ရန်ကုန် မြဝတီ လမ်းမကောင်းလို့ ကုန်ကားတွေပိတ်


ချဥ်းကပ်လမ်းပိုင်း ပျက်နေလို့ ကုန်ကားတွေ အတက်အဆင်း ကြန့်ကြာနေပါတယ်။
မြ၀တီ နယ်စပ် ဂိတ်မှာ ကုန်ကားတချို့ပိတ်နေပေမယ့် ကုန်ကားသေးနဲ့ လူစီးကားတွေ သွားလာနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ကူးစက်မှု တိုးလာတဲ့ဇူလိုင်လဆန်းကစလို့ နယ်စပ်ကုန်သွယ်ရေးစခန်း တွေ အားလုံးနီးပါး ပိတ်ထားရပြီး မြဝတီ နယ်စပ်ဂိတ်တစ်ခုသာ ဖွင့်ထားနိုင်ခဲ့ပါတယ်။

တရုတ်မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက ကုန်သွယ်ရေးစခန်းဖြစ်တဲ့ မူဆယ်နယ်စပ်ဂိတ်တွေ ပိတ်ထားလိုက်တဲ့အတွက် ကုန်ကားအများစုဟာ မြဝတီလမ်းဘက်ပြောင်းလာ ကြသလို ထိုင်းဖက်ကနေ သစ်သီးတွေ မြေဆီကျောက်ပြားနဲ့ စက်ပစ္စည်း တချို့တင်သွင်းတာတွေရှိနေပြီး မြန်မာဘက်အ ခြမ်းကတော့ ပြောင်းတွေ အဓိကတင်ပို့နေတာ ဖြစ်ပါတယ်။

မြဝတီမြို့ကနေ ရန်ကုန် ဘားအံကို လာတဲ့ လမ်းမှာ လမ်းပျက်စီးမှု တွေရှိနေတဲ့ အတွက် ကုန်တင်ကားတွေဟာ ညအိပ်စောင့်ဆိုင်းနေရတယ်လို့ ကုန်ကားမောင်းသူ တချို့က ပြောပါတယ်။

တချို့ ကားတွေဆို ၂ ညအိပ် လောက် အထိ စောင့်ဆိုင်းနေရတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

မြဝတီကနေ မိုင် လေးဆယ်လောက် ဝေးတဲ့ ကျုံဒိုးမြို့အထွက်နားက စလို့ ကုန်ကားကြီးတွေ တန်းစီ စောင့်ဆိုင်းနေရတယ်လို့ ကုန်ကား မောင်းသူတွေက ပြောပါတယ်။

သြဂုတ်လ ၁၅ရက် မနက်အထိ အဲဒီနားမှာ တန်းစီစောင့်ဆိုင်းနေရတဲ့ ကားအရေအတွက် အဆင်းရော အတက်ကားပါ ပေါင်းရင် အစီးရေ ၂၀၀ ကျော်ရှိတယ်လို့ ကုန်ကားမောင်းသမားတွေက ဆိုပါတယ်။

မိုးရွာသွန်းမှု များတဲ့အတွက် တစ်မိုင်နီးပါးလောက်ရှည်တဲ့ ချဥ်းကပ်လမ်းပိုင်းပျက်နေတာကြောင့် ကုန်ကားတွေ အတက်အဆင်း ကြန့်ကြာနေရတာ ဖြစ်ပါတယ်။

တစ်ခါတစ်လေ လမ်းပျက်တဲ့အပိုင်းမှာ ကုန်ကားတွေနစ်နေရင် ပိုကြန့်ကြာတယ်လို့လဲ ကားသမားတစ်ဦးက ပြောပါတယ်။

အခုလို ရန်ကုန်မြဝတီလမ်းမှာ ကုန်ကားကြီးတွေ ကြန့်ကြာနေတဲ့အတွက် ကုန်ကျစရိတ်တွေတိုးလာပြီး ကုန်ဈေးနှုန်းတွေ တက်လာစေတယ်လို့ မြဝတီဒေသခံ ကုန်သည်တဦးက ပြောပါတယ်။

အခုလိုကုန်ကားကြီးတွေ လမ်းပျက်လို့ ညအိပ်စောင့်နေရပေမဲ့ ခရီးသည်တင်ကားနဲ့ ကားသေးတွေကတော့ စောင့်စရာမလိုဘဲ တံတားပေါ်က သွားလာနိုင်တယ်လို့ သိရပါတယ်။

ဘီဘီစီ
 

Read 1386 times