ကားသစ်၊ ကားဟောင်းမခွဲခြားဘဲ ဧပြီ ၁ ရက်မှစ၍ COE စနစ်ဖြင့် ရန်ကုန်လိုင်စင် ပြန်လည် ခွင့်ပြုပေးမည်ဖြစ်ကြောင်း ကားလုပ်ငန်းရှင်များများထံမှ သိရပါသည်။
ရန်ကုန်မြို့၏ ယာဉ်ကြောကြပ်တည်းမှုကို ထိန်းချုပ်ရန်အတွက် ၂၀၁၆ ခုနှစ်၊ ဧပြီလမှ စ၍ ဖရီးပါမစ်ဖြင့် ကားများ တင်သွင်းရာတွင် ရန်ကုန်လိုင်စင်ပါမစ် ခွင့်ပြုပ်ရေးခြင်းကို ရပ်ဆိုင်းခဲ့ပြီး ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် CKD၊ SKD ကားများကိုသာ ယာဉ်ပိုင်ရှင်ဆန္ဒအရ ရန်ကုန်လိုင်စင် ခွင့်ပြုပေးခဲ့ပါသည်။
ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခွင့်ကို တစ်နှစ်ကျော်ကြာ ရပ်ဆိုင်းထားပြီးနောက် COE စနစ်ဖြင့် ပြန်လည်ခွင့်ပြုပေးဖွယ်ရှိကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် တင်သွင်းဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) မှ သိရပါသည်။
ကားသစ်ကားဟောင်းမခွဲဘဲ ရန်ကုန်လိုင်စင်နှင့် ကားတင်သွင်းခွင့်ပေးမည့်ကိစ္စနှင့် ပတ်သတ်၍ အခမ်းအနားတစ်ခုတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၁၈ ခုနှစ်၊ ဧပြီ ၁ ရက်မှ စပြီး COE စနစ်ဖြင့် ရန်ကုန်လိုင်စင် ပါမစ်များကို အခွန်နှုန်းထားတစ်ခုနှင့် ပြန်လည်ခွင့်ပြုပေးမည်ဟု ပြောကြားခဲ့ပါသည်။
မကြာသေးမီက UMFCCI တွင် ကျင်းပခဲ့သော အစည်းအဝေးတွင်လည်း ထိုကိစ္စနှင့်ပတ်သတ်၍ နောက်တကြိမ်ပြောကြားခဲ့သည့်အတွက် ရန်ကုန်လိုင်စင် ပြန်လည်ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း MAMDA အသင်းဥက္ကဋ္ဌ ထံမှ သိရပါသည်။
ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခွင့်များ ရပ်ဆိုင်းထားချိန်တွင် ကားဟောင်းစလစ်လိုအပ်ချက်မှာ မြင့်မားနေပြီး ရန်ကုန်လိုင်စင် ပြန်လည်ခွင့်ပြုပေးမည်ဆိုပါက စလစ်စျေးများ ကျပ်သိန်းတစ်ရာအောက်အထိ ကျဆင်းသွားဖွယ်ရှိကြောင်း ကားတင်သွင်းသူများက ခန့်မှန်းထားကြပါသည်။
လက်ရှိအချိန်တွင် ရန်ကုန်လိုင်စင်ရယူလိုသည့် Brand New Showroom ကားများနှင့် ၂၀၁၇ ခုနှစ်အတွင်း တင်သွင်းထားသည့် Consignment ကားများကြောင့် စလစ်စျေးမှာ သိသိသာသာ ကျဆင်းသွားခြင်းမရှိဘဲ သိန်း ၁၂၀ ဝန်းကျင်တွင် စျေးငြိမ်နေပြီး ရန်ကုန်လိုင်စင်ခွင့်ပြုပေးမည်ဆိုပါက စလစ်စျေးမှာ လက်ရှိပေါက်စျေးထက် ကျပ်သိန်း နှစ်ဆယ်မှ သုံးဆယ်ကြား ကျဆင်းသွားဖွယ်ရှိကြောင်းလည်း ကားတင်သွင်းသူများ၏ သုံးသပ်ချက်များအရ သိရပါသည်။