Yaw Rate Sensor အကြောင်း


မော်တော်ကားပြဿနာတချို့နဲ့ ပတ်သက်တဲ့ ဆင်ဆာ ၁ မျိုး အကြောင်းကို ဖော်ပြပေးသွားပါမယ်။

ဒီဆင်ဆာဟာ ပျက်ခဲပေမယ့် ပျက်ရင်လည်း အတော်လေး ပြဿနာရှာတဲ့ ဆင်ဆာတစ်ခုပါ။ သူ့ဟာသူ မပျက်တတ်ပေမယ့် သူနဲ့ ဆက်စပ်နေတဲ့ ဆင်ဆာတွေ စနစ်တွေမှာ ကြိုးပြတ်တာတို့ ဆင်ဆာ ပျက်တာတို့ ကြုံရင် ဒီဆင်ဆာနဲ့ ပတ်သက်တဲ့ကုဒ်တွေလဲ ထွက်လာပါတယ်။

ဒီဆင်ဆာအကြောင်း မပြောခင်မှာ Yawing Movement အကြောင်းလေး အရင်ပြောချင်ပါတယ်။ Yawing ဆိုတာ ကားရဲ့ Z Body Axis ကို ဗဟိုပြုပြီး လည်တဲ့ စက်ဝိုင်းပုံစံ လှုပ်ရှားမှုကို ပြောတာပါ။ အထူးသဖြင့် လေယာဉ်တွေမှာ အသုံးများပါတယ်။ ကားမှာလည်း ဘီးချော်သွားတဲ့အခါ စလစ်ဖြစ်သွားတဲ့အခါမျိုးမှာ ကားဟာ ပတ်ချာလည်သွားတဲ့ အခြေအနေတွေရှိပါတယ်။ ဒါဟာ ကားရဲ့ တည်ငြိမ်မှုပျောက်ဆုံးသွားခြင်းပါ။ ကားရဲ့ အလယ်ခေါင် (များသောအားဖြင့် ဟန်းဘရိတ် ရှိတဲ့ နေရာနားကို) ကို ဗဟိုပြုပြီး စက်ဝိုင်းပုံစံလည်တာကို Yawing Movement လို့ဆိုလိုပါတယ်။

ကားမှာတပ်ထားတဲ့ Yaw Rate Sensor ဟာ Gyroscopic ပစ္စည်းအမျိုးအစားဖြစ်ပြီး ကားရဲ့ ဦးတည်ရာ Direction နဲ့ ကားအမှန်တကယ် ရွေ့လျားတဲ့ Direction ၂ ခုကြား ထောင့်ကို တိုင်းတာပါတယ်။ အဲ့ဒါကို Slip Angle ဘီးချော်တဲ့ထောင့်လို့ သတ်မှတ်ပါတယ်။ Yaw Rate Sensor ဟာ လျှပ်စစ်ဆားကစ်လေးတစ်ခုဖြစ်ပြီး ကားရဲ့ ECU ထဲမှာ (သို့မဟုတ်) ကားဒက်ရှ်ဘုတ်ရဲ့ အောက်မှာ ထည့်ထားပါတယ်။ ကားသက်တမ်းကြာသလောက် အသုံးခံအောင် ထုတ်ထားတဲ့ Yaw Rate Sensor ဟာ ပျက်ခဲပါတယ်။ များသောအားဖြင့် Yaw Rate Sensor နဲ့ ဆက်စပ်နေတဲ့ တခြား ဆင်ဆာတွေ ပျက်တာကြောင့် ဖြစ်တဲ့ ပြဿနာများပါတယ်။ တကယ်လို့ Yaw Rate Sensor မှာ ပြဿနာရှိတယ်ဆိုရင် Engine Warning Light, ABS Warning Light စသဖြင့် အချက်ပြမီးတွေလင်းမှာပါ။ နောက်ပြီး Scan Tool နဲ့ တိုင်းကြည့်တဲ့အခါ U0123 လိုမျိုး ကုဒ်တွေပေါ်နေတတ်တယ်။

Yaw Rate Sensor ဟာ Degrees per second (တစ်စက္ကန့်မှာ ဘယ် နှ ဒီဂရီ လည်သလဲ) ဆိုတဲ့ အချက်နဲ့ တိုင်းတာပါတယ်။ ဥပမာ - ကားဟာ ၂ စက္ကန့်အတွင်း ၉၀ ဒီဂရီလည်သွားတယ်ဆိုရင် Yaw Rate Sensor မှာ 45 Degrees per second ဆိုပြီး ပြနေလိမ့်မယ်။ အလွယ်ဆုံးသော စမ်းသပ်မှုက Yaw Rate Sensor ကို လက်ထဲထည့်ပြီး လှည့်ကြည့်လိုက်၊ Scan Tool ကနေ ဒီဂရီပြောင်းသွားတာကို ပြနေရင် ဆင်ဆာကောင်းပါတယ်။

