ရန်ကုန်မြို့တွင်းမြို့ပြင် ဝင်ထွက်သွားလာနေသည့် ကုန်တင်ယာဉ်များတွင် GPS စက်များယခုနှစ်မှအတွင်း မဖြစ်မနေတပ်ဆင်ရမည်ဖြစ်ကြောင်း YRTA မှ သိရသည်။
“ကုန်တင်ယာဉ်တွေ မောင်းနှင်တဲ့အခါမှာ အရှိန်နဲ့မောင်းနှင်တဲ့အပြင် တိုက်မိတဲ့အခါမှာလည်း ယာဉ်ကိုထားခဲ့ပြီး ထွက်ပြေးတာတွေရှိတဲ့အတွက် တိုက်ခံရတဲ့သူတွေအနေနဲ့ နစ်နာမှုတွေရှိလာတယ်။
အကယ်၍ GPSသာ တပ်ထားမယ်ဆိုရင် ယာဉ်ရဲ့တည်နေရာကို သိရှိနိုင်မဲ့အပြင် အရှိန်ပြင်းမောင်းနှင်မှု ရှိမရှိကိုလည်း အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်မှာပါ” ဟု YRTA မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများနှင့် ကျောင်းကားများတွင် GPS တပ်ဆင်အသုံးပြုလျက်ရှိပြီး ကုန်တင်ယာဉ်များတွင် မဖြစ်မနေတပ်ဆင် အသုံးပြုရန် ကုန်တင်ယာဉ်အသင်းများနှင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့တွင်းယာဉ်ကြောကျပ်တည်းမှုကို အထောက်အကူပြုရန် ယခင်နှစ် မေလ၂၅ရက်နေ့မှ စတင်၍ ကုန်သေတ္တာယာဉ်နှင့် ကုန်တင်ယာဉ်များသည် ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်းတို့တွင် အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် အချိန်များသတ်မှတ်ခဲ့ကြောင်း သိရသည်။
ယခုအခါတွင် ရန်ကုန်မြို့တွင်းသို့ နေ့စဉ်ဝင်ထွက်သွားလာနေသည့် ကုန်တင်ယာဉ်များမှာ တစ်ရက်လျှင် အစီးရေ ၅၀၀၀ ခန့် သွားလာလျက်ရှိကြောင်း သိရသည်။