိုင်းတက္ကသိုလ်တာဝမှ ရန်ကုန်ပန်းဆိုးတန်းမှတ်တိုင်ထိ နေ့စဉ်ပြေးဆွဲလျက်ရှိသော အများပိုင် ဝိုင်ဘီ အက်စ် (၃၁) ယာဉ်လိုင်းက
ခရီးသည် စီးနင်းခ တိုးမြှင့်ကောက်ခံနေကြောင်း စီးနင်းသူများထံက သိရသည်။
အဆိုပါ အများပိုင် ဝိုင်ဘီအက်စ်(၃၁) ယာဉ်လိုင်းက ခရီးသည်များထံမှ စီးနင်းခ နှုန်းထားများကို တစ်ဦးလျှင် ၃၀ဝ ကျပ်ဖြင့် ကောက်ခံလျက်ရှိပြီး၊ ညနေ ၅ နာရီနောက်ပိုင်းတွင် ၅၀ဝ ကျပ်နှုန်းဖြင့် နှစ်မျိုးခွဲခြားကာ ကောက်ခံလျက်ရှိကြောင်း သိရသည်။
လက်ရှိ ခရီးသည်များက ကိုယ်တိုင်ကိုယ်ကျ စီးနင်းခငွေကြေးများကို Cash Box အတွင်း ထည့်သွင်းခံခြင်း မပြုဘဲ ငွေပုံးများကို တိတ်များဖြင့် ပိတ်ထားပြီး၊ ဝိုင်ဘီအက်စ်(၃၁) ယာဉ်လိုင်းတစ်စီးလျှင် စပယ်ယာ အနည်းဆုံး နှစ်ဦးမှ သုံးဦးအထိ လိုက်ပါပြီး လက်အရ ငွေကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၇ ခုနှစ် သြဂုတ် ၈ ရက်မှစတင်ပြီး YBS ယာဉ်လိုင်းပေါင်းစုံတွင် ယာဉ်နောက်လိုက် စပယ်ယာများ မထားရှိဘဲ Cash Box အတွင်း စီးနင်းသူ ခရီးသည်များ ကိုယ်တိုင်ထည့်သွင်းခြင်းဖြင့် ရှေ့တံခါးပေါက်တက်၍ နောက်တံခါးက ဆင်းကြခြင်းဖြင့် ကူညီဆောင်ရွက်ပေးရန် YRTA က ညွန်ကြားခဲ့သည်။
သန်လျင်-ရန်ကုန် ဝိုင်ဘီအက်စ်(၃၁) ယာဉ်လိုင်းသည် COVID-19 ဒုတိယလှိုင်း စတင်ဖြစ်ပွားချိန်ကာလက စီးနင်းသူနည်းပါးသော်လည်း လက်ရှိခရီးသည်များ ပုံမှန်အတိုင်း ထိုင်ခုံအပြည့် လူအပြည့်စီးနင်းလျက်ရှိရာ ဈေးနှုန်းပိုမို တိုးမြှင့်ကောက်ခံနေခြင်းကြောင့် နေ့စဉ်ခရီးသည်များနှင့် စပယ်ယာများကြား အငြင်းပွားမှု ဖြစ်ပေါ်ချိန်တိုင်း စပယ်ယာများက ရိုင်းပြစွာ ဆက်ဆံခြင်း ခံနေရသည်။
ထိုသို့ ခရီးစဉ်ခ တိုးမြှင့်ကောက်ခံနေခြင်းများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် ကြီးကြပ်မှုအာဏာပိုင်အဖွဲ့(YRTA) မှ အများပိုင် ဝိုင်ဘီအက်စ်(၃၁) ယာဉ်လိုင်းအား အမြန်ဆုံး တာဝန်ယူ ကြပ်မတ်ဆောင်ရွက်ပေးစေလိုကြောင်း စီးနင်းသူခရီးသည်များက တောင်းဆိုခဲ့ကြောင်း သိရသည်။