များသောအားဖြင့် Yaw Rate Sensor ရဲ့ ပြဿနာက Communication Fault တွေပါ။ Yaw Rate Sensor နဲ့ တခြား ဆင်ဆာတွေကြားဆက်သွယ်ထားတဲ့ Bus Line တွေပျက်လို့ ဖြစ်တတ်တဲ့ ပြဿနာများပါတယ်။ ဒါကြောင့် Yaw Rate Sensor နဲ့ ပတ်သက်တဲ့ ကုဒ်တွေထွက်လာရင် Bus Line Check ကို မဖြစ်မနေလုပ်သင့်ပါတယ်။


ကားရဲ့ ECU (သို့မဟုတ်) Skid Control ECU စတဲ့ ECU တွေလဲတဲ့အခါမှာပဲဖြစ်ဖြစ်၊ Speed Sensor, Deceleration Sensor စတဲ့ ဘရိတ်၊ ကားအောက်ပိုင်းနဲ့ ပတ်သက်တဲ့ ဆင်ဆာတွေ လဲတဲ့အခါမှာပဲဖြစ်ဖြစ် Yaw Rate Sensor ကို Reset (သို့) Initialize ပြန်လုပ်ဖို့ လိုအပ်ပါတယ်။ မလုပ်ရင် VSC မီးတွေ TRC မီးတွေ လင်းနေတတ်ပါတယ်။

လုပ်ပုံလုပ်နည်းကတော့ ABS Menu ထဲကိုဝင်ပါ။ အဲ့မှာ Clear Raw Rate (or) Zero Point Calibration ဆိုတာကို ရွေးပါ။ အဲ့မှာ Step ၃ ခုရှိမယ်။ အလိုအလျောက် သူ့ဟာသူ လုပ်သွားလိမ့်မယ်။ ကိုယ်က OK တွေ ရွေးပေးရုံပဲ။ တစ်ခုတော့ရှိတယ်။ IG On ပြီး Shift lever ကို P Position မှာ ထားဖို့တော့လိုတယ်။

တကယ်လို့ Zero Point Calibration လုပ်တာတောင် Warning Light မပျောက်သေးဘူးဆိုရင် ABS Menu ထဲက Mode Change Menu ကနေ နောက်ထပ် Clear လုပ်ဖို့ လိုလိမ့်မယ်။ Mode Change ထဲကို ဝင်၊ Ok တွေ Yes တွေချည်းပဲ ဆက်တိုက်နှိပ်သွား။ အဲ့လိုလုပ်နေချိန်မှာ Warning Light တွေက မှိတ်တုပ် မှိတ်တုပ် ဖြစ်နေရမယ်။ မဖြစ်ရင် အစက ပြန်လုပ်ရမယ်။

C1234 Yaw rate sensor malfunction

ဒီကုတ်က ကားရဲ့ ဘရိတ်စနစ်နဲ့ အဓိကသက်ဆိုင်ပါတယ်။ အဓိပ္ပါယ်ကတော့ Yaw rate sensor ဆိုတဲ့ ဆင်ဆာချို့ယွင်းနေတာပါ။ Why - ကားရဲ့ Skid Control ECU နဲ့ ဒီဆင်ဆာကိုချိတ်ဆက်ထားတဲ့ CAN Bus လိုင်းတစ်ခုရှိတယ်။ ဒီ CAN Bus လိုင်းထဲမှာရှိရမယ့် ဗို့အား ထက်များနေရင် သို့မဟုတ် နဲနေရင် Skid Control ECU ကဒီလိုမျိုးကုတ်တွေကိုဖော်ပြပါတယ်။ ကားရဲ့ Skid Control ECU က Yaw Rate Sensor ကနေပို့တဲ့ Signal ကိုယူပြီး ကားရဲ့တည်ငြိမ်မှုကိုထိန်းချုပ်ပါတယ်။ ကားမတိမ်းမှောက်အောင်၊ ကားလမ်းမလည်ထွက်အောင် လုပ်တဲ့နေရာမှာ ဒီ Yaw Rate Sensor ကိုသုံးပါတယ်။ Yawing ကို တိုင်းတာခြင်းဖြစ်ပါတယ်။ ပုံမှာလည်း ရှင်းပြထားပါတယ်။


ချို့ယွင်းမှုကိုပြင်ဆင်ဖို့ Multimeter ကောင်းကောင်းတစ်လုံးနဲ့ Troubleshooting ဖော်ပြထားတဲ့ Diagnostic Tester တစ်ခုလိုပါတယ်။ အကြမ်းအားဖြင့်

၁။ ဝါယာကြိုးတွေကိုစစ်ရမယ်။

၂။ ဆင်ဆာတပ်ထားတာ ပုံစံမှန်မမှန်စစ်ဆေးရမယ်။

၃။ Troubleshooting မှာပြထားတဲ့အတိုင်း ဆင်ဆာကမကောင်းတာလား၊ Skid Control ECU ကမကောင်းတာလား စစ်ဆေးရပါမယ်။

Read 1415 